ဒီဗီဘီ သတင်းထောက် မလှလှဝင်း အမှု အယူခံလွှာ တင်သွင်း

ဒီဗီဘီ သတင်းထောက် မလှလှဝင်း အမှု အယူခံလွှာ တင်သွင်း
by -
မြင့်မောင်
ထောင်ဒဏ် နှစ် ၂၇ ကျခံနေရသည့် အတိုက်အခံ သတင်းဌာန ဒီဗီဘီ သတင်းထောက် မလှလှဝင်း အမှုအတွက် မကွေးတိုင်း တရားရုံးတွင် ယခုလ ၈ ရက်နေ့ အယူခံလွှာတင်ခဲ့ကြောင်း ရှေ့နေက ပြော ...

နယူးဒေလီ (မဇ္စျိမ)။     ။ ထောင်ဒဏ် နှစ် ၂၇ ကျခံနေရသည့် အတိုက်အခံ သတင်းဌာန ဒီဗီဘီ သတင်းထောက် မလှလှဝင်း အမှုအတွက် မကွေးတိုင်း တရားရုံးတွင် ယခုလ ၈ ရက်နေ့ အယူခံလွှာတင်ခဲ့ကြောင်း ရှေ့နေက ပြောသည်။

နော်ဝေးအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗီဘီ) သတင်းထောက်ကို မကွေးတိုင်း ပခုက္ကူခရိုင် တရားရုံးက အီလက်ထောနစ်အက်၊ ဗီဒီယိုအက် အပါအဝင် ပုဒ်မ ၃ ခုဖြင့် ပြစ်ဒဏ်ချခဲ့သည့် အနှစ် ၂၀ အတွက် ပြင်ဆင်ခွင့် အယူခံလွှာ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ကျန် ပြစ်ဒဏ် ရ နှစ်မှာမူ တရားမဝင် ဆိုင်ကယ် စီးနင်းမှုဖြင့် ချမှတ်ခံထားရခြင်း ဖြစ်သည်။

“မကွေးတိုင်း တိုင်းတရားရုံးမှာ အယူခံတက်ထားပါတယ်။ ရုံးတော်က လက်ခံထားပါတယ်။ ရုံးတော်က ၂၂ ရက်နေ့ကို ပြန်ချိန်းထားပါတယ်” ဟု သူမ၏ အမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ဦးမြင့်သွင်က မဇ္စျိမကို ပြောသည်။

ယခုလ ၂၂ ရက်နေ့တွင် မကွေးတိုင်း တရားရုံး၌ ရှေ့နေချုပ်ရုံးမှ အစိုးရရှေ့များနှင့် နှစ်ဖက်လျှောက်လဲချက် ပေးရမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် သူမသည် မကွေးတိုင်း ပခုက္ကူမြို့ရှိ သာသနာ့ ဝိပုလာရာမ ပါဠိတက္ကသိုလ် (အနောက်တိုက်) မှ သံဃာတော်များကို တွေ့ဆုံမေးမြန်းပြီးအပြန် သူတည်းခိုသည့် အိမ်ရှင် ကိုမြင့်နိုင်နှင့်အတူ အဖမ်းခံခဲ့ရသည်။ ခရိုင်တရားရုံးက ကိုမြင့်နိုင်ကို ထောင်ဒဏ် ၃၂ နှစ်နှင့် မလှလှဝင်းကို ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခဲ့သည်။

မလှလှဝင်းကို ထိုင်းနိုင်ငံမြောက်ပိုင်း တနေရာ၌ ကျင်းပသည့် မြန်မာသတင်းသမဂ္ဂ ဘီအမ်အေ ညီလာခံက ပြီးခဲ့သည့်လ ၂၄ ရက်နေ့တွင် ကန်ဂျိနာဂအိဆု ချီးမြှင့်ခဲ့သည်။

၂၀၀၇ ခု ရွှေဝါရောင် လှုပ်ရှားမှုတွင် သတင်းယူရင်း အာဏာပိုင်များက ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဂျပန်သတင်းထောက် ကန်ဂျိနာဂအိကို ဂုဏ်ပြုသည့်အနေဖြင့် အဆိုပါဆုကို မြန်မာသတင်းထောက်များအား ပေးအပ်ခြင်း ဖြစ်သည်။

ယခုနှစ်တွင် မလှလှဝင်းနှင့်အတူ ဒီဗီဘီ သတင်းထောက် နောက်တဦးဖြစ်ပြီး ထောင်ဒဏ် ၁၇ နှစ် ကျခံနေရသည့် ကိုဝင်းမော်ကိုပါ ပူးတွဲချီးမြှင့်ခဲ့သည်။

မြန်မာအကျဉ်းထောင်ထဲတွင် ဒီဗီဘီ သတင်းထောက် ကိုငွေစိုးလင်းလည်း ထောင်ဒဏ် ၁၃ နှစ် ကျခံနေရသည်။

Most read this week