ရွှေဂုံတိုင် ကြေညာစာတမ်းကိုပင် ဆုပ်ကိုင်မည်ဟု ဦးဝင်းတင်ပြော

ရွှေဂုံတိုင် ကြေညာစာတမ်းကိုပင် ဆုပ်ကိုင်မည်ဟု ဦးဝင်းတင်ပြော
by -
ဖနိဒါ
စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဥပဒေများကို ထုတ်ပြန်လိုက်သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ရွှေဂုံတိုင် ကြေညာစာတမ်းကိုပင် ဆက်လက် ဆုပ်ကိုင် ...

ချင်းမိုင် (မဇ္ဈိမ) ။     ။ စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဥပဒေများကို ထုတ်ပြန်လိုက်သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ရွှေဂုံတိုင် ကြေညာစာတမ်းကိုပင် ဆက်လက် ဆုပ်ကိုင်သွားမည်ဟု အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောသည်။

ဦးဝင်းတင်“ရွှေဂုံတိုင် ကြေညာစာတမ်းမှာပါတဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာရမယ်။ အဲဒီရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြု ဆောင်ရွက်ပေးရမယ်။ ကျနော်တို့ရဲ့ နိုင်ငံရေး တောင်းဆိုချက်ကတော့ ဒီအတိုင်းပဲလို့ ပြောလို့ရမယ်” ဟု သူက ပြောသည်။

အဓိက အတိုက်အခံပါတီ အန်အယ်ဒီက နေအိမ်ချုပ်ကျခံနေရသော ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ ၁၉၉၀ ခု ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက တစုံတရာ အသိအမှတ်ပြုရန်၊ ၂ဝဝ၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန် ဟူသော တောင်းဆိုချက်ကို ၂ဝဝ၉  ခုနှစ် ဧပြီလ ၂၉  ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ရွှေဂုံတိုင် ကြေညာစာတမ်းဟူ၍ အမည်ပေးထားသည်။

တောင်းဆိုချက်အပေါ် စိတ်ဝင်စားဟန်မပြသော စစ်အစိုးရက ယနေ့တွင် နိုင်ငံပိုင်သတင်းစာများမှတဆင့် ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ အသေးစိတ်ကို ဖော်ပြပြီး နောက်ရက်များတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊  ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများကို ဖော်ပြသွားမှာဖြစ်သည်။

ယခုထုတ်ပြန်သော ကော်မရှင်ဥပဒေက ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်ကို ဖျက်သိမ်းလိုက်သည်။

သို့သော် လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ တွင် အမတ်နေရာ ၄၈၅ နေရာအနက်မှ ၃၉၂ နေရာ အနိုင်ရရှိပြီး တနိုင်ငံလုံး မဲပေးခွင့် ရှိသူ၏ ၆ဝ ရာခိုင်နှုန်းကျော် ထောက်ခံမှုရသော အန်အယ်ဒီ၏ ရလဒ်မှာ ပျက်ပြယ်သွားခြင်း မရှိဟု ဦးဝင်းတင်က ပြောသည်။

အာဏာလွှဲပေးခြင်း မခံရသော အန်အယ်ဒီပါတီ၏ အမာခံခေါင်းဆောင်တဦးဖြစ်ပြီး နိုင်ငံရေးကြောင့် ထောင်ထဲတွင် ၁၉ နှစ် နေခဲ့ရသူ ဦးဝင်းတင်က ယခင်ရွေးကောက်ပွဲရလဒ်ကို အသိမှတ်ပြုရေး စစ်အစိုးရ၏ တုံ့ပြန်မှုကို မူတည်ရေး ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး ဆုံးဖြတ်သွားမည်ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁ဝဝ ကျော်အနက် အန်အယ်ဒီပါတီဝင် ဦးရေမှာ ၄၃ဝ ကျော်ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညိီစောင့်ရှောက်ရေးအသင်းက မဇ္ဈိမကို ပြောသည်။

မဇ္ဈိမက ကြိုတင်လက်ခံရရှိထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ စကားရပ်ကမူ အကျဉ်းကျနေသူသည် ပါတီဝင် မဖြစ်ရဟု ကန့်သတ်ထားရာ ထောင်တွင်းမှ ပါတီဝင်များအတွက်လည်း ညိစွန်းနေသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအတွင် ဥပဒေထွက်ရှိချိန်မှ ရက်ပေါင်း ၆ဝ အတွင်း ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် အမတ်နေရာ ၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုလျှင် ပါတီဖျက်သိမ်းနိုင်သည်ဟု ပါရှိသည်။

စစ်အစိုးရက ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲ ဥပဒေက အန်အယ်ဒီ၏ ၉ဝ ခုနှစ် ရလဒ်ကို ပယ်ဖျက်သလို အဓိပ္ပာယ်ဆောင်သည်ဟု ပြောလိုက်သူကတော့ ယခုနှစ်အတွင်း ပြုလုပ်မည်ဟု စစ်အစိုးရက ကတိပေးထားသော ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင်တိုးတက်သောပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာ ဖြစ်သည်။

“၁/၈၈ မှာ နဝတ ထုတ်ပြန်ခဲ့တဲ့ ကော်မရှင်ဥပေဒေကို ဒီဥပဒေသစ်နဲ့ ချေဖျက်လိုက်ပြီပေ့ါ။ အန်အယ်ဒီ တောင်းဆိုနေတဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်သလို အဓိပ္ပာယ်ဆောင်နေတာပေါ့” ဟု သူက ဆိုသည်။

ရွေးကောက်ပွဲဝင်ရန်အတွက် ပြင်ဆင်နေပြီဖြစ်သော မွန်ဒီမိုကရေစီပါတီမှ ပြောခွင့်ရှိသူ နိုင်တင်အောင်ကမူ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ ထွက်လာပြီမှန်သော်လည်း နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်နှင့် ၂ဝဝ၈ ခု ဖွဲ့စည်းပုံဥပဒေကိုလည်း ပြန်သုံးသပ်ပြင်ဆင်ရန် လိုနေသေးကြောင်း တောင်းဆိုလိုက်သည်။

“လိုအပ်တဲ့ ပြင်ဆင်မှု လုပ်ပြီးမှသာလျှင် ကျနော်တို့ ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားမယ်လေ။ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် အခြေခံဥပဒေကို ဒီမိုကရေစီ စံညွှန်းနဲ့အညီ မပြင်ဆင်ဘဲနဲ့ ဆက်သွားလို့ မဖြစ်ဘူး။ အများက လက်ခံနိုင်မှာ မဟုတ်ဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

နာဂစ်မုန်တိုင်း တိုက်ပြီးခါစတွင် ဟန်ပြဆန္ဒခံယူပွဲ ပြုလုပ်အတည်ပြုခဲ့သော အခြေခံဥပဒေအပေါ် ပြည်တွင်းပြည်ပ အတိုက်အခံများက စစ်အုပ်စု၏ အုပ်ချုပ်မှုကို တရားဝင်မှုပြုရန်သာ ဖြစ်သည်ဟု ပြက်ရယ်ပြုကြသည်။

Most read this week