တနာရီ မိုင် ၁၂၀ အထိရှိသော လေပြင်းတိုက်ခိုက်နိုင်

တနာရီ မိုင် ၁၂၀ အထိရှိသော လေပြင်းတိုက်ခိုက်နိုင်
by -
ဖနိဒါ
ယခုမှသည် ဧပြီလကုန် ကာလအတွင်း တနာရီ မိုင် ၁၂ဝ နှုန်းအထိရှိသော လေပြင်းတိုက်ခိုက်မှုများ မြန်မာနိုင်ငံ နေရာအများအပြားတွင် အချိန်မရွေး တိုက်ခိုက်ဖွယ်ရှိကြောင်း မိုးလေဝသ ...

ချင်းမိုင်(မဇ္ဈိမ) ။    ။ ယခုမှသည် ဧပြီလကုန် ကာလအတွင်း တနာရီ မိုင် ၁၂ဝ နှုန်းအထိရှိသော လေပြင်းတိုက်ခိုက်မှုများ မြန်မာနိုင်ငံ နေရာအများအပြားတွင် အချိန်မရွေး တိုက်ခိုက်ဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒသဌာနက သတိပေးထားသည်။

အဓိကအားဖြင့် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်အထက်ပိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်အတွင်းနှင့် မြစ်ဝကျွန်းပေါ် ဒေသအချို့တွင် နေရာမရွေး  လေဆင်နှာမောင်း တိုက်ခတ်ကာ အချို့နေရာများတွင် မိုးကြီးခြင်း၊ မိုးသီးကြွေခြင်းများဖြစ်နိုင်သည်ဟု နေပြည်တော်ရှိ ဇလဗေဒဌာနက ပြောသည်။

“လေတိုက်နှုန်းက ပြင်းတယ်။ နေရာကျဉ်းတယ်။ အချိန်တိုတိုလေး။ လေတိုက်နှုန်းက တနာရီမှာ ၁၂ဝ မိုင်တိုက်နိုင်မယ်။ ၃ဝ မိနစ်လောက်ကြာမယ်၊ ဧရိယာက အနံအားဖြင့် တမိုင်ခွဲ။ အရှည်အားဖြင့် ၅ မိုင်မှ ၁ဝ မိုင် အဲဒီအတွင်းဖြစ်မယ်”ဟု အဆင့်မြင့်အရာထမ်းတဦးက မဇ္ဈိမသို့ ပြောသည်။

ယခုအချိန်၌ မြန်မာနိုင်ငံတောင်ပိုင်းတွင် ဖြစ်မြဲထက်ပို၍ အပူချိန်များနေပြီး မြောက်ပိုင်းတွင်မူ ဖြစ်မြဲထက် ပို၍ လျော့နေသည်။

“ ဧပြီလကုန်အထိ မြန်မာနိုင်ငံအရပ်ရပ်မှာ မိုးတိမ်တောင်ကြီးများ ဖြစ်ပေါ်ရာကနေ တဆင့် လေပြင်းတိုက်၊ မိုးသီးကြွေတာတို့၊ မိုးသီးထန်တာတို့ နေရာကွက်၍ မိုးကြီးတာတွေ ဖြစ်ပေါ်လာနိုင်မယ်လို့ General (ယေဘူယ) ခန့်မှန်းထားတယ်” ဟု သူက ဆက်ပြောသည်။

မြစ်ဝကျွန်းပေါ် ခရီးသွားလာနေသည့် သဘောင်္များ၊ ရေယာဉ်များအတွက် သက်ဆိုက်ရာဌာနများသို့ သတိပေးထားပြီးဖြစ်ကြောင်းနှင့် မိုးလေဝသသတင်းကို အာရုံုစိုက် နားထောင်သင့်သည်ဟု ပြောသည်။

မုန်တိုင်း တိုက်ခတ်လာသည့် လမ်းကြောင်းအောက်တွင် ရောက်ရှိလျှင် သစ်ပင်များ အမြစ်ပါမကျန် လဲပြိုခြင်း၊ အိမ်ခေါင်မိုး လှန်သွားခြင်းများ ဖြစ်ပေါ်နိုင်သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ၁၉၇၉  ခုနှစ်က တည်ဆောက်ထားခဲ့သော မိုးတိမ်တောင်ကြီးများကို ခြေရာခံနိုင်သည့် ကိရိယာမှာ  ၂ဝဝ၄ ခုနှစ်တွင် ပျက်ဆီးခဲ့ပြီဖြစ်၍ စိုက်ဆင်းလေပြင်းကျရောက်မည် မကျရောက်ဘူးဆိုသည်ကို မိုးဇလအနေဖြင့် ခန့်မှန်းရခက်ခဲသည်ဟု ဝန်ထမ်းများက ဝန်ခံပြောကြားသည်။