နယူးဒေလီ (မဇ္စျိမ)။ ။ မေခ-မလိခ မြစ်ဆုံတွင် ရေကာတာ တည်ဆောက်မည်ဖြစ်သဖြင့် အနီးရှိ တန်ထဲရ်ရွာကို ပြောင်းရွှေ့ရန် သဘောတူကြောင်း လက်မှတ်ရေးထိုးရန် မြစ်ကြီးနားမြို့နယ် အာဏာပိုင်များက ကျေးရွာ ဥက္ကဋ္ဌကို ဖိအားပေးခဲ့သည်ဟု ကချင်လူမှု့ အဖွဲ့တခုက ပြောသည်။
မြစ်ကြီးနားမြို့နယ် မယက အဖွဲ့ဝင်များက တန်ထဲရ်ကျေးရွာ ဥက္ကဋ္ဌ ဦးအောင်ဘန်းကို ရွာပြောင်းရွှေ့ရန် ပြီးခဲ့သည့်လ ရ ရက်နေ့တွင် သဘောတူကြောင်း ခြိမ်းခြောက်ကာ အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းကြောင်း ယခု သတင်းရရှိခဲ့သည်ဟု ကချင် လူမှုဖွံ့ဖြိုးတိုးတက်မှု ကွန်ယက်အဖွဲ့ KDNG က ပြေသည်။
“မြစ်ကြီးနား မယက အဖွဲ့ဝင်တွေက ငါတို့က ပြည်ထဲရေးက ခိုင်းတဲ့အတိုင်း လုပ်ရတာ။ လက်မှတ်မထိုးရင် အဖမ်းခံ၊ ထောင်ချခံရမယ်လို့ ခြိမ်းခြောက်လို့ ကျေးရွာ ဥက္ကဋ္ဌက ထိုးပေးလိုက်တယ်” ဟု KDNG အဖွဲ့ ဥက္ကဋ္ဌ ကိုအောင်ဝါက မဇ္စျိမကို ပြောုသည်။
ကချင်ပြည်နယ် မြစ်ဆုံဒေသရှိ ကျေးရွာ ၆ဝ ခန့် ပြောင်းရွေ့ရန် ဒေသ အာဏာပိုင်များက ပြင်ဆင်နေချိန်တွင် ယခုသတင်း ပေါ်ပေါက်ထွက်လာခြင်း ဖြစ်သည်။
ကျေးရွာ ပြောင်းရွှေ့ရမည်ဆိုပါက မြေနေရာ ရွေးချယ်ခွင့်၊ လျော်ကြေးနှင့် နစ်နာကြေးများ ရရှိခံစားခွင့်တို့ အပါအဝင် တောင်းဆိုချက် ၁ဝ ချက် လိုက်လျောပေးရန် တန်ထဲရ်ကျေးရွာ ရပ်မိရပ်ဖ ၂၂ ဦးက ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကချင်ပြည်နယ် ကောင်စီ ဥက္ကဋ္ဌထံ လက်မှတ်ရေးထိုး တောင်းဆိုထားသည်။
“အခုက ဘာအချက်ကိုမှ မလိုက်လျောဘဲ အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းခဲ့တာ။ ရွာသားတွေကတော့ ဒီပုံစံနဲ့ဆို မပြောင်းဘူးလို့ ပြောနေကြတယ်။ သက်ကြီးရွယ်အိုတွေဆိုရင် သူတို့ ဘိုးစဉ်ဘောင်ဆက် နေလာတဲ့ နေရာမို့လို့ ပြောင်းဖို့ကို နေ့စဉ်နဲ့အမျှ စိတ်မကောင်း ဖြစ်နေကြတယ်” ဟု ကိုအောင်ဝါက ဆိုသည်။
ရေကာတာ တည်ဆောက်ရေးကို တရုတ် လျှပ်စစ်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI နှင့် ပူးတွဲတာဝန်ယူသည့် အေးရှားဝေါလ်ကုမ္ပဏီက ၂ဝဝ၉ ခု ဒီဇင်ဘာလ အစောပိုင်းတွင် အလုပ်သမား အိမ်ရာများ ဆောက်လုပ်ခဲ့သလို၊ ဧရာဝတီ မြစ်ရေအောက်ပိုင်း စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီး ရွာသား တသောင်းခွဲခန့် ပြောင်းရွှေ့နေထိုင်ရန် မြစ်ကြီးနားအထက် မိုင် ၂ဝ ကျော်ရှိ ကျင်ခန်လုန်ကာဇွပ် ရွာအနီးတွင် အိမ်တန်းလျားများ ဆောက်လုပ်ခဲ့သည်။
အဆိုပါ နေရာသို့ ပြောင်းရွှေ့ရမည့် ကျေးရွာများထဲတွင် အိမ်ခြေ ၂ဝဝ ကျော်ရှိပြီး လူဦးရေ ၁ဝဝဝ ကျော်ရှိ တန်ထဲရ်ရွာ အပါအဝင် မြစ်ဆုံ၊ ကျိန်ခရန်၊ ဒေါင်ပန်၊ ခန်းဘူး စသည့် ကျေးရွာများ ပါဝင်သည်။
“ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်တဲ့ အဓိပ္ပာယ်ပါ။ ရေကာတာ တည်ဆောက်ရေးမှာ ဒေသခံပြည်သူတွေရဲ့ ဆန္ဒသဘောထားကို ကောက်ယူရမယ်ဆိုတဲ့ မူ ရှိပါတယ်။ အခုလို အတင်းအဓမ္မပြောင်းရွေ့ဖို့ လုပ်တာဟာ နောင်တချိန်မှာ ဆိုးကျိုးတွေပဲ ဖြစ်လာပါလိမ့်မယ်” ဟု ကိုအောင်ဝါက ပြောသည်။
မြစ်ဆုံရေကာတာကို မြစ်ကြီးနားမြို့အထက် ၂၇ မိုင်အကွာ ဧရာဝတီမြစ်ကြီး ဖြစ်ပေါ်စေသည့် မေခ-မလိခ မြစ်နှစ်စင်း ပေါင်းဆုံရာ မြစ်ဆုံဒေသတွင် တည်ဆောက်ရန်အတွက် CPI နှင့် အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ ၂ဝဝ၇ ခုနှစ် မေလတွင် သဘောတူညီခဲ့ခြင်း ဖြစ်သည်။
ယခုစီမံကိန်းမှ ရေအားလျှပ်စစ် ၃၆ဝဝ မီဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး မေခမြစ်တွင် တာ ၅ ခုနှင့် မလိခမြစ်တွင် တာ ၂ ခုဖြင့် ရေပိတ်ကာ လျှပ်စစ်ဓာတ် ထုတ်ယူမည်ဖြစ်သည်။
ရေကာတာကျိုးပေါက်ခဲ့ပါက အောက်ဘက် မြစ်ကြီးနားမြို့သာမက မြစ်ဆုံနှင့် မြစ်ကြီးနားအကြား ရွာ ၂ဝ ခန့် ရေလွှမ်းခံရနိုင်ကြောင်း ရေကာတာ တည်ဆောက်ရေး ဆန့်ကျင်လှုပ်ရှားသူများက ခန့်မှန်းထားသည်။
ယင်းကဲ့သို့ ပျက်စီးဆုံးရှုံးမှုပမာဏ ကြီးမားနိုင်သည့် မြစ်ဆုံရေကာတာ စီမံကိန်းကို ဒေသခံ ကချင်လူမျိုးများ၊ ကချင်ကျောင်းသားလူငယ်များသမဂ္ဂ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အပါအဝင် ပြည်ပရောက် ကချင်များက ဆန့်ကျင်လျက်ရှိသည်။
ထို့ပြင် စီမံကိန်းကို ရပ်တန့်ပေးရန် တရုတ်ဝန်ကြီးချုပ် ဝန်ကျားပေါင်သို့ တောင်းဆိုသည့် ပေးစာကို ထိုင်း၊ အိန္ဒိယ၊ စင်္ကာပူ၊ ဗြိတိန်နှင့် နယူးဇီလန် နိုင်ငံများရှိ တရုတ်သံရုံးများသို့ ပြည်ပရောက် ကချင်ပြည်သူများက ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြသေးသည်။
သို့သော် စင်္ကာပူရှိ တရုတ်သံရုံးက သက်ဆိုင်ရာ ကုမ္ပဏီသို့ လွှဲပြောင်းပေးမည်ဟု အကြောင်းပြန်ကြားခဲ့ပြီး ဝန်ကြီးချုပ် ဝန်ကြားပေါင်နှင့် ကျန်ရှိ သံရုံးများက အကြောင်းပြန်ခြင်း မရှိသေးပါ။
အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် CPI သည် မြစ်ဆုံအပါအဝင် ရေအား လျှပ်စစ်စီမံကိန်း ရ ခုကို ကချင်ပြည်နယ်၌ တည်ဆောက်ရန် သဘောတူထားပြီး ယင်းစီမံကိန်းများမှ လျှပ်စစ်ဓာတ်အား ၁၃,၃၆ဝ မီဂါဝပ် ရရှိရန် မျှော်လင့်ထားကြောင်း ၂ဝဝ၇ ခုနှစ် မေလထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ကျန် စီမံကိန်း ၆ ခုမှာ ချီဗွေ (၂ဝဝဝ မီဂါဝပ်)၊ ပါရှီး (၁၆ဝဝ)၊ လာကင် (၁၄ဝဝ)၊ ဖီဇော (၁၅ဝဝ)၊ ခေါင်ဂလန်ဖူ (၁၇ဝဝ)နှင့် လိုင်ဇာ (၁၅၆ဝ) တို့ ဖြစ်သည်။
ဤစီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းဖြစ်ပြီး၊ ဒုတိယမှာ ရှမ်းပြည်နယ်ရှိ ရ၁ဝဝ မီဂါဝပ် ထုတ်ပေးနိုင်သည့် တာဆန်းဆည် စီမံကိန်း ဖြစ်သည်။
မြစ်ဆုံစီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏကို အတိအကျ မသိသော်လည်း အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံခန့် ရှိနိုင်ကြောင်းနှင့် လျှပ်စစ်ဓာတ်အားကို တရုတ်သို့ ရောင်းချဖွယ်ရှိပြီး တနှစ်လျှင် ကန်ဒေါ်လာ သန်း ၅ဝဝ ခန့် ရရှိနိုင်ကြောင်း ၂ဝဝ၇ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်ခဲ့သည့် KNDG ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကမ္ဘာတဝှမ်း ဆည်ဆောက်လုပ်မှုကြောင့် လူဦးရေ သန်း ၄ဝ မှ ၈ဝ အထိ နေရပ်စွန့်ခွာ ပြောင်းရွှေ့ခဲ့ရကြောင်း ကမ္ဘာ့ဆည်များ ကော်မရှင် (World Commission on Dams) အဖွဲ့က ခန့်မှန်းတွက်ချက်ထားသည်။
ဟိမဝန္တာတောင်တန်းများမှ မြစ်ဖျားခံလာသည့် မေခနှင့် မလိခမြစ်တို့ ပေါင်းဆုံရာမှ ဖြစ်ပေါ်လာသည့် ဧရာဝတီမြစ်သည် မြန်မာနိုင်ငံတွင် အရေးကြီးဆုံး ကူးသန်းရောင်းဝယ်ရေး ရေကြောင်းလမ်းဖြစ်ကာ ၁၄၅ဝ မိုင်ခန့် ရှည်လျားသည်။ မြစ်အတွင်း မျိုးတုန်းပျောက်ကွယ်လုနီး ဧရာဝတီလင်းပိုင်များ ကျက်စားသည်။