ရဲနှင့်ကြံ့ဖွံ ဆိုင်ကယ်စီးခွင့် ပြန်ရ

ရဲနှင့်ကြံ့ဖွံ ဆိုင်ကယ်စီးခွင့် ပြန်ရ
by -
မင်းသက်
ရန်ကုန် စည်ပင်သာယာ နယ်နမိတ်အတွင်း ရဲ၊ ကြံ့ခိုင်ဖွံ့ြ့ဖိုးရေးနှင့် ထောက်လှမ်းရေး ဝန်ထမ်းများကို စီးနင်းခွင့် ပြန်လည် ပေးထားလိုက်ပြီ ဖြစ်ကြောင်း လမ်းပမ်းဆက်သွယ်မှု လုံခြံုရေး ကော်မတီက ပြော ...

ရန်ကုန် (မဇ္စျိမ) ။     ။ ရန်ကုန် စည်ပင်သာယာ နယ်နမိတ်အတွင်း ရဲ၊ ကြံ့ခိုင်ဖွံ့ြ့ဖိုးရေးနှင့် ထောက်လှမ်းရေး ဝန်ထမ်းများကို စီးနင်းခွင့် ပြန်လည် ပေးထားလိုက်ပြီ ဖြစ်ကြောင်း လမ်းပမ်းဆက်သွယ်မှု လုံခြံုရေး ကော်မတီက ပြောသည်။

ရန်ကုန်တိုင်း မှုခင်းရဲ CID အတွက် ၁၅ စီး၊ စစ်ဖက်ရေးရာ လုံခြံုရေး  အတွက် ၁၅ စီး၊ အထူးစုံစမ်းစစ်ဆေးရေး အတွက် အစီး ၃၀၊ တိုင်း ရဲများအတွက် အစီး ၃၀၊ သတင်းအထူးတပ်ဖွဲ့ (SB) အတွက် အစီး ၃ဝ၊ ရန်ကုန်တို်င်း ကြံ့ခိုင်ဖွံ့ဖြိုးရေး အတွက် ၁၂ စီး ဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်နောက်ပိုင်း ဆိုင်ကယ်စီးခွင့် မရသဖြင့် ရဲ အပါအဝင် အဆိုပါ ဌာနအသီးသီးရှိ ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာ၌ အခက်အခဲ ရှိနေကြောင်း ငြီးတွားကြသောကြောင့် အရေအတွက် သတ်မှတ်ပေးကာ ပြန်လည်စီးခွင့်ပြုခြင်းဖြစ်သည်။

''မီဒီယာတွေကို ခေါ်ပြီး ဆိုင်ကယ်တွေ မစီးရတော့ဘူးလို့ ပြောထားတယ်။ နောက်တခါ ပြန်ခွင့်ပြုတယ်ဆိုရင် အမိန့်က အခုတမျိုး၊ တော်ကြာတမျိုး ဖြစ်နေတယ်လို့ ပြောခံရမှာပါ။ ဒါ့ကြောင့် ကျနော်တို့က ဒီကိစ္စကို မီဒီယာတွေကတဆင့် အသိမပေးတော့တာပါ'' ဟု ရန်ကုန်တို်င်း လမ်းပမ်းဆက်သွယ်မှု လုံခြံုချောမွေ့စေရေး ကော်မတီ တာဝန်ရှိသူတဦးက ပြောသည်။

လျှပ်စစ်ဓာတ်အားပေးရေးဌာန ဆိုင်ကယ် ၆၅ စီးမှလွဲ၍ ဌာနဆိုင်ရာ ဆိုင်ကယ်အားလုံးကို ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ်ရှိ မြို့နယ် ၃၃ မြို့နယ်အတွင်း စီးနင်းခွင့် နှစ်လခွဲခန့်ကြာ ပိတ်ပင်ထားခဲ့သည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတဦးက ''ရဲကို ဆိုင်ကယ်မစီးရဘူးလို့ တားမြစ်တာကိုက မဟုတ်တာပဲ။ တဦးချင်းစီ တာဝန်ကျေဖို့ဆိုတာ အမှုဖြစ်တဲ့ နေရာကို အချိန်မီ ရောက်ဖို့ လိုတယ်။ ဒါ့့ကြောင့် ဆိုင်ကယ်လိုတယ်။ အခု ပြန်စီးခွင့်ရတော့ ကောင်းတာပေါ့။ စီးခွင့်မပြုရင်လည်း စီးနေမှာပဲ။ သေချာတယ်။ ဒါ့ကြောင့် ပြန်ခွင့်ပြုတာ နေမှာပေါ့။ ခွင့်ပြုတာကလည်း အကန့်အသတ်နဲ့ပဲလေ။ အစီးရေက နည်းနည်းလေး။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ကတော့ စီးတယ်ဗျာ'' ဟု ပြောသည်။

ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးကော်မတီက ထုတ်ပေးထားသော “ယစက” လိုင်စင်နံပါတ်ပြား ကပ်ထားသော ဆိုင်ကယ်များ ကို ပြန်လည်ခွင့်ပြုခြင်းဖြစ်သည်။

ယာဉ်တိုက်မှုများသောကြောင့် ဆိုင်ကယ်စီးပိတ်ပင်ရခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ပြောသည်။  ၂ဝဝ၉ ခုနှစ်ဆန်းမှ အောက်တိုဘာလအထိ ရန်ကုန် နယ်နိမိတ်အတွင်း၌ ဆိုင်ကယ် မတော်တဆမှုကြောင့် သေဆုံးသူ ၁ဝ ဦးရှိခဲ့ကြောင်း ယာဉ်ထိန်းရဲက ထုတ်ပြန်သော စာရင်းအရ သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့ စည်ပင်နယ်နိမိတ်အတွင်း စီးနင်းနေသော ဌာနဆိုင်ရာပေါင်းစုံမှ ဆိုင်ကယ်အစီးရေ ၁ဝ၃၅ စီးရှိပြီး၊ ရန်ကုန်တိုင်းတွင် အစီးရေ ၄ သောင်းခန့်ရှိသည်။

ဆိုင်ကယ် စီးနင်းခွင့် ပိတ်ပင်ခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး၊ ပြီးခဲ့သည့်နှစ် ဇူလိုင်လမှစ၍ ရန်ကုန်မြို့အတွင်း သာမန်အရပ်သားများကို ဆိုင်ကယ်စီးခွင့် ပိတ်ပင်ခဲ့သော်လည်း ရန်ကုန်ပြင်ပရှိ မြို့နယ် ၁၄ မြို့နယ်၌မူ ခွင့်ပြုထားခဲ့သည်။ နယ်မြို့များ၌ ဝန်ထမ်းများနှင့် သာမန် အရပ်သားများ ဆိုင်ကယ်စီးခွင့် ရှိနေသေးသည်။