မှတ်ပုံတင် ဥပဒေက ဒေါ်စုနှင့် CC ၁၁ ဦးကို ပါတီမှ ခွဲထုတ်

မှတ်ပုံတင် ဥပဒေက ဒေါ်စုနှင့် CC ၁၁ ဦးကို ပါတီမှ ခွဲထုတ်
by -
ဖနိဒါ
ဒေါ်အောင်ဆန်းစုကြည်အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပူပူနွေးနွေး ဗဟိုဦးစည်းအဖွဲ့ CC အဖွဲ့ဝင် ၁၁ ဦးသည် စစ်အစိုးရက ထုတ်ပြန်လိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ...

ချင်းမိုင် (မဇ္ဈိမ) ။     ။ ဒေါ်အောင်ဆန်းစုကြည်အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပူပူနွေးနွေး ဗဟိုဦးစည်းအဖွဲ့ CC အဖွဲ့ဝင် ၁၁ ဦးသည် စစ်အစိုးရက ထုတ်ပြန်လိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကြောင့် ထုတ်ပယ်ပြီးသား ဖြစ်သွားသည်။

ယခုလ ၃ ရက်နေ့က အတိုက်အခံပါတီကြီး၏ ဗဟိုဦးစီးအဖွဲ့ကို အဖွဲ့ဝင် ဦးရေ ၁၀၀၊ အရန် ၈ ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ရာ ထောင်ကျနေသော လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ပါတီဝင် ၁၁ ဦးကိုပါ ထဲ့သွင်းထားသည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့် ဥပဒေက ထောင်ကျနေသူများကို ပါတီဝင်အဖြစ် သတ်မှတ်ခြင်း မပြုရန် ကန့်သတ်ထားသဖြင့် ကော်မရှင်အသစ်တွင် နိုင်ငံရေးပါတီအဖြစ် ရက် ၆၀ အတွင်း ပြန်လည် လျှောက်ထားရမည့် ပါတီအတွက် အခက်အခဲ ဖြစ်နေတော့သည်။

မန္တလေးတိုင်း စည်းရုံးရေး ဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ အပါအဝင် မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှ ပါတီဝင်များကို CC အဖွဲ့သစ်တွင် ”ပါတီအပေါ် သစ္စာရှိစွာဖြင့် အနစ်နာခံ လုပ်ဆောင်မှုကြောင့်” ဟု ပါတီဗဟိုက ထဲ့သွင်းအတည်ပြုပေးခဲ့သည်။  

၂၀၀၇ ခု သံဃာတော်များ ဦးဆောင်သော ဆန္ဒပြမှုနောက်ပိုင်း အဖမ်းခံရသော သူတို့အနက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ခိုင်မှအပ ၁၀ နှစ်အထက် နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရသည်။ တောင်ကုတ်မြို့မှ အသက် ၈၇ နှစ်ရှိ ဦးကျော်ခိုင်မှာ ၂၀၀၉ ခုနှစ် မေလတွင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂ နှစ် ကျခံနေရသည်။

“ကျနော်တို့ NLD ပါတီကို ရည်ရွယ်ပြီး ပြောနေသလို ခံစားနေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မနေ့က တနေ့ကပဲ ဗဟိုဦးစီးအဖွဲ့ဝင်တွေကို ထုတ်ပြန်လိုက်တယ်။ တကယ်လို့ ပါတီက ဆက်လက် မှတ်ပုံတင်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်တွေကို ကျနော်တို့က ထုတ်ပယ်ဖြစ်ရမလို ဖြစ်နေပါတယ်” ဟု NLD ပြန်ကြားရေးဌာနမှ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပါတီဝင်အဖြစ် သတ်မှတ်၍ မရအောင် ဥပဒေက ကန့်သတ်လိုက်သည်။ လွန်ခဲ့သည့်နှစ် ၂၀ အတွင်း ၁၄ နှစ်ကျော် အချုပ်အနှောင်ခံနေခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ ဖိတ်ခေါ်ခဲ့ခြင်း မရှိသော အမေရိကန် နိုင်ငံသားက ရေကူး၍ ခြံထဲ ဝင်ရောက်ခြင်းကို ခေတ္တနားခိုခွင့် ပေးသဖြင့် တရားရုံးက ပြစ်ဒဏ်ချခံထားရသည်။

”ဒီဥပဒေအရဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပစ်ရမယ်လို့ ပြောထားတယ်။ မထုတ်ဘူးဆိုရင် ဒီပါတီက ပျက်မှာပဲ ဒီလိုပြောထားတာကိုး။ ရွေးကောက်ပွဲဝင်လို့ မရပါဘူး။ သူက တရားရုံးရဲ့ အမိန့်နဲ့ အကျဉ်းကျနေတဲ့ လူတွေက ရွေးကောက်ပွဲကို ဝင်ခွင့်မရှိဘူး” ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားသားကို လက်ထပ်ခဲ့သဖြင့် အစိုးရရာထူး ရယူပိုင်ခွင့် မရှိ ဖြစ်နေပြန်သည်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ပါရန် အကြိမ်ကြိမ် တောင်းဆိုထားသော NLD က ယခုအခြေအနေသည် ဆန့်ကျင်ဘက် ဖြစ်နေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ရှိနေပြီး၊ ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲများ စတင်ဖြစ်ပေါ်စေသော လောင်စာဆီစျေးနှုန်း ချပေးရေး လမ်းလျှောက်ဆန္ဒပြမှုများကို ဦးဆောင်ခဲ့ကာ၊ လူငယ်ထုအကြား သြဇာရှိသည့် နှစ်ရှည်ထောင်ဒဏ်ကျခံ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ၄၀ ကျော်လည်း ပါဝင်သည်။