ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရ ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲ ဥပဒေများသည် ရှက်ဖွယ်ကောင်းလှကြောင်းနှင့် အမျုုိးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို စိန်ခေါ်လိုက်ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံး လူသိရှင်ကြား တုံ့ပြန်လိုက်သည်။
သူမ၏ ရှေ့နေမှတဆင့် ယနေ့ ပါးလိုက်သော စကားရပ်တွင် ဥပဒေများသည် သူမကို ချိန်ရွယ်ရေးသားထားခြင်းဟု ထင်မြင်ကြောင်းလည်း ပါရှိသည်။
နေအိမ်တွင် ချုပ်နှောင်ထားခံရသော အတိုက်အခံခေါင်းဆောင်နှင့် ရှေ့နေများဖြစ်သည့် ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းတို့ ယနေ့ မွန်းလွဲပိုင်း ၂ နာရီမှ ၄ နာရီထိ တွေ့ဆုံခွင့် ရခဲ့သည်။
“ဒေါ်အောင်ဆန်းစုကြည်ပြောတာက ဒီဥပဒေတွေဟာ အဖွဲ့ချုပ် အန်အယ်ဒီအတွက် အများကြီး စိန်ခေါ်မှုတွေ ပါတယ်။ ဒီစိန်ခေါ်မှုတွေ ပါတာကိုပဲ သူကျေနပ်တယ်။ ဒီလိုစိန်ခေါ်မှုတွေပါမှ ဘယ်လိုတုံ့ပြန်မယ်ဆိုတာ ညီညီညွတ်ညွတ်နဲ့ ဝိုင်းလုပ်ကြရမှာပါပေါ့တဲ့” ဟု ဦးဉာဏ်ဝင်း မဇ္ဈိမကို ပြောသည်။
“ဒီဥပဒေကို ဖတ်လိုက်လို့ရှိရင် တစုံတယောက်ကို ရည်ညွှန်းပြီးတော့ ရေးဆွဲတယ်၊ တစုံတယောက်ရဲ့ အကျိုးကို ဆန့်ကျင်ပြီးတော့ ရေးဆွဲတယ်လို့ ထင်မြင်စရာ ဖတ်တဲ့လူတိုင်း တွေ့ပါတယ်။ အဲဒီလို တွေ့မြင်စရာ ဖြစ်နေတာကိုက အင်မတန်ရှက်ဖို့ ကောင်းတယ်၊ ဥပဒေဆိုတာ လူတိုင်းအတွက် လူတိုင်းအတွက်ရေးရမှာ ပုဂ္ဂိုလ် တဦးတယောက်အတွက် ရေးတယ်ဆိုကတည်းကိုက မဖြစ်သင့်တာ ရှက်စရာကောင်းတဲ့ အဖြစ်အပျက်ပဲလို့ သူ အဲဒီလို ပြောပါတယ်” ဟု သူက ထပ်ပြောသည်။
ယခုလ ၈ ရက်နေ့မှ စတင်၍ ယနေ့အထိ နို်င်ငံပိုင် သတင်းစာများတွင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ၄ ခု ထွက်ရှိပြီး ဖြစ်သည်။
ပါတီမှတ်ပုံတင်ခြင်း ဥပဒေနှင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေများအရ ထောင်ဒဏ်ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နို်င်ငံရေးပါတီဝင် မဖြစ်နိုင်သလို လွှတ်တော်အမတ်အဖြစ်လည်း ဝင်ရောက်အရွေးခံပိုင်ခွင့် မရှိရန် ပိတ်ပင်လိုက်သည်။
ယနေ့ တွေ့ဆုံရာ၌ ကမ္ဘာပေါ်တွင် တဦးတည်းသော ချုပ်နှောင်ခံထားရသည့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်က သူမအပေါ် ချမှတ်ထားသော ပြစ်ဒဏ်ကို အယူခံဝင်ရန်ကိစ္စနှင့် မြေအိမ်ခြံဝင်းကို မွေးစားအကိုဝမ်းကွဲတော်သူက တိတ်တခိုး ရောင်းချလိုက်သည့် ကိစ္စအတွက်ပါ ဆွေးနွေးခဲ့ကြသည်ဟု ရှေ့နေ ဦးကြည်ဝင်းက ပြောသည်။
”ဦးခင်မောင်အေးက မြေရောင်းလိုက်တဲ့ကိစ္စ၊ ဒေါ်စုက တရားမစွဲချင်ပါဘူး။ ဒါပေမဲ့ ဒေါ်စုနဲ့ မောင်နှမ နှစ်ယောက်စလုံး အကျိုးကို ထိခိုက်တာဆိုတော့ ဥပဒေ အပြန်အလှန် ဆွေးနွေးကြတယ်” ဟု ရှေ့နေ ဦးကြည်ဝင်းက ပြောသည်။
ဦးခင်မောင်အေးမှာ ကွယ်လွန်လေပြီးသော သခင်သန်းထွန်း၊ ဒေါ်ခင်ကြီးတို့၏ မွေးစားသားဖြစ်ပြီး တပ်မတော် အရာရှိဟောင်းနှင့် စာရေးဆရာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်နှင့် ဒေါ်ခင်ကြီးတို့မှာ ညီမအရင်း ဖြစ်ကြသည်။
လွန်ခဲ့သည့် အနှစ် ၂ဝ အတွင်း ၁၄ နှစ်ကျော် အချုပ်အနှောင်ခံနေရခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အကိုရင်း ဖြစ်သူကလည်း ခြံကို အမွေဆိုင်အဖြစ် လျှောက်ထားပြီး သူမ နေအိမ်ပြင်ဆင်သောအခါ တားမြစ်မှု လုပ်ထားသည်။