ချင်းမိုင် (မဇ္ဈိမ)။ ။ မယ်တော်ဆေးခန်းကို ငွေကြေးထောက်ပံ့မှု ပြုနိုင်ရန် ကြိုးစားလျက်ရှိကြောင်း ထိုင်းနိုင်ငံ အာဏာရ ဒီမိုကရက်ပါတီ၏ ဒုဥက္ကဋ္ဌနှင့် မြန်မာ့အရေး အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ ဥက္ကဋ္ဌ Kraisak Choonhavan ကရိုင်းဆတ် ချွန်ဟာဗန်းက ယမန်နေ့တွင် ပြောကြားလိုက်သည်။
ဒေါက်တာ စင်သီယာမောင် ကြီးကြပ် လုပ်ကိုင်နေသော ဆေးခန်းက ထိုင်းနယ်စပ်မြို့ မဲဆောက်ရှိ ဒုက္ခသည်များ၊ ရွှေ့ပြောင်းလုပ်သားများနှင့် ၎င်းတို့၏ သားသမီးများအတွက် ဆေးကုသပေးခြင်းနှင့် ပညာရေး ဝန်ဆောင်မှုများ လုပ်ကိုင်ပေးလျက် ရှိသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဒေါက်တာစင်သီယာမောင်က မဇ္ဈိမကို ပြောကြားရာတွင် သူမ၏ ဆေးကုသမှု ခံယူသူ ရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခသည်များ တိုးပွားလာနေသဖြင့် ဆေခန်းအနေဖြင့် ငွေကြေးရန်ပုံငွေ အရေးပေါ် လိုအပ်လျက်ရှိသည်ဟု ပြောသည်။
''ကျမတို့ရဲ့ ဆေးခန်းကို အားကိုးနေရတဲ့ လူအရေအတွက်က တိုးလာနေတယ်။ ပညာရေးကဏ္ဍနဲ့ ကလေးပြုစု ပျိုးထောင်ရေး ကဏ္ဍတွေမှာလည်း အလားတူပဲ။ ကလေးလူနာကလည်း တိုးလာတော့ ကျမတို့ နောက်ထပ် ငွေလိုလာပြန်တယ်။ ပညာရေးနဲ့ ကျန်းမာရေး ဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့အစည်းအားလုံးပဲ ရန်ပုံငွေပြတ်တဲ့ အခက်အခဲကို ရင်ဆိုင်နေကြရတယ်'' ဟု ဒေါက်တာ စင်သီယာမောင်က မဇ္ဈိမကို ပြောသည်။
ကရိုင်ဆတ် ချွန်ဟာဗန်နှင့် အခြားသော အာဆီယံ လွှတ်တော်အမတ် အဖွဲ့ဝင်များသည် ထာ့ဆ်ဆောင်ယန်းခရိုင်ရှိ နောင်ဘွားနှင့် မဲဥဆုကျေးရွာရှိ ဒုက္ခသည်စခန်းများသို့လည်း သွားရောက် လည်ပတ်ခဲ့ကြသေးသည်။ မြန်မာစစ်အစိုးရက ထိုးစစ်ဆင်မှုများ ပြုလုပ်၍ ထိုင်းနိုင်ငံတွင်းသို့ ရှောင်တိမ်းလာကြသော ဒုက္ခသည်များသည် စခန်းတွင်း နေထိုင်လျက်ရှိသည်။
ယခုနှစ်အစောပိုင်းက ထိုင်းတပ်မတော်က ဒုက္ခသည်သစ်များကို နေရပ်ပြန်ပို့မည်ဟု ကြေညာခဲ့သည်။ ဒုက္ခသည်များ နေရင်းပြန်ပို့လျှင် အန္တရာယ်ကြံုတွေ့ရနိုင်သည့် စိုးရိမ်မှုဖြင့် လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့များက ဒေါသတကြီး တုံ့ပြန်ခဲ့ကြသည်။
ကရိုင်းဆတ် က ထိုင်းသတင်းထောက်များကို ယနေ့ပြောကြားရာတွင် ''ကရင်ဒုက္ခသည်တွေ အတင်းအကျပ် ပြန်ပို့ခံရရင် အဖြစ်ဆိုးတခုပဲ။ ကျနော်တို့ အနေနဲ့ ပြည်သူ့ကျန်းမာရေး၊ ပညာရေးနဲ့ ဒီတိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး ပံ့့ပိုးကူညီမှုတွေလုပ်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့အတူ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ပွင့်လင်းစွာ ပြောဆိုတတ်သော ဝါရင့် နိုင်ငံရေးသမားနှင့် တက္ကသိုလ် ပါမောက္ခဟောင်းက မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို စစ်အစိုးရက အသုံးချပြီး စစ်အုပ်စု၏ တရားဝင်မှု ရယူသွားမှာကို စိုးရိမ်ကြောင်း ပြောသွားခဲ့သည်။
''တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲအပြီးမှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုက ဆက်ရှိနေဦးမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာစစ်အစိုးရက တိုင်းရင်းသားအုပ်စုတွေကို ဖိအားဆက်တိုးပေးနေတာကိုး။ ဒါမတိုင်ခင်က အခြေခံဥပဒေ ရေးဆွဲတုန်းကလည်း တိုင်းရင်းသားအဖွဲ့တွေရဲ့ ဆန္ဒမပါခဲ့ဘူး၊ စစ်အုပ်စုကပဲ လုပ်သွားခဲ့တာ” ဟု သူက ပြောသည်။
ချွန်ဟာဗန်း၏ ခရီးစဉ်ကြောင့် ထိုင်းအာဏာရပါတီအတွင်း ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခသည်များ၏ ကံကြမ္မာကို နားလည်သိရှိမှု တိုးလာလိမ့်မည်ဟု မြန်မာတက်ကြွ လှုပ်ရှားသူအများက မျှော်လင့်ထားကြသည်။
ထိုင်းအစိုးရ၏ ရွှေ့ပြောင်းလုပ်သားများကို နိုင်ငံသားစိစစ်ရေး မူဝါဒက မြန််မာလုပ်သားများ နေရပ်ပြန်ပို့ခံရမည်ကို ကြောက်ရွံ့ထိတ်လန့်ကုန်သည်။ နောင်ဘွားနှင့် မဲဥဆု ကျေးရွာများရှိ ယာယီ ကရင်ဒုက္ခသည် စခန်းများ၏ အခြေအနေကို ဒုက္ခသည်ရေးရာ ဆောင်ရွက်နေသူများအပြား စိုးရိမ်လျက်ရှိနေရမှာ ချွန်ဟာဗန်က စခန်းများကို စိတ်ဝင်တစား ရှိသည့်အတွက် ကျေနပ်မှုရကြသည်။
ဇန်နဝါရီလ ၂၇ ရက်နေ့က အထူးတပ်ဖွဲ့အမှတ် ၃၅ မှ တပ်မှူး ဗိုလ်မှူးကြီး Nopphadol Wathcharajitboworn နုပ်ဖဒွန်း ဝတ်ချရဂျစ်ဘိုဝွန်း က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၊ ထိုင်း-မြန်မာနယ်ခြား စောင့်ရှောက်ရေး (TBBC) နှင့် နောင်ဘွားနှင့် မဲဥစုစခန်း လူကြီးများ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲအတွင်း ထိုင်းတပ်မတော်က ဒုက္ခသည်များ လုံခြံုစွာဖြင့် ပြန်ပို့နိုင်ရေး နည်းလမ်း ရှာဖွေခဲ့သည်။ ဒုက္ခသည်အရေး လိုက်ပါ ဆောင်ရွက်နေသူများက ထိုသို့ ပြုမူခြင်းသည် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်သည်ဟု ပြောသည်။
လူ့အခွင့်အရေးအဖွဲ့များနှင့် အမေရိကန် အမတ်များကလည်း ထိုင်းအစိုးရကို ကရင်ဒုက္ခသည်များ ပြန်မပို့ရန် တောင်းဆိုလိုက်ပြီး ပြန်ပို့လျှင် မြေမြှုပ်မိုင်း အန္တရာယ် ကြံုရနိုင်သလို လူ့အခွင့်အရေး ချိုးဖောက်မှုများ ခံရနိုင်သည်ဟု ထောက်ပြထားသည်။
ဖေဖော်ဝါရီလကုန်ပိုင်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ဖိရူမ်းက ထိုင်း လူ့အခွင့်အရေး ကော်မရှင်သို့ အကြောင်းကြားရာတွင် သူ၏ အစိုးရအနေဖြင့် ဒုက္ခသည်စခန်းများကိစ္စ ဖြေရှင်းရန် နည်းလမ်းရှာမည်ဟု ပါရှိသည်။ ထို့ပြင် ဝန်ကြီးက ထိုင်းအစိုးရအနေဖြင့် ရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခသည်များကို အထောက်အကူ ဖြစ်စေရန် ဆန္ဒရှိပါသည်ဟု ထပ်လောင်း ပြောဆိုသွားသည်။