အန်အယ်ဒီရုံးများ ပြန်ဖွင့်ခွင့်ရ

အန်အယ်ဒီရုံးများ ပြန်ဖွင့်ခွင့်ရ
by -
ဖနိဒါ
စစ်အစိုးရက ချိတ်ပိတ်ထားရသည့် တိုင်းနှင့် ပြည်နယ်အသီးသီးမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး များ၏ သုံးပုံတပုံခန့် ယခုအခါ ပြန်လည်ဖွင့်ခွင့်ရပြီ ဖြစ်သည်။ ...

ချင်းမိုင် (မဇ္ဈိမ) ။      ။ စစ်အစိုးရက ချိတ်ပိတ်ထားရသည့် တိုင်းနှင့် ပြည်နယ်အသီးသီးမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး များ၏ သုံးပုံတပုံခန့် ယခုအခါ ပြန်လည်ဖွင့်ခွင့်ရပြီ ဖြစ်သည်။

တိုင်းနှင့် ပြည်နယ်များ၌ အန်အယ်ဒီ ရုံးပေါင်း ၃ဝဝ ကျော်ရှိသည့်အနက် ယမန်နေ့မှစ၍ ပြန်ဖွင့်ခွင့်ရ သည့် အန်အယ်ဒီ ရုံးပေါင်း ၁ဝဝ ကျော်ရှိသွားပြီဖြစ်ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်ထံမှ သိရသည်။

“မနေ့ ညနေပိုင်းကနေ မန္တလေးတိုင်း ဥက္ကဌတွေကို အရင်ခေါ်ပြီးတော့ ရုံးဖွင့်လို့ရပြီ။ တိုင်းအောက်မှာ ရှိတဲ့ ရုံးတွေလည်း ဖွင့်လို့ရပြီလို့ပြောတယ်။ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တွေပါတယ်။ ဆိုတော့ ၁ဝဝ ကျော်လောက် ဖွင့်လို့ရပြီ” သူက မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် စသည့် တိုင်းနှင့် မြို့နယ်များမှ ပါတီရုံးများ ဖွင့်ခွင့်ရနေပြီဖြစ်ကြောင်းလည်း သိရသည်။

သို့သော် ရုံးများပြန်ဖွင့်ခွင့်ပေးနေခြင်းကို ရန်ကုန်မြို့ အန်အယ်ဒီ ဗဟိုရုံးချုပ်သို့ စစ်အစိုးရက တစုံတရာ အကြောင်းကြားခြင်း မရှိကြောင်း အန်အယ်ဒီ အခြား ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သူ ရှေ့နေ ဦးဉာဏ်ဝင်းကပြောသည်။

“သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်၊ မြို့နယ် အန်အယ်ဒီကလူတွေကို ဆက်သွယ်ပြီး ဖွင့်ပေးနေတာပါ။ ဘယ်ကအမိန့်နဲ့ စာထဲမှာ ဘယ်လိုပါတယ်ဆိုတာ ကျနော်တို့ မသိသေးပါဘူး” ဟု သူကပြောသည်။

မန္တလေးမြို့ မဟာအောင်မြေရပ်ရှိ အန်အယ်ဒီ ရုံးကို တရားသူကြီးများ အပါအဝင် ခယက ဥက္ကဌ (မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်ဟောင်း ဥက္ကဌ)၊ မြို့နယ်နှင့် ရပ်ကျေးဥက္ကဌများက ယနေ့ လာရောက်ခွင့်ပြုခဲ့ကြောင်း မန္တလေးတိုင်းစည်းအဖွဲ့မှ သိရသည်။

လက်ရှိ နအဖ စစ်အစိုးရက အသစ်ထုတ်ပြန်လိုက်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ပုဒ်မ ၁၄ အရ ယခင် နဝတ က ဖွဲ့ပေးခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင် ဥပဒေအမှတ် ၁/၈၈ သည် ပျက်ပြယ်သွားပြီ ဖြစ်သော်လည်း ယင်းကာလ ကော်မရှင်လူကြီး များက ရုံးဖွင့်ခွင့်ပြုနေကြခြင်း ဖြစ်သည်။

မန္တလေးတိုင်း မြို့နယ်ပေါင်း ၃ဝ မှ မတ္ထရာ၊ ကျောက်ပန်းတောင်း၊ သာစည်၊ မြင်းခြံ၊ အမရပူရ၊ ပြင်ဦးလွင်၊ မြစ်သား၊ ပုသိမ်ကြီး၊ မိုးကုတ် စသည့်မြို့နယ်ရုံးများ ဖွင့်ခွင့်ရနေ ပြီဖြစ်သည်။

သို့သော် မန္တလေးတိုင်း ရမည်းသင်းမြို့တွင်မူ ရွေးကောက်ပွဲကော်မရှင် ဥပဒေအရေ အဖွဲ့ဝင် ၅ ဦး ပြည့်ရမည်ဟု ဆိုကာ ရုံးဖွင့်လှစ်ရန် ခွင့်ပြုချက် မရသေးကြောင်း ပါတီမြို့နယ်အတွင်းရေးမှူးက ပြောသည်။

ကချင်ပြည်နယ်၌ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ဗန်းမော်၊ ရွှေကူ၊ ဝိုင်းမော် စသည့်မြို့နယ် များတွင် အန်အယ်ဒီရုံးများ ပြန်ဖွင့်ခွင့်ရထားကြောင်း မြစ်ကြီးနားမြို့ခံ အန်အယ်ဒီအဖွဲ့ဝင် ဦးနေဝင်း က ပြောသည်။

အန်အယ်ဒီရုံးများကို ပြန်လည်ဖွင့်ခွင့် ပြုနေသော်လည်း လတ်တလော ထုတ်ပြန်နေသည့် ရွေးကောက်ပွဲ ဥပဒေများအရမူ နိုင်ငံရေးပါတီအနေဖြင့် ဆက်လက်ရပ်တည်နိုင်ရေးမှာ မရေမရာ ဖြစ်နေကြောင်း လေ့လာသူများက သုံးသပ်နေကြသည်။

၁၉၉၀ ခု ရွေးကောက်ပွဲပြီးနောက် အန်အယ်ဒီရုံးများကို တစတစ ပိတ်လာရာ ၂၀၀၃ ခု ဒီပဲယင်း အရေးအခင်းပြီးနောက် ရန်ကုန်ဌာနချုပ်ရုံးမှလွဲ၍ ရုံးအားလုံးကို စစ်အစိုးရက ချိတ်ပိတ်ခဲ့သည်။