ကရင်ရွာသားများ ဖမ်းဆီးပြီး ပေါ်တာထမ်းခိုင်း

ကရင်ရွာသားများ ဖမ်းဆီးပြီး ပေါ်တာထမ်းခိုင်း
by -
ခွန်အောင်မြတ်
ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်ရာ နယ်မြေအတွင်းရှိ ကျေးရွာသားများကို မြန်မာစစ်အစိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်တို့က ပေါ်တာဆွဲသည့် အပြင် ညှင်းပမ်းနှိပ်စက်မှုများ ပြုလုပ် ...

ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်ရာ နယ်မြေအတွင်းရှိ ကျေးရွာသားများကို မြန်မာစစ်အစိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်တို့က ပေါ်တာဆွဲသည့် အပြင် ညှင်းပမ်းနှိပ်စက်မှုများ ပြုလုပ်သည်။

ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ ဒီကေဘီအေ တပ်မဟာ (၃၃၃) တပ်ဖွဲ့သည် ယခုလဆန်းပိုင်းတွင် မောထ ကျေးရွာမှ အမျိုးသမီးနှစ်ဦးနှင့် ၀ါးဒို့ခို့ကျေးရွာက ရွာသား (၇)ဦးတို့အား စစ်ပေါ်တာ အဖြစ် ထမ်းပေးရသည်ဟု ကေအဲန်ယူ တပ်မဟာ(၆) မှ ဗိုလ်ကြီးက ပြောသည်။

ယခုမှတ်လ ၂ ရက်နေ့တွင် မြန်မာစစ်အစိုးရတပ် ဗိုလ်ကြီိးသောင်းရွှေ ဦးဆောင်သည့် ခမရ (၇၀၂) တပ်ဖွဲ့သည် မထော တပ်စခန်းမှ လက်နက်ကြီး ကျည်ခြောက်ကြိမ်ပစ်ခတ်ရာ ရွာသားဦးမျိုး၏ ကားတစီးပျက်သွားပြီး ထိ ခိုက်ဒဏ်ရာရရှိမှု မရှိဟု ဗိုလ်ကြီး ထွဲနေ က ပြောသည်။

“အဲဒီ (၂)ရက်နေ့ (၃) လပိုင်းမှာ စကခ (၈) နကဟ(၁) ဗိုလ်မှူး ဦးဆောင်တာပေါ့။ သူ့ လက် အောက်တပ်ရင်းက ခမရ (၄၀၄)နဲ့ (၄၀၉) အဲဒါ ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ဝိုင်း ကျေးရွာကို ၀င်တယ်။ အဲဒီမှာ အိမ်ဆောက်တဲ့အဖွဲ့တဖွဲ့ကို သူတွေ့တယ်။ တွေ့တော့ အဲမှာ နံပါတ်တစ်က စော ကထူး(၄၈) နှစ်၊ အဲဒါ မျက်နှာမှာ တချက်ထိုးတယ်၊ ဘေးမှာ ကန်တယ်။ တော်တော် နာနာကျင် ကျင်ဖြစ်သွားတယ်။ ပါးစပ်ဟမနိုင်တဲ့အထိ ဖြစ်သွား တယ်။ နောက် တယောက်က စောခူ့အသက်(၅၀) တချက်အထိုးခံရတယ်။ပြီးလို့ရှိရင် သော်လဲ (၃၂) ဖင်တချက် အကန်ခံရတယ်၊ စစ်ဖိနပ်နဲ့။ သူ့ ခေါင်းကို ပေါက်ဆိန်ဖနောင့်နဲ့ တချက်နှစ်ချက် အထုခံရတယ်။ ပြီးလို့ရှိရင် လေးယောက် မြောက်က တော့ စောခေးဘေး ပါးစပ်မှာ တချက်ထိုးတယ်။ နောက်ငါးမှာ စောဖားညီ၊ နောက်တယောက် ကတော့ သော်ဗလဲ့ ကျဲ့ထော အသက်မသိဘူး ကျောဘက်မှာ တချက်ရိုက်တယ်။ နောက် ကျော်ထ အဲဒီ လူတွေ စစ်ကြောင်းက တွေ့ပြီးတော့ ခေါ်သွားတယ်။ နောက်ပြီးတော့ ကျေးရွာလူကြီး ကျော် ကလွု၊ ကျော်ဘုဒို့၊ ကျော်ပိုအဲ့၊ ကျော်အိုအဲ၊ ကျော်ပို့ခ၊ ကျော်ကပလူး။ အဲဒီလူတွေ ခေါ်သွားတယ်။”

တောင်ဝိုင်းရွာအနီးရှိ ၀ိုင်းကြီးကျေးရွာမှ ရွာသားလေးယောက် အပါအဝင် ကျေးရွာ နှစ်ရွာ မှ ရွာသား ၁၇ ဦးအား ပေါ်တာအထမ်းသမားအဖြစ် ဖမ်းဆီးခေါ်သွားသည့် အပြင် ယင်းကျေးရွာအတွင်းရှိ အိမ်မွေးတိရိစ္ဆာန် ဘဲသုံး ကောင်၊ မန်ဒလီ နှစ်ကောင်၊ အချိန်ကိုး ပိဿာရှိ ၀က်တကောင်၊ ကြက်သား ပိဿာချိန် လေးဆယ်ကို ပစ် ခတ်ယူသွားသည် ဟု ၎င်းက ဆက်ပြောသည်။

စစ်အစိုးရတပ်နဲ့ ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့တို့သည် ကေအဲန်ယူအပေါ် ဆက်လက် ထိုးစစ်ဆင်မှုကြောင့် ယင်းဒေသရှိ ကျေးရွာသားများ ပေါ်တာအဆွဲခံရခြင်း၊ လူ့အခွင့် အရေး ချိုးဖောက်ခံရခြင်း၊ ညှင်းပမ်းနှိပ် စက်မှုခံကြရသည်။ ယင်းဒဏ်ကို မခံနိုင်၍ အိုးအိမ်များကို စွန့်ပစ်ထားပြီး တောတောင်ထဲတွင် ရွာပုန်းရွာရှောင် အဖြစ် လှည့်လည် နေထိုင်ကြရသည်ဟု ကရင်လူ့အခွင့်အရေး အဖွဲ့များက ပြောသည်။

စစ်အစိုးရတပ်ဖွဲ့များက ကရင်ပြည်သူများအပေါ် ရန်သူသဖွယ် တိုက်ခိုက်နေမှုအပေါ် ဟန့်တားပေးရန် ကုလသ မဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံ ကရင်အမျိုးသားအစည်းအရုံးက ယခုမတ်လ ၄ ရက် နေ့တွင် မေတ္တာရပ်ခံစာတစောင် ပေးပို့ခဲ့သည်။

ထို့အတူ ယခုလ ၆ ရက်နေ့ကလည်း ကနေဒါနို်င်ငံ အစိုးရက ထိုင်းမြန်မာနယ်စပ် တလျှောက်ရှိ ရွာပုန်းရွာရှောင် ဒုက္ခသည်များအပေါ် အကူအညီ တိုးမြှင့်ဆက်ပေး သွားမည်ဟု ပြောသည်။

ယမန်နှစ် ဇွန်လက စစ်အစိုးရနှင့်ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့က ကေအဲန်ယူနယ်မြေ တပ်မဟာ(၇)ကို ထိုးစစ် ဆင်တိုက်ခိုက်မှုကြောင့် ထိုင်းနယ်မြေတွင်းသို့ ထွက်ပြေးခိုလှုံ လာသည့် ထောင်နှင့်ချီသည့် ကရင်စစ်ပြေး ဒုက္ခသည်များက ထိုင်းအာဏာပိုင်များက နေရပ်ရင်းသို့ ပြန်ပို့ရန် စီစဉ်ခဲ့ရာ လူ့အခွင့်အရေး စောင့်ကြည့်အရေး အဖွဲ့နှင့် နိုင်ငံတကာ ၏ မေတ္တာရပ်ခံမှုကြောင့် ယာယီရပ်ဆိုင်းထားခဲ့သည်။

သို့သော် ထားဆောင်ယန်းရှိ ယာယီဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များအပေါ် ထိုင်းစစ်တပ်က အဝင်အထွက် တင်းကျပ်ခြင်း၊ ဖိအားပေးခြိမ်းခြောက်မှု အမျိုးမျိုး ခံရခြင်း နှင် ရိက္ခာဖြတ်တောက်မှု ခံရခြင်း စသည်တို့ကြောင့် စစ်ပြေးဒုက္ခသည်အချို့ စခန်းပြင် သို့ ထွက်ခွါသွားကြသည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။

Most read this week