နိုင်ငံတကာ အမျိုးသမီးများနေ့တွင် WLB ဒက္ကားမြို့တွင် ချီတက် ဆန္ဒပြ

နိုင်ငံတကာ အမျိုးသမီးများနေ့တွင် WLB ဒက္ကားမြို့တွင် ချီတက် ဆန္ဒပြ
by -
မင်းဆက်ခိုင်
မတ်လ ၈ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများနေ့တွင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ဘင်္ဂလာဒေချ့် နိုင်ငံ ဒက္ကားမြို့တော်တွင် ချီတက် ဆန္ဒပြပွဲ တရပ်ကို ပြုလုပ်ခဲ့ ...

(နိရဥ္စရာ) မတ်လ ၈ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများနေ့တွင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ဘင်္ဂလာဒေချ့် နိုင်ငံ ဒက္ကားမြို့တော်တွင် ချီတက် ဆန္ဒပြပွဲ တရပ်ကို ပြုလုပ်ခဲ့သည်။

အဆိုပါ ချီတက် ဆန္ဒပြပွဲကို ဒက္ကားမြို့တော်ရှိ တရားရုံးချုပ်ရှေ့နှင့် ဒက္ကား တက္ကသိုလ်အတွင်းရှိ ချော်ဟိမေနာ ကျောက်တိုင်ရှေ့တွင် ယမန်နေ့ ညနေပိုင်းတွင် ပြုလုပ် ခဲ့ကြသည်။

ဆန္ဒပြပွဲတွင် WLB အဖွဲ့ဝင် ရခိုင်အမျိုးသမီးများအစည်းအရုံးမှ အမျိုးသမီးများနှင့် တခြား ဘင်္ဂလာဒေ့ချ် ရောက် ရခိုင်အမျိုးသမီး စုစုပေါင်း ၃၀ခန့် ပါ၀င် တက်ရောက်ခဲ့သည်။

ချီတက် ဆန္ဒပြပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသမီးများ အစည်းအရုံးမှ မစောမီမီသန်းမှ ယခုကဲ့သို့ ပြောသည်။

“ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်တဲ့အတွက် ကျွန်မတို့ အနေနဲ့ ခုလို ချီတက် ဆန္ဒပြရတာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာက ကျွန်မတို့ အမျိုးသမီးတွေမှာ ကိုယ်ပိုင်အခွင့် အရေးတွေ မရရှိကြသလို အမျိုးသမီးများနေ့ကိုတောင် ထုတ်ဖေါ်ပြောဆို ပိုင်ခွင့်မရှိပါ။ ဒီအတွက် ကြောင့် အခု ကျွန်မတို့ ပြည်ပကို ရောက်နေတဲ့အချိန်မှာ အမျိုးသမီးတွေရဲ့ အခွင့်အရေး တွေရရှိရေး အတွက် ခုလို တောင်းဆိုှ ဆန္ဒပြရခြင်း ဖြစ်ပါတယ်။”

ချီတက် ဆန္ဒပြရာတွင် အမျိုးသမီးများမှ တောင်းဆိုချက် အများအပြားကို ကြွေးကြော် တောင်းဆိုခဲ့ကြပြီး အဓိက တောင်းဆိုချက်များကို သူမက ယခုကဲ့သို့ ပြောသည်။

“ကျမတို့ အဓိကတောင်းဆိုတာက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပေး ရေး၊ ပြောရမယ် ဆိုလို့ရှိရင် ကျမ တို့ရခိုင်ပြည်နယ်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသူ မနီနီမေမြင့် အပါအဝင် တခြားအမျိုးသမီး တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွတ်ပေးဖို့ တောင်းဆိုပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီးအခွင့်အရေးတွေ ရရှိရေး ။ ပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော် ဖြစ်ဖို့အတွက် တောင်းဆိုသလို စစ်အာဏာရှင် စနစ်ကို ဖျက်သိမ်းပေးဖို့ ကျမတို့ တောင်းဆိုပါတယ်။ နောက်တခုက နအဖက ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲ ထားတဲ့နေရာမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ မပါဝင်တဲ့ အတွက် အမျိုးသမီးအခွင့်အရေးတွေ ရရှိဖို့အတွက် တောင်းဆိုပါတယ်။”

ဆန္ဒပြပွဲတွင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေသော ထုတ်ပြန် ကြေငြာချက် ၂စောင်ကိုလည်း သတင်းထောက်များနှင့် ဘင်္ဂလာပြည်သူများအကြားတွင် ဖြန့်ဝေခဲ့ကြသည်။

ချီတက် ဆန္ဒပွဲကို ညနေ ၃ နာရီတွင် စတင်ခဲ့ပြီး ၅ နာရီတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြသည်ဟု သိရသည်။

Most read this week