ယနေ့တွင် ကျရောက်သော ကမ္ဘာ့ အမျိုးသမီးများနေ့၌ အိန္ဒိယနိုင်ငံ နယူဒေလီမြို့လယ်ရှိ အိန္ဒိယ ပါလီမန်ရုံးရှေ့ရှိ ဂျမ်းတာမာန်တာ ပန်းခြံတွင် အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ ဒေါ်သင်းသင်းအောင် ဦးဆောင်ပြီး စုစုပေါင်းလူ ၈၀ ခန့် နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအထိ ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုမျှမက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်လည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ချင်းမိုင်အခြေစိုက် အဖွဲ့အစည်းအသီးသီးအပါအဝင် လူ ၂၀၀ ခန့် တက်ရောက်ဆန္ဒပြကြောင်းလည်း သိရသည်။
ဆန္ဒပြကြရာတွင် အဓိကအားဖြင့် အမျိုးသမီးနိုင်ငံရေးခေါင်ဆောင်များ၏ပုံကို ချိတ်ဆွဲပြီး၊ စာတန်းကြီး၊ ပိုစတာကြီးများဖြင့်လည်ကောင်း၊ သံချပ်များသီဆိုခြင်းဖြင့်လည်ကောင်း အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး၊ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းအစရှိသည်တို့ကို တောင်းဆိုခဲ့ကြောင်း သိရသည်။
“WLB ကနေပြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို နိုင်ငံတိုင်းလိုလိုမှာတော့ နှစ်စဉ် အခမ်းအနားတွေ၊ ဆုတောင်းပွဲတွေ၊ နောက်ပြီးတော့ လမ်းလျှောက်ပွဲတွေပြုလုပ်ကြတယ်၊ ဒီနှစ်မှာတော့ ဆန္ဒပြပွဲလုပ်ကြတယ်” ဟု အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ သဘာပတိ အဖွဲ့ဝင် ဒေါ်သင်းသင်းအောင်က ပြောသည်။
အကြောင်းမှာ လက်ရှိအခြေအနေအဖြစ် နိုင်ငံရေးလှုပ်ရှာနေသည့် အမျိုးသမီးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံထားရခြင်း၊ အမျိုးသမီးများ အကြမ်းဖက်နေသည်ကို အာဏာပိုင်မှ လက်လွတ်ထားသည်များကို ထောက်ပြခြင်း၊ ၂၀၁၀ ရွေးကောက်ပွဲလည်း အမျိုးသမီးများအတွက် အကျိုးထူးရှိမည်မဟုတ်ကြောင်း ၄င်းက ဆက်ပြောသည်။
ဆက်လက်ပြီး ဒေါ်သင်းသင်းအောင်က “အဓိကကတော့ အမျိုးသမီးတွေ ဖိနှိပ်ခံနေရတာကို မပြောရဲကြဘူးလေ၊ ရှက်တာ ကြောက်တာတွေအတွက်ကြောင့် သည်းခံပြီးနေနေကြတာ၊ ၁၉၇၅ ခုနှစ်ကနေစပြီး ကုလသမဂ္ဂမှ အမျိုးသမီးအခွင့်အရေးဆိုင်ရာတွေကို အတည်ပြုလာပြီးတဲ့နောက်ပိုင်မှာ အမျိုးသမီးတွေလည်း သူတိုရဲ့အခွင့်အရေးကို သိမြင်လာကြတယ်၊ အိမ်ထဲမှာပဲ တိတ်မနေကြတော့ဘူး၊ ဆန့်ကျင်လာကြတယ်၊ အမျိုးသမီးအခွင့်အရေးအတွက် ကြွေကြော်သံတွေကို ထုတ်ဖော်လာကြတယ်” ဟု ပြောသည်။
ထိုသို့အမျိုးသမီးအခွင့်အရေး ရရှိရန်အတွက် လှုပ်ရှားရာတွင် တစ်ဦးတစ်ယောက်ထဲ လုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်းနှင့် အမျိုးသမီးတိုင်း လက်တွဲပါဝင်ဆောင်ရွက်သွားသင့်ကြောင်း ၄င်းက ဆက်ပြောသည်။ ဖိနှိပ်ခံရခြင်း၏ အဓိကအချက် ၂ ချက်မှာ စစ်အဏာရှင်စနစ်ကြောင့် အမျိုးသမီးများ အဖိနှိပ်ခံနေရခြင်းနှင့် တိုင်းရင်းသား ဓလေ့ထုံးတမ်းအစဉ်အလာကြောင့် အမျိုးသမီးများ ခွဲခြားဆက်ဆံခံနေရခြင်းဟူ၍ဖြစ်သည်။
ထိုမျှမက ဆန္ဒပြပွဲသို့သွားရောက်ခဲ့သော ကိုမင်းကိုလည်း “ကမ္ဘာတစ်ဝှမ်းလုံးရှိ အမျိုးသမီးတို့ရဲ့ဘဝ ဘက်စုံတိုးတက်မြင့်မားရေးနှင့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများ၊ ဖိနှိပ်မှုများအားလုံး အဆုံးသတ်နိုင်ရေးအတွက် မတ်လ (၈) နေ့မှာ ကျရောက်တဲ့့ နိုင်ငံတကာအမျိုးသမီးများနေ့မှာ နှစ်စဉ် အထိမ်းအမှတ် လှုပ်ရှားမှုများကို ကျင်းပပြုလုပ်လျှက်ရှိကြောင်း” ၄င်းက ပြောသွားသည်။
“အမျိုးသမီးအခွင့်အရေးတောင်းဆိုတာ ယဉ်ကျေးမှုကို ဖျက်တာမဟုတ်ဘူး” ဆိုသောကြွေးကျော်သံကို ကြွေးကျော်ကြကြောင်း သိရသည်။
အဓိကအချက်မှာ အမျိုးသမီးများ၏အခွင့်အရေးကို အလေးပေးရန်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားအားလုံးလွှတ်ပေးရန် ကမ္ဘာကလည်း မြန်မာနိုင်ငံ အမျိုးသမီး အပေါ် အကြမ်းဖက်နေသည်များကို ရပ်တန့်ပေးရန်အတွက် ဝိုင်းဝန်းတောင်းဆိုပေးပါရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ လက်ရှိမြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများ တွေ့ကြုံခံစားနေရသည့် စစ်အာဏာရှင်စနစ်ကြောင့် စစ်အစိုးရမှ ကျူးလွန်နေသောရာဇဝတ်မှု များအားစုံစမ်းရေး၊ ကော်မရှင်တစ်ရပ် အမြန်ဆုံးဖွဲ့ပေးပြီး ပြုလုပ်ပေးပါရန် အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ ထုတ်ပြန်ကြေငြာချက်တွင် တောင်းဆိုထားကြောင်း သိရသည်။