ရထား နှစ်စီး တိုက်မိ၊ လူ ၅ ဦး သေဆုံး

ရထား နှစ်စီး တိုက်မိ၊ လူ ၅ ဦး သေဆုံး
by -
မြင့်မောင်
မန္တလေးတိုင်း သာစည်မြို့နယ်ရှိ ဟန်ဇားရွာ ဘူတာတွင် ကားရထားနှင့် လော်ကယ်ရထားတို့ ယမန်နေ့က တိုက်မိသဖြင့် လူ ၅ ဦး သေဆုံးပြီး၊ ၂၀ ဦးခန့် ဆေးရုံ တင်လိုက်ရကြောင်း သိရ ...

နယူးဒေလီ (မဇ္စျိမ)။     ။ မန္တလေးတိုင်း သာစည်မြို့နယ်ရှိ ဟန်ဇားရွာ ဘူတာတွင် ကားရထားနှင့် လော်ကယ်ရထားတို့ ယမန်နေ့က တိုက်မိသဖြင့် လူ ၅ ဦး သေဆုံးပြီး၊ ၂၀ ဦးခန့် ဆေးရုံ တင်လိုက်ရကြောင်း သိရသည်။

ယမန်နေ့ နံနက် ၄ နာရီခွဲခန့်တွင် သာစည်မှ မန္တလေးသို့ ခုတ်မောင်းနေသည့် လော်ကယ်ရထား၏ နောက်ပိုင်းကို သာစည်တောင်ဘက် မိုင် ၂၀ ခန့်တွင် တည်ရှိသည့် ပျော်ဘွယ်ဘူတာမှ အရှိန်ပြင်းစွာ နောက်ပြန် ခုတ်မောင်းလာသည့် ကားရထားက ဝင်တိုက်မိခဲ့သောကြောင့် သေဆုံးဒဏ်ရာ ရရှိမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“လော်ကယ် ဂတ်ဗိုလ်တွဲတခုလုံး ပြားသွားတယ်။ ကားရထားကတော့ ပိန်သွားရုံပဲ။ ကားရထားက မောင်းတဲ့လူက စက်ခေါင်းပြင်နေတဲ့ အချိန်မှာ ကားရထားက မောင်းသူမပါဘဲနဲ့ နောက်ပြန်ကြီး ထွက်လာတာတဲ့။ ကားရထားတွဲက ၂ တွဲပဲ ပါတယ်။ ဟန်ဇားဘူတာနား အရောက်မှာ ရှေ့က သွားနေတဲ့ သာစည်ကနေ မန္တလေးကို မောင်းနေတဲ့ လော်ကယ်ရထားဖင်ကို ဝင်တိုက်တာ” ဟု အခင်းဖြစ်ပွားမှုကို မြင်တွေခဲ့သူတဦးက မဇ္စျိမကို ပြောသည်။

ရထားချင်း တိုက်မိသဖြင့် ဂတ်ဗိုလ် ကိုမော်ကြီးနှင့် သားဖြစ်သူ ၁၃ နှစ်သားအရွယ် မောင်ရန်ရန် အပါအဝင် လူ ၅ ဦး ပွဲချင်းပြီး သေဆုံးသွားပြီး ထိုအထဲတွင် အမျိုးသမီးတဦး ပါဝင်ကြောင်း သူက ဆက်ပြောသည်။

ထိခိုက်ဒဏ်ရာရသူများကို သာစည်ပြည်သူ့ဆေးရုံုကြီးတွင် ကုသမှု ခံယူနေရကြောင်း သိရသည်။
ဟန်ဇားဘူတာသည် ရန်ကုန်-မန္တလေး ရထားလမ်းကြီးပေါ်တွင် တည်ရှိကာ သာစည်မြောက်ဘက် ရ မိုင်ခန့်အကွာတွင် တည်ရှိသည်။ ပျော်ဘွယ်မှာမူ သာစည်မြို့ တောင်ဘက် မိုင် ၂၀ ခန့်တွင် တည်ရှိသည်။

ကားရထားမောင်းသူက စက်ပြင်ရန် ရပ်နားထားစဉ် ဘက်ဂီယာဝင်ကာ အရှိန်ပြင်းစွာဖြင့် ပျော်ဘွယ်မြောက်ဘက် ရှမ်းရွာ၊ သာစည်မြို့နယ် ညောင်ရမ်း၊ နွားထိုး၊ ရွာပုလဲသို့ ခုတ်မောင်းလာကာ သာစည်ဘူတာသို့ ရောက်ခါနီးတွင် သံလမ်းကူး တနေရာ၌ ဟိုင်းလပ်ကား တစီးကိုပါ တိုက်သွားခဲ့သေးသည်။

သာစည် ဒေသခံတဦးက “သာစည်ဘူတာတောင်ဘက် သာစည်နဲ့ မန္တလေး ရထားလမ်းကိုဖြတ်တဲ့ တောင်ကြီး မိတ်သဟာ ရထားလမ်းကျော် ဂိတ်ပိတ်ဖို့ နောက်ကျတဲ့အတွက် မောင်းလာတဲ့ ရှမ်းမြေလပ် ကား ၄ က / ၁၅၃၈ ကြက်ဥတင်လာတဲ့ ဟိုင်းလပ်ကားကို ဝင်တိုက်သေးတယ်။  ဟိုင်းလပ်က ခေါင်းပိုင်းပိန်ပြီး လမ်းဘေးမှာ လွင့်သွားတယ်။ အဲဒီ အတိုက်ခံရတဲ့ ကားသမားတွေကိုတော့ ရဲစခန်းက ဖမ်းတယ်” ဟု ပြောသည်။

ဟိုင်းလပ်ကားကို ဝင်တိုက်ခဲ့သော်လည်း ကားရထားသည် အရှိန်မသေဘဲ သာစည်ဘူတာကို အရှိန်ဖြင့် ဆက်လက် ဖြတ်ကျော်ပြီးနောက် ဟန်ဇားဘူတာအနီး သာစည်-မန္တလေး ခုတ်မောင်းနေသည့် လော်ကယ်ရထား၏ နောက်ပိုင်းကို တိုက်မိခဲ့ခြင်း ဖြစ်သည်။

Most read this week