စစ်အစိုးရက ရွေးကောက်ပွဲ ပြင်ချိန် အတိုက်အခံ သဘောကွဲ

စစ်အစိုးရက ရွေးကောက်ပွဲ ပြင်ချိန် အတိုက်အခံ သဘောကွဲ
by -
လာရီဂျေဂင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ မှာ ရွေးကောက်ပွဲတွေ ကျင်းပလိမ့်မယ်လို့ လူတိုင်းကို လိုက်ပြောနေပေမယ့် အရာအားလုံးကိုတော့ လျှို့ဝှက်ထားပါတယ်။ ...

ဘန်ကောက် (မဇ္ဈိမ)။     ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ မှာ ရွေးကောက်ပွဲတွေ ကျင်းပလိမ့်မယ်လို့ လူတိုင်းကို လိုက်ပြောနေပေမယ့် အရာအားလုံးကိုတော့ လျှို့ဝှက်ထားပါတယ်။   

''မြန်မာနိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော် အဖွဲ့ဝင်တွေကို ရွေးကောက် တင်မြှောက်ဖို့ ဒီနှစ်မှာ ရွေးကောက်ပွဲတွေကို ကျင်းပပေးမှာ ဖြစ်တယ်'' လို့ အခုအပတ် အစောပိုင်း ထုတ်ဝေတဲ့ အစိုးရထုတ် နေ့စဉ် သတင်းစာတိုင်းရဲ့ ရှေ့ဆုံးစာမျက်နှာရှိ တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ထုတ်ပြန်တဲ့ သူရဲ့ ကြေညာချက်မှာ ဖတ်ရှုရပါတယ်။   

နိုင်ငံလူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းကျော်ရှိတဲ့ တောင်သူလယ်သမားတွေကိုလည်း ငြိမ်ချမ်းပြီး ခေတ်မီဖွံ့ဖြိုးတဲ့နိုင်ငံ တည်ဆောက်နိုင်တဲ့၊ ဒီမိုကရေစီကို မှန်မှန်ကန်ကန် အသုံးချနိုင်တဲ့ ပုဂ္ဂိုလ်တွေကိုသာ ရွေးကောက် တင်မြှောက်ကြဖို့ တိုက်တွန်းထားပါသေးတယ်။   

ဒါပေမဲ့လည်း တကယ်တမ်း ပြောရရင် သတိပေးချက်တွေလည်း ရှိပါသေးတယ်။   

''တိုင်းတပါးသားတို့ရဲ့ အကူအညီနဲ့ ပြည်သူလူထုရဲ့ ငြိမ်ချမ်းရေးနဲ့ တည်ငြိမ်ရေးကို နှောင့်ယှက်ဖျက်ဆီးမယ့် သူတွေရဲ့ အန္တရာယ်ကိုလည်း သတိကြီးကြီးထားရမှာ ဖြစ်တယ်'' လို့ သူက ဆိုပါတယ်။   

ဗိုလ်ချုပ်မှူးကြီး အနေနဲ့ အဆင့် ရ ဆင့်ပါ လမ်းပြမြေပုံရဲ့ အစိတ်အပိုင်းတရပ် အနေနဲ့ ရွေးကောက်ပွဲတေးကို သီဆိုနေရတဲ့ တချိန်တည်းမှာပဲ လမ်းခရီးမှာ ကြံုတွေ့ရမယ့် အခက်အခဲ၊ အတားအဆီးတွေလည်း ပြည့်နှက်နေပုံ ပေါ်ပါတယ်။ ရွေးကောက်ပွဲကို ဒီနှစ် အကုန်ပိုင်းလောက်မှာ ကျင်းပမယ်ဆိုတာ ဘယ်သူမှ သံသယ မရှိပေမယ့်လို့ ဘယ်သူမှ ဒီထက်ပိုပြီး မသိပါဘူး။  

ပြည်တွင်းသတင်း မီဒီယာများမှာ အစိုးရက တရားဝင် ထုတ်ပြန်ချက်တွေက လွဲလို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွန်မတ်စ် အိုဂျာ ကွင်တာနာရဲ့ ပြီးခဲ့တဲ့ မြန်မာပြည် အရီးစဉ်အပြီးမှာ ပြောခဲ့တဲ့ သုံးသပ်ချက်တွေ အပါအဝင် ရွေးကောက်ပွဲနဲ့ ပတ်သက်သမျှ သတင်း အချက်အလက်တွေကို ဖော်ပြဖို့ တားမြစ်ထားပါတယ်။   

ရွေးကောက်ပွဲက လူတိုင်းကို ခန့်မှန်းချက်တွေသာ ထွက်ပေါ်လာစေပြီး ရွေးကောက်ပွဲဝင်ရေး၊ ဒါမှမဟုတ် အတူတကွ ဝိုင်းဝန်း သပိတ်မှောက်ရေးကို မဆုံးဖြတ်နိုင်သေးတဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှု အသိုင်းအဝိုင်း အတွင်းမှာ မသေချာ မရေရာမှုနဲ့ စိတ်ပျက် ဒေါသထွက်မှုတွေကိုပဲ ပေါ်ပေါက်စေပါတယ်။   

မြန်မာနိုင်ငံမှာ အသေးအဖွဲ့ကစပြီး စီမံခန့်ခွဲအုပ်ချုပ်တဲ့ စစ်အုပ်စုရဲ့ ထိပ်သီး စစ်ဗိုလ်ချုပ်မှူးကြီးကတော့ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်၊ ပြီးတော့ အဲဒီ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတစေရမယ် ဆိုတာကိုပဲ ထပ်ခါတလဲလဲ ပြောဆိုနေတာပါ။ ဒါဟာ ပြည်သူလူထုအတွက် မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်ဖို့အတွက် အခွင့်အရေးပဲလို့ ဒီနှစ် အစောပိုင်းတုန်းက သူက သတိပေးခဲ့ပါသေးတယ်။   

လူထုကတော့ ဝေခွဲမရဖြစ်ပြီး ကြောက်ရွံ့နေကြတာ အံ့သြစရာမရှိဘူးလို့ မြန်မာ့လူမှုရေး သုတေသီနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဒေါက်တာ ခင်ဇော်ဝင်းက ပြောပါတယ်။   

အခု လာမယ့် ရွေးကောက်ပွဲတွေဟာ အရာအားလုံးကို လွှမ်းမိုးထားပါတယ်။ လူတိုင်းရဲ့ နှုတ်ဖျားမှာ ရွေးကောက်ပွဲ ကိစ္စတွေကပဲ နေရာယူထားတာပါ။ ရွေးကောက်ပွဲ ပြုလုပ်မယ့် နေ့ရက်ကို မကြေညာသေးဘဲ ပါတီမှတ်ပုံတင်ဖို့လည်း အတိအကျ မသိရသေးပေမယ့် စစ်အစိုးရလိုလားသူ အုပ်စုတွေကတော့ သူတို့ရဲ့ မဲဆွယ် စည်းရုံးမှုတွေကို ပြုလုပ်နေပါပြီ။ အဲဒါကြောင့်လည်း ရလဒ်အဖြစ် အစိုးရက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လုံးဝ မသိကျိုးကျွံပြုလုပ်နေခြင်းပဲ ဖြစ်ပါတယ်။  

''ဘာနဲ့တူလဲဆိုတော့ မကောင်းဆိုးဝါးတွေ ကျနော်တို့ ခေါင်းပေါ် ပျံဝဲနေသလိုပဲ'' ဟု အငြိမ်းစား အစိုးရဝန်ထမ်း ဦးအေးဝင်းက ပြောပါတယ်။   

ဒါပေမဲ့ ဒါဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ကြိုတင်ဆုံးဖြတ်ထားတဲ့ မဟာဗျူဟာရဲ့ အဓိကအစိတ်အပိုင်း ဖြစ်ပုံရပါတယ်။ အဲဒါကတော့ လူတိုင်းက ရွေးကောက်ပွဲအကြောင်းကို ခန့်မှန်း ပြောဆိုနေချိန်မှာ သူကတော့ စည်းရုံးရေး လုပ်ငန်းတွေကို တင်ကြိုပြီး ကောင်းကောင်း စီစဉ်ထားနိုင်ခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစစ်ဗိုလ်ချုပ်တွေဟာ မဲပုံးထက်စာရင် စစ်မြေမြင်မှာသာ ပိုပြီး အသုံးဝင်ပါလိမ့်မယ်။   

ဒါကြောင့် အနာဂတ်နိုင်ငံရေးကို လုံးဝ ဥသုဉ် ချုပ်ကိုင်နိုင်ရေးအတွက် စစ်မဟာဗျူဟာ အတိုင်းချမှတ် အကောင်အထည်ဖေါ်နေခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီ စစ်ဘုရင်တွေက အခွင့်အရေး အနည်းငယ်မျှတောင်မှ သူများကို မပေးနိုင်နေတာပါ။ တကယ်တမ်းမှာ လူထုရဲ့ စိတ်ဆန္ဒကို အလွယ်တကူစွဲဆောင်နိုင်ရေးမှာ သူတို့ အနေနဲ့ ဘယ်လိုမှ နားမလည်နိုင်တဲ့အရာဖြစ်နေတဲ့အတွက် သူတို့စီစဉ်ထားတဲ့အတိုင်း ဖြစ်ချင်မှ ဖြစ်လာ မှာပါ။   

''မြန်မာနိုင်ငံမှာ လူတိုင်းက ရွေးကောက်ပွဲအကြောင်းကိုပဲ ပြောဆိုနေကြတာပါ'' လို့ သြစတြေးလျ လွှတ်တော်အမတ်နဲ့ မြန်မာ့အရေးကျွမ်းကျင်သူ ဂျနယ်လီ ဆဖင်က မကြာသေးခင်ကမှ မြန်မာနိုင်ငံကို သွားတဲ့ သူ့ရဲ့ ကိုယ်ပိုင်ခရီးစဉ်အပြီးမှာ မဇ္စျိမကို ပြောခဲ့ပါတယ်။   

''အဲဒါဟာ ကောင်းလား၊ ဆိုးလားဆိုတာကို လူတိုင်းက သဘောကွဲလွဲနေကြတယ်။ သူတို့ ပါဝင်ယှဉ်ပြိုင်သင့်လား ဆိုတာကိုလည်း ဝေခွဲမရကြဘူး။ စီးပွားရေးအသိုင်းအဝိုင်းမှာကို သဘောထားကွဲလွဲမှုတွေ ရှိနေတယ်'' လို့ သူက ပြောတယ်။   

ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ မကြာခင်မှာပဲ သူ့ရဲ့ ဆိုင်းဘုတ်ကို တင်ရတော့မှာပါ။ ရွေးကောက်ပွဲ ဥပဒေနဲ့ ပါတီမှတ်ပုံတင်ရေးကိစ္စတွေဟာ လာမယ့် သီတင်းပတ်တွေအတွင်း ထွက်လာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ဖြစ်နိုင်ချေအရှိဆုံးကတော့ သင်္ကြန်မတိုင်မီပါ။   

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွန်မတ်စ် အိုဂျာ ကွင်တာနာက မကြာသေးခင်  သွားခဲ့တဲ့ သူ့ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အာသီသရှိပေမယ့် စစ်အစိုးရကတော့ အားတက်သရော မရှိလှဘဲ ဒီကိစ္စကို ပြောဆိုဖို့ ရှောင်ရှားနေပါတယ်။   

ရွေးကောက်ပွဲ လုပ်ငန်းကို ထိန်းချုပ်ဖို့ တာဝန်ရှိတဲ့ ထိပ်တန်း စစ်အစိုးရ ကိုယ်စားလှယ်တွေဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီး၊ ရှေ့နေချုပ်၊ တရားသူကြီးချုပ်နဲ့ ရဲချုပ် အစရှိသူတွေနဲ့ သူ့ရဲ့ ခရီးစဉ်အဆုံး နေပြည်တော်မှာ တွေ့ဆုံတဲ့အခါ အသေးစိတ်ကို မပြောဆိုဘဲ ဥပဒေမူကြမ်းတွေကို ပြင်ဆင်ထားပြီး ရွေးကောက်ပွဲ ဥပဒေလည်း အချိန်မီ ပေါ်ထွက်လာပါလိမ့်မယ်လို့သာ ပြောဆိုခဲ့ပါတယ်။ ဥပဒေတွေ ရေးဆွဲနေတယ်လို့ ပြောတာဟာ သက်သက်မဲ့ အကြောင်းပြချက် ဖြစ်တယ်ဆိုတာ ရှင်းနေပြီး အမှန်ကတော့ ဗိုလ်ချုပ်မှူးကြီးရဲ့ အတည်ပြုချက်ကို စောင့်ဆိုင်းနေတာသာ ဖြစ်ပါတယ်။  

ဒါပေမဲ့ စစ်အစိုးရလိုလားသူ ကိုယ်စားလှယ်လောင်းတွေ မှတ်ပုံတင်ခွင့်ရတဲ့အခါ တခဲနက်ထောက်ခံချက်ရဖို့ စစ်အစိုးရခေါင်းဆောင်တွေရဲ့ အားထုတ်ကြိုးပမ်းချက်တွေကိုတော့ ရပ်တန့်မနေပါဘူး။   

မြန်မာနိုင်ငံတဝှန်းလုံးမှာ နှစ်ပေါင်း ၂၀ အတွင်း တိုင်းပြည်ရဲ့ ပထမဆုံး ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး တိတ်တဆိတ် ပြင်ဆင်နေခဲ့တယ်။ အစိုးရဝန်ကြီးတွေနဲ့ အစိုးရဝန်ထမ်းတွေက နိုင်ငံရေး မဲဆွယ်စည်းရုံးမှုတွေကို စတင် လုပ်ဆောင်နေပြီဖြစ်လို့ အစိုးရအုပ်ချုပ်ရေးယန္တရားရဲ့ လည်ပတ်မှုတွေကိုလည်း ရပ်ဆိုင်းထားလိုက်ပါပြီ။   

အစိုးရထိန်းချုပ်တဲ့ သတင်းစာတွေနဲ့ ရုပ်မြင်သံကြားတွေမှာ စစ်အစိုးရဝန်ကြီးတွေက ဒေသခံတွေရဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကို တက်ရောက်ဖွင့်လှစ်နေတဲ့ သတင်းတွေ၊ ဒေသခံခေါင်းဆောင်တွေနဲ့ လက်ဆွဲနှုတ်ဆက်ပြီး အလှူငွေပေးအပ်နေတဲ့ သတင်းတွေကိုသာ တင်ပြပေးနေပါတယ်။ အမှန်မှာ ဒီနှစ်အစောပိုင်းကတည်းက ဗိုလ်ချုုပ်မှူးကြီးက အပတ်စဉ် ဝန်ကြီးအဖွဲ့အစည်းအဝေးကို ဗုဒ္ဓဟူးနေ့ကို ရွှေ့လိုက်ပြီး ဝန်ကြီးတွေကို သူတို့ တာဝန်ယူထားတဲ့ ဒေသတွေကို ကြာသပတေးနေ့ကနေ တနင်္ဂနွေနေ့အထိ သွားရောက်ပြီး ဖွံ့ဖြိုးရေး အကူအညီတွေ သွားပေးနိုင်အောင်နဲ့ ထောက်ခံမှုရဖို့ အခြားအရာတွေ ပေးနိုင်အောင် စီစဉ်ပေးထားခဲ့တာပါ။   

''ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုနဲ့ မပတ်သက်တဲ့  တခြားဆုံးဖြတ်ချက်တွေ အားလုံးကို မချမှတ်တော့ဘူး'' လို့ ရန်ကုန်ရှိ အမည်မဖော်လိုတဲ့ ကုလသမဂ္ဂအရာရှိတဦးက ပြောပါတယ်။ အရေးပါတဲ့ စီမံကိန်း အသစ်တချို့ကို ရွေးကောက်ပွဲပြီးမှသာ စတင်နိုင်မယ်လို့ အစိုးရဝန်ကြီးတွေက မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအရာရှိတွေနဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေကို ပြောပါတယ်။ ဥရောပက အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေက လောလောဆယ် ဆောင်ရွက်ချက်တွေကို ဧပြီလအထိသာ စီစဉ်ထားတယ်လို့ ဘန်ကောက်ကနေ မြန်မာပြည်ကို စောင့်ကြည့်လေ့လာနေတဲ့ ဥရောပ သံတမန်တဦးက ပြောပါတယ်။   

စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းရဲ့ အဆိုအရ အဂတိလိုက်စားတယ်လို့ နာမည်ကြီးတဲ့ စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်းကို ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးဖို့နဲ့ စစ်အစိုးရလိုလားတဲ့ ကိုယ်စားလှယ်လောင်းတွေအတွက် ငွေကြေး ထောက်ပံ့ရေးကို တာဝန်ပေးထားတယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင် ရွေးကောက်ပွဲ ဝင်ချင်မှ ဝင်မှာဖြစ်ပေမယ့် စစ်အစိုးရရဲ့ ရွေးကောက်ပွဲတွေကို စီမံခန့်ခွဲဖို့ အဓိက စီစဉ်သူအဖြစ် စစ်ခေါင်းဆောင်က မျှော်လင့်ထားပုံရပါတယ်။   

စစ်အစိုးရ မူဝါဒကို ထောက်ခံဖို့ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက ဖွဲ့စည်းထားတဲ့ စစ်အစိုးရ ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းကြီး (ကြံ့ဖွံ့) က ရွေးကောက်ပွဲအတွက် စစ်အစိုးရလိုလားသူ ကိုယ်စားလှယ်လောင်းတွေကို ဖြည့်ဆည်းပေးလိမ့်မယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းရဲ့ အဆိုအရ သိရပါတယ်။   

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ စစ်တပ်ဘက်တော်သား ပါတီဖြစ်ခဲ့ပြီး အခု ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် မဟာဗျူဟာမှာလည်း ထပ်မံအားဖြည့်ထားပါတယ်။ ထိပ်တန်း စစ်အစိုးရ အသိုင်းအဝိုင်းရဲ့ အဆိုအရ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဟာ စစ်တပ်ရဲ့ ညီအမပါတီ ဖြစ်တယ်လို့ တပ်မတော်သားတွေကို ပြောဆိုနေတယ်လို့ ဆိုပါတယ်။   

ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာ ကွင်တာနာက ပြီးခဲ့တဲ့လတုန်းက ရန်ကုန်မှာ တစည ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ သူတို့က သူတို့ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ပြီးစီးခဲ့ပြီး ပါတီမူဝါဒတွေကိုလည်း ချမှတ်ပြီးပြီလို့ ဝန်ခံခဲ့ပါတယ်။ ဒါကြောင့် တနိုင်ငံလုံးမှာ ထိထိရောက်ရောက်နဲ့ မဲဆွယ်စည်းရုံးမှုတွေကို ပြုလုပ်နေပြီလို့ ဆိုပါတယ်။ ရွေးကောက်ပွဲ ဥပဒေမထွက်သေးခင် ဒီလိုလုပ်ဆောင်ချက်တွေဟာ တကယ်တော့ တရားမဝင်ပါဘူး။  

ဒီလို လုပ်ဆောင်ချက်မျိုးဟာ အတိုက်အခံတွေ ဘယ်လိုမှ လုပ်ခွင့်မရတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ စစ်အစိုးရကို အတော်အသင့် ဝေဖန်လေ့ရှိတဲ့၊ အသစ်ဖွဲ့စည်းလိုက်ပြီး ပါတီမှတ်ပုံမတင်ရသေးတဲ့ ညီညွတ်သော ဒီမိုကရက်တစ် ပါတီကတော့ မနှစ်တုန်းက သူတို့ရဲ့ ပါတီဖွဲ့စည်းခြင်း အထိမ်းအမှတ် အစည်းအဝေး ကျင်းပတာကို အာဏာပိုင်တွေဘက်က သူတို့ခွင့်ပြုချက်မရသေးဘဲ နောက်ထပ် မလုပ်ဖို့ ခေါ်ယူသတိပေးခဲ့ပါတယ်။ ဥပဒေအရ လူ ၅ ဦးထက်ပိုပြီး မစုဝေးဖို့ တားမြစ်ထားကြောင်းနဲ့ ဥပဒေကို ချိုးဖောက်ခဲ့ရင် ရ နှစ်အထိ ထောင်ဒဏ်ကျ ခံရမှာဖြစ်ကြောင်း ပြောဆိုခဲ့တယ်။

နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကတော့ ရွေးကောက်ပွဲဥပဒေ မထွက်သေးသရွေ့ ကိုယ်စားလှယ်လောင်းတွေ ဖြည့်ဆည်းရေး၊ မဖြည့်ဆည်းရေး ဆုံးဖြတ်ဦးမှာ မဟုတ်ဘဲ စောင့်ဆိုင်းဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအချင်းအရာကို ပြည်တွင်းက ပညာရှင်တွေနဲ့ စည်းရုံးလှုပ်ရှားသူ အများအပြားက သတိထားပြီး ဆန့်ကျင်နေတာပါ။   

''ရွေးကောက်ပွဲက အရေးကြီးပါတယ်။ ဒီအခွင့်အရေးကို ကျနော်တို့ အခုအချိန်မှာ မရယူဘူးဆိုယင် အချိန် သိပ်နောက်ကျသွားလိမ့်မယ်။ ရွေးကောက်ပွဲဥပဒေ ထွက်မလာခင် ဆုံးဖြတ်ပြီး ပြင်ဆင်ထားမှ ဖြစ်မယ်'' လို့ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက မီဒီယာသမားတွေကို ချင်းမိုင်မှာ ပြောကြားသွားပါတယ်။   

''ပြည်သူလူထုက လက်ရှိ မြန်မာအစိုးရကို မကြိုက်ဘူး'' လို့ သူက ပြောပါတယ်။ ''အခု လာမယ့် ရွေးကောက်ပွဲတွေမှာ မဲပေးခြင်းအားဖြင့် ဒါကို ကျနော်တို့ ပြောင်းလဲဖို့ အခွင့်အရေး ရှိလာပြီ'' လို့ ဆက်ပြောပါတယ်။  

လူတိုင်းကတော့ ဒီလို ယူဆသူတွေ မဟုတ်ပါဘူး။ ''ဒီရွေးကောက်ပွဲမှာ ဘာလို့ဝင်ပြိုင်ရမှာလဲ။ စစ်တပ်က အရာရာကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားမှာ ဖြစ်တယ်'' လို့ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုမှ ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဦးဇင်လင်းက ပြောပါတယ်။  

''ကျနော်တို့ လွတ်လွတ်လပ်လပ် ပြောခွင့်မရဘူး။ လွတ်လွတ်လပ်လပ် တွေ့ခွင့်မရဘူး၊ လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ မရဘူး။ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုလုပ် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်မှာလဲ'' လို့ သူက ဆက်ပြောတယ်။

ဒါပေမဲ့ ပြည်တွင်းက ဒေါက်တာခင်ဇော်ဝင်းတို့လို လူမှုစည်းရုံးလှုပ်ရှားသူတွေကတော့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲဖို့အတွက် အခွင့်အရေးတိုင်းကို ဆုတ်ကိုင်နိုင်ရမယ်လို့ဆိုပြီး ရွေးကောက်ပွဲတွေကနေ အဲဒီအခွင့်အရေးကို ပေးပါလိမ့်မယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲရောက်တဲ့အခါ လူထုက ဒီမိုကရေစီကို ထောက်ခံတဲ့ ပါတီကိုပဲ မဲပေးပါလိမ့်မယ်လို့ သူက မဇ္စျိမကို ပြောပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေက သူတို့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ကြီးကြီးကျယ်ကျယ် အတားအဆီး ဖြစ်နေပေမယ်လို့ ဒီမိုကရေစီအရေး လှုပ်ရှားကြိုးပမ်းသူတွေအတွက် ရွေးကောက်ပွဲ ဝင်ရောက်ဖို့ တွန်းအားပေးနေပါတယ်။ ဒီမိုကရေစီခေါင်းဆောင် အတော်များများက ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း တင်သွင်းခြင်းအားဖြင့် မေးခွန်းထုတ်စရာ ရှိနေတဲ့ နိုင်ငံရေးဖြစ်စဉ်ကို တရားဝင် သွားအောင် ပြုလုပ်ပေးသလိုဖြစ်မှာ စိုးရွံ့နေကြပေမယ့် မြန်မာအတော်များများကတော့ စစ်တပ်ကို ဆန့်ကျင်ပြီး နောက်တကြိမ် မဲပေးခွင့်ရမယ့် အခြေအနေကို ငံ့လင့်နေကြပါတယ်။   

''ကျနော်တို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ရွေးကောက်ပွဲကတော့ ဖြစ်မှာပဲ'' လို့ ရန်ကုန်ရှိ ရခိုင်လူငယ် ကိုညီညီက ပြောပါတယ်။ ''ကျနော်တို့မှာ မဲပေးဖို့ကလွဲလို့ တခြားရွေးချယ်ခွင့် မရှိဘူး။ ကျနော်တို့ အမျှော်လင့်နိုင်ဆုံးကတော့ စစ်တပ်ရဲ့ အလိုကျ ဆောင်ရွက်ပေးမယ့် ကိုယ်စားလှယ်လောင်း မဟုတ်သူတွေ ရွေးကောက်ပွဲမှာ ပါလာဖို့ပဲ''   

''အမိုက်မှောင်ဆုံး ကာလတွေ ကျနော်တို့ကို ဖုံးလွှမ်းခဲ့ပါတယ်'' လို့ ဒေါက်တာခင်ဇော်ဝင်းက ပြောပါတယ်။ ''ကျနော်တို့ အနှစ် ၂၀ ဆုံးရှုံးခဲ့ပြီးပါပြီ။ ဒီအခွင့်အရေးကို လက်လွှတ်ခံလိုက်ရင် ပြည်သူလူထုအတွက် ဒီထက်ပိုပြီး ဒုက္ခရောက်ဖို့ပဲ ရှိတော့တယ်'' လို့ သူက ဆက်ပြောပါတယ်။

Most read this week