ယခုသီတင်းပတ်ကုန်များတွင် အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများ ပေါ်ပေါက်နိုင်သဖြင့် ထိုင်းနေပြည်တော်မှာ အရေးပေါ် တပ်လှန့်ထားသည်။ ဘန်ကောက်နှင့် ပတ်ဝန်းကျင် ဒေသများတွင် ကြာသပတေးနေ့မှ စတင်၍ ၁ဝ ရက်ကြာ အထူးလုံခြံုရေး စီမံမှုများ ပြုလုပ်ထားသည်။ စစ်အာဏာသိမ်းမှု ပြုလုပ်နိုင်သည်ဆိုသော ကောလာဟလများ ထွက်ပေါ်နေချိန်တွင် ရဲ ၅ သောင်းကျော်နှင့် လုံခြံုရေးတပ်များကို ဥပဒေစိုးမိုးရေးအတွက် အသုံးပြုမှာဖြစ်သည်။
ထိုင်းအစိုးရ၊ နိုင်ငံခြားသံတမန်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ အားလုံးက ယခုသီတင်းပတ်ကုန်တွင် ရာထူးမှ ဖြုတ်ချခံရသော ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ်ထရာကို ထောက်ခံသော သန်းနှင့်ချီသော အနီရောင် ရှပ်အင်္ကျီဝတ်များကို မြို့တော်လမ်းမများပေါ် ချီတက်ဆန္ဒပြအောင် ရည်ရွယ် ထားသည့်အတွက် အကြမ်းဖက်မှုများ ပေါ်ပေါက်လာနိုင်သည်ဟု သတိပေးထားကြသည်။
အကဲဆတ်လှသည့် အခြေအနေမှသည် ထိန်းမနိုင် သိမ်းမရဖြစ်မှာကို လေ့လာသုံးသပ်သများ စိုးရိမ်နေကြသည်။
”ဒီနိိုင်ငံဟာ တကယ့်ကို အဆက်မပြတ် တမျိုးပြီးတမျိုးဖြစ်နေတော့တာ” ဟု နော့ကယ်ရိုလိုင်းနား တက္ကသိုလ်မှ ထိုင်းရေးရာကျွမ်းကျင်သူ ပါမောက္ခ Kevin Hewison က ပြောသည်။
”လူတသန်းလောက် မဟုတ်ရင်တောင် ထောင်ပေါင်း ထောင်နဲ့ချီတဲ့ ဒေါသထွက်နေတဲ့ ရှပ်နီတွေက အရှေ့မြောက်ဒေသကို ဦးတည်သွားနေကြတာဆိုတော့ နှစ် ၂ဝ အတွင်း ထိုင်းနိုင်ငံမှာ အကြီးဆုံး ဆန္ဒပြပွဲ ဖြစ်လာလိမ့်မယ်။ တကယ်လို့များ ပွဲစီစဉ်သူတွေ မထိန်းနိုင်ရင်တော့ ဘန်ကောက်တော့ ပြာကျတော့မှာပဲ” ဟု သူက ဆိုသည်။
လက်နက်ကိုင် စစ်သားအုပ်စုလေးများက စီးပွားရေးအချက်အခြာကျ ဒေသများတွင် ကင်းလှည့်နေကြပြီး၊ အဓိကကျသော လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းကြီးများ၊ မြေအောက်နှင့် မိုးပျံရထားဘူတာရုံများကို မျက်ခြေမပြတ် စောင့်ကြည့်နေသည်။ စစ်သားများ တင်ဆောင်ထားသော ထရပ်ကားကြီးများက မြို့တော်၏ အချက်အခြာကျသော နေရာများတွင် နေရာယူထားကြသည်။ ပုဂ္ဂလိက လုံခြံုရေးအစောင့်များက စျေးဝယ်ကုန်တိုက်ကြီးများ၏ အဝင်များတွင် စျေးဝယ်များကို ပိိုုမိုကြပ်မတ် ရှာဖွေလျက်ရှိသည်။
အကြမ်းဖက်မှုများ ပေါ်ပေါက်မှာစိုး၍ လူအများနှင့် ပတ်သက်သော ပွဲလမ်းလုပ်ငန်းဆောင်တာ အများအပြား ရက်နောက်ဆုတ်တာမျိုး သို့မဟုတ် ဖျက်လိုက်တာမျိုး ပြုလုပ်ထားကြသည်။ အနည်းဆုံး ထိုင်းပရီးမီးယားလိဂ် ဘောလုံးပွဲ ၃ ပွဲကို ရက်ရွှေ့လိုက်သည်။ အရေးကြီးသော ယနေ့စတင်မည်ဖြစ်ပြီး ၃ ရက်ကြာ ကျင်းပရန် စီစဉ်ထားသော ပညာရေးပွဲတော်မှာ ကလေးများနှင့် မိဘများ၏ လုံခြံုရေးကြောင့် တလနောက်ဆုတ်လိုက်သည်။ ဝန်ကြီးချုပ် အဘီဆစ်ကိုယ်တိုင် မိန့်ခွန်း တက်ပြောမည့် လူမှုရေးပွဲတခုပါ အကန့်အသတ်မရှိ ရက်ရွှေ့လိုက်သည်။
ဘန်ကောက်မြို့လယ်မှာရှိသော ကျောင်းများနှင့် တက္ကသိုလ်များကို ပိတ်လိုက်ပြီး စျေးဝယ်စင်တာများလည်း ပိတ်ထားကြသည်။
”မြို့ကို ပိတ်ပစ်လိုက်ဖို့ ကျနော်တို့ စီစဉ်ထားတယ်” ဟု ရှပ်နီအဖွဲ့မှ နို်င်ငံတကာ ပြောရေးဆိုခွင့်ရှိသူ Sean Boonpracong က သတင်းထောက်များကို ပြောသည်။ ”ငြိမ်းငြိမ်းချမ်းချမ်းတော့ ဆန္ဒပြမှာပါ” ဟူ သူက ထပ်ပြောသည်။
ရှပ်နီများက ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ် ပြုလုပ်ရန် တောင်းဆိုထားသည်။ ” (ဝန်ကြီးချုပ်) အဘီဆစ်အနေနဲ့ ပါလီမန်ကို ဖျက်မလား၊ ကျနော်တို့ တော်လှန်ရေးကို ဖိနှိပ်မလား” ဟု ရှပ်နီခေါင်းဆောင် နောက်တဦးဖြစ်တဲ့ Jaran Ditapichai က မဇ္ဈိမကို မကြာသေးခင်က ပြောသည်။ ဒါကတော့ ဆန္ဒပြပွဲ၏ ရည်ရွယ်ပင် ဖြစ်ပေသည်။
ရှပ်နီများသည် ၂ဝဝ၆ ခုနှစ်က စစ်အာဏာသိမ်း၍ ဖြုတ်ချခံလိုက်ရသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို ထောက်ခံသူများ ဖြစ်သည်။ သက်ဆင်သည် အာမခံဖြင့် နေရင်းက ၂ဝဝ၈ ခုနှစ်တွင် နိုင်ငံခြားသို့ ထွက်ပြေးသွားပြီးနောက် ဒူဘိုင်းတွင် အခြေချနေသည်။ ဝန်ကြီးချုပ်ဖြစ်စဉ်က အာဏာအလွဲသုံးစားမှု ကျူးလွန်ကြောင်း နောက်ပိုင်းတွင် တွေ့ရှိရပြီး ထောင်ဒဏ် ၂ နှစ် မျက်ကွယ် အမိန့်ချမှတ်ခဲ့သည်။ အာဏာပိုင်များက ထိမ်းချုပ်ထားခဲ့သော သူပိုင် ဒေါ်လာ တစ်ဘီလီယံကျော်ကို လွန်ခဲ့သည့် နှစ်ပတ်ကျော်က စွန့်လွှတ်လိုက်ရပြီးနောက် ရှပ်နီအုံကြွမှု ဖြစ်လာခဲ့သည်။
ဝန်ကြီးချုပ် အဘီဆစ်က လူထုကို စိတ်အေးသက်သာရှိစေရန် ပန်ကြားလိုက်သည်။ ” လူထုကြီးအနေနဲ့ မထိတ်လန့်ကြပါနဲ့” ဟု ဗုဒ္ဓဟူးနေ့က ပြုလုပ်သော ထိုင်းရုပ်မြင်သံကြား အင်တာဗျူးတွင် ပြောကြားသွားသည်။ အာဏာရှင်ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီအတွက် ညီညွတ်သောတပ်ဦး (UDD) သို့မဟုတ် ရှပ်နီများ၏ အန္တရာယ်နှင့် ပတ်သက်၍ ထောက်လှမ်းရေး အစီရင်ခံစာများကို အခြေခံပြီး အစိုးရက သတိပေးမှု လွန်ခဲ့သည့် ရက်များကပင် ထုတ်ပြန်ခဲ့သေးသည်။
ယခုသတင်းပတ်အစောပိုင်းက ဘဏ္ဍာရေးဝန်ကြီး Korn Chatikananij က စီးပွားရေးလုပ်ငန်းရှင်များနှင့် သံတမန်များကို အမေရိကန် ကုန်သွယ်ရေးချိန်ဘာတွင် ညစာဖြင့် တည်ခင်းဧည့်ခံရာတွင် နို်င်ငံရေးအခြေအနေမှာ ထိလွယ်ရှလွယ် အနေအထားမှာပင် ရှိနေသေးသည်ဟု ပြောသွားသည်။ ”တကယ့်ကို နည်းတဲ့ လူတစုက တိုင်းပြည်ကို မတည်ငြိမ်အောင်နဲ့ ဆူပူအကြမ်းဖက်မှု ဖန်တီးဖို့ ကြိုးစားနေတယ်” ဟု ပရိသတ်ကို သူက ပြောသည်။
ဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကို အစိုးရက ကာကွယ်စောင့်ရှောက်သွားမည်ဟု ပြောသည်။ မြို့တော်လုံခြံုရေးအတွက် ယနေ့နှောင်းပိုင်းမှ တနင်္ဂနွေအထိ ဘန်ကောက်နှင့် အနီးပတ်ဝန်းကျင် အခရာကျသော ဒေသများတွင် ပြည်တွင်းလုံခြံုရေးအက်ဥပဒေ (ISA) ကို အစိုးရက ထုတ်ပြန်လို်က်သည်။
ဤဥပဒေက စစ်တပ်ကို အာဏာကုန် ပေးထားသဖြင့် အပြည်ပြည်ဆိုင်ရာ တရားသူကြီးများ ကော်မရှင် အပါအဝင် လူ့အခွင့်အရေးအဖွဲ့များက တာဝန်ခံမှု မရှိသော၊ မလိုအပ်ဘဲ လုပ်ဆောင်ချက်တခုဟု မြင်ကြသည်။ လွန်ခဲ့သည့် ၁၂ လအတွင်း ရ ကြိမ်တိုင် ဒီဥပဒေကို ကျင့်သုံးခဲ့သည်။
” ISA ဟာ တကယ့်ခြွင်းချက်အနေအထားမှာ ကျင့်သုံးရမယ့် ဥပဒေတခုဗျ” ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အရှေ့တောင်အာရှဆိုင်ရာ သုတေသနမှူး Benjamin Zawacki က မဇ္ဈိမကို ပြောသည်။ သူက ”ဒီအာဏာက ရေရေရာရာ မရှိဘူး။ ပြီးတော့ ဒါက တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု မရှိဘဲ စစ်တပ်ကို အာဏာတိုးပေးလိုက်တာ” ဟု ဆိုသည်။
ISA အောက်တွင် စစ်သားအများစုဖြစ်သည့် ၅ သောင်းသော လက်နက်မဲ့ လုံခြံုရေးတပ်ဖွဲ့များကိုလည်း တပ်စွဲထားပြီးဖြစ်ကြောင်း နိုင်ငံလုံခြံုရေး စီမံခန့်ခွဲရေး တာဝန်ခံ ဒုဝန်ကြီးချုပ် Suthep Thaugsuban က ပြောသည်။ ယူနီဖောင်းဝတ် SWAT အဖွဲ့များသာလျှင် လက်နက်ကိုင်မည်ဟု သူက ပြောသည်။
ဆန္ဒပြသူများအနေဖြင့် အခရာကျသော လမ်းမကြီးများ၊ ရှပ်နီများ၏ အတိုက်အခံ ဘုရင်ကို ထောက်ခံသော ရှပ်ဝါများက ၂ဝဝ၈ ခုနှစ်အတွင်းက သိမ်းပိုက်ခဲ့ဖူးသော အစိုးရအိမ်တော် အပါအဝင် နိုင်ငံပိုင် အဆောက်အအုံများကို ဆန္ဒပြသူများ အုပ်စီးခွင့် ပိတ်ပင်ထားသည်။ ရှပ်ဝါများက နိုင်ငံတကာ လေဆိပ်ကို သိမ်းပိုက်လိုက်ပြီး ပြင်ပကမ္ဘာနှင့် နှစ်ပတ်ခန့် အဆက်ဖြတ်ခဲ့ဖူးသည်။
မြို့တော် မတည်ငြိမ်ဖြစ်အောင် ဆန္ဒပြသူတွေ မလုပ်နိုင်အောင် ငြိမ်းချမ်းသော နည်းလမ်းများဖြင့် လုံခြုံရေးတပ်ဖွဲ့များကို အသုံးပြုသွားမည်ဖြစ်ကြောင်း ဒုဝန်ကြီးချုပ်က ကတိပေးသည်။ ”တကယ်လို့များ ညှိလို့နှိုင်းလို့မရဘဲ သူတို့က လမ်းပိတ်ထားတာကို မဖယ်ပေးဘူးလို့ ငြင်းရင် ရေနဲ့ပက်တာ၊ မျက်ရည်ယိုဗုံးနဲ့ ပစ်တာ လုပ်ပြီးတော့ပဲ လူစုခွဲမှာပါ” ဟု မစ္စတာ Suthep က ပြောသည်။
”ရှပ်နီတွေကို ဘယ်ဥပဒေနဲ့မှ တားလို့ မရဘူးဆိုတာရယ်၊ လူတသန်း ချီတက်မယ်ဆိုတာ တကယ်ဟုတ်ပါလားဆိုတာ အစိုးရ တွေ့ရပါလိမ့်မယ်” ဟု ရှပ်နီခေါင်းဆောင် Jatuporn Prompan က ပြောသည်။
မြောက်ပိုင်းနှင့် အရှေ့မြောက်ဒေသများမှ ရှပ်နီတို့ ယခုသီတင်းပတ်အတွင်း စုရုံးချီတက်မည်ဖြစ်သည်။ နိုင်ငံ၏ အဆင်းရဲဆုံး ဒေသတလွှား ခရိုင်မြို့ကြီးများတွင် UDD ထောက်ခံသူ ရာပေါင်းများစွာက စုရုံးနေကြပြီး တနင်္ဂနွေတွင် ဘန်ကောက်မှာ သွားဆန္ဒပြမှာဖြစ်သည်။
သူတို့ထဲကအများစုက မြို့တော်သို့ ပစ်ကပ်ကားများဖြင့် သွားကြပါလိမ့်မည်။ ခရီးထွက်မည့် လူ ၅ သောင်းစာရင်း ရထားပြီးဖြစ်သည်ဟု UDD ပြောရေးဆိုခွင့်ရှိသူက လွန်ခဲ့သည့် သီတင်းပတ်ထဲတွင် သတင်းစာဆရာများသို့ ပြောသည်။
”လူတန်းစားတိုက်ပွဲဆိုတာ ထင်ရှားလာနေပါပြီ” ဟု ပါမောက္ခ Hewison က ပြောသည်။ အရှေ့မြောက်ဒေသတလွှား မတရားမှုတွေ ရှိနေတာကြောင့်ပေါ့။ တောက လယ်သမားတွေနဲ့ မြို့က အလုပ်သမား လူတန်းစား ပူးပေါင်းမယ်။ ဒါကို ဘန်ကောက်မှာနေတဲ့၊ မြို့ပြက ရေပေါ်စီ လူချမ်းသာတွေ မတရားအုပ်စီးတာကို အဆုံးသတ်စေလိုနေတဲ့ ဘန်ကောက်က လူဆင်းရဲတွေက အားဖြည့်ပေးလိုက်တာ”
” ကျမတို့ ဒီမှာရောက်နေတာ သက်ဆင်အတွက် မဟုတ်ဘူး။ တရားမျှတမှုအတွက်ပဲ” ဟု သက်ဆင်အတွက် အမာခံနယ်မြေဖြစ်သော ဆင်းရဲနွမ်းပါးသော နိုင်ငံ့အရှေ့မြောက်ဒေသ၏ ခရိုင်မြို့တခုဖြစ်သော ကိုရတ်မြို့မှ Malee Thisoph က ပြောသည်။ တနင်္ဂနွေချီတက်ပွဲတွင် ပါဝင်ရန် သူမ ပြင်ဆင်နေသည်။ ”သက်ဆင်ကို ထပ်ထောက်ခံမယ်။ သူ့ဆီက ငွေလိုချင်လို့ မဟုတ်ဘူး။ သူ့ကို ပြန်လာစေချင်လို့” ဟု သူမက ပြောသည်။
shirt-demo3
''၃ ရက်ကနေ ၅ ရက်အထိ ဆန္ဒပြဖို့ စဉ်းစားထားတယ်” ဟု Jaran က ပြောသည်။ သို့သော်လည်း ဆန္ဒပြမည့်ကာလမှာ ငွေကြေးအထောက်အပံ့အပေါ် မူတည်ဖွယ် ရှိသည်။ လာမည့်သတင်းပတ်ကုန်အတွင်း ရှပ်နီ ၂ သိန်းခန့် ဆန္ဒပြဖို့အတွက် ခရီးစရိတ်၊ အစားအသောက် ပံ့ပိုးရတာကိုကပင် အကြမ်းမျဉ်း ဘတ်ငွေ တဘီလီယံခန့် ကုန်မှာဖြစ်သည်။
Image: red-shirt-demo4
ရှပ်နီတို့၏ ကုန်ကျစရိတ် အနည်းဆုံးတဝက်ကို သက်ဆင်က ပေးနေရသည်ဟု တော်လှန်ရေးအဖွဲ့ အတွင်းလူ တဦးက ပြောသည်။ သို့သော်လည်း UDD ချီတက်ဆန္ဒပြပွဲများတွင် အလှူငွေကောက်ခံနေကြောင်း ရှပ်နီသတင်းပေးက ပြောသည်။ ထို့ကြောင့် ရန်ပုံငွေမရှိလျှင် တနင်္ဂနွေပြီးလျှင် ဆန္ဒပြပွဲ အဆုံးသတ်သွားဖွယ်ရှိသည်။
ဒီသတင်းပတ်ကုန်မှာ ချီတက်သူများ လူစုခွဲသွားသည်ဆိုဦးတော့ ဆန္ဒပြမှုများ အဆုံးသတ်ဖွယ်မရှိ။ ”ပါလီမန်ဖျက်သိမ်းရေးက ပထမ ပန်းတိုင်ပဲ ရှိသေးတာ၊ ငါတို့ရည်ရွယ်ချက်က ထိုင်းကို ပြောင်းလဲပစ်ဖို့” ဟု Jaran က မဇ္ဈိမကို ပြောသည်။
ရည်ရွယ်ချက်ကမူ နယ်များကို ပြန်လည်ဆုတ်ခွာပြီး ခရိုင်အာဏာပိုင်များကို ဒေသခံများက အရေးယူလုပ်ဆောင်ရေး ဖြစ်သည်။