မိုင်းလားတပ်ဖွဲ့ အတွင်းရေးမှူးဦးမင်းအိမ် လုပ်ကြံခံရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံပွဲတွင် နအဖက ပိုမိုအကြပ်ကိုင်ဖိအားပေးလာသည်ဟု စုံစမ်းသိရှိရပါသည်။
“၂၅ ရက်နေ့ တွေ့ဆုံတုန်းက ဂျီဝမ်းသန်းထွဋ်သိန်းက - မိုင်းလားတပ်ဖွဲ့ ရွေးခြယ်ဖို့လမ်း ၃ ခု ဘဲပေးမယ်- တဲ့။ ရာနှုန်းပြည့်အသွင်ပြောင်းရင်ပြောင်း၊ မပြောင်းချင်ရင်လက်နက်ချ၊ မချရင်တော့ ခင်ဗျားတို့ကို မတရားအသင်း အဖွဲ့ဖြစ်သွားမယ် ဆိုပြီးကိုပြောတယ်”- ဟု ကျိုင်းတုံကုန်သည်တဦးက ပြောပါသည်။
ဖေဖေါ်ဝါရီ ၂၇-၂၈ မိုင်းလား တပ်ဖွဲ့ဌာနချုပ် ၌ နှစ်ရက်ဆက်တိုက် အစည်းအဝေးထိုင်ပြီး ၂၈ ရက်နေ့ မွန်းလွဲ ပိုင်းတွင် နအဖ ထံစာရေးအကြောင်းပြန်ခဲ့ရာ - မိုင်းလားတပ်ဖွဲ့တင်ပြဖူးသည့် အချက် ၆ ကိုသာ လက်ခံ ထား မြဲဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် အချိန်ယူစဉ်းစားပေးသင့်ကြောင့် - ထည့်သွင်းရေးသားထားသည်ဟု ဆိုသည်။
မိုင်းလား ဒုဥက္ကဌနှင့်အဖွဲ့ ကျိုင်းတုံစစ်တိုင်းရုံး ဂျီဝမ်းသန်းထွဋ်သိန်းနှင့် နောက်ဆုံးတွေ့ဆုံခဲ့စဉ်က သော်လည်း ကောင်း၊ စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်၊ သျှမ်းပြည်တိုင်းချုပ် ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ၊ တြိဂံတိုင်းမှူး ဗိုလ်ချုပ် ကျော်ဖြိုးတို့နှင့် တွေ့ဆုံခဲ့စဉ်ကသော်လည်းကောင်း အသွင်ပြောင်းရေးအတွက်သာ တဘက်သတ် ဖိပြောခြင်းခံရပြီး မိုင်းလားတပ်ဖွဲ့တင်ပြသည့် အချက်အလက် တစုံတရာလက်ခံခြင်းမရှိဟုဆို၏။
အတွင်းရေးမှူး ဦးမင်းအိမ် လုပ်ကြံခံရပြီးနောက်ပိုင်း ဆက်ဆံရေးပိုမိုခက်ထန်လာသည့်အကြောင်းကို ထိုင်း နှင့် တရုတ် နယ်စပ်သွားလာသူ နိုင်ငံရေးအကဲခတ်တဦးက ဤကဲ့သို့ပြောပြ၏။
“ဦးမင်းအိမ်ဆုံးသွားပြီးတော့ သူတို့လေသံပိုမာလာတယ်။ အချိန်မရှိတော့ဘူး၊ အသွင်ပြောင်းဖို့မြန်မြန်လုပ်၊ ဗမာ့ တပ်မတော်ဘက်ကတော့ အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့ အားလုံးအဆင်သင့်ဖြစ်နေပြီ၊ တင်းခံရင်ဝင်တိုက် ဖို့ စစ်ရေးပြင်ဆင်မှုလဲ အသင့်အနေအထားမှာရှိနေပြီ ဆိုတဲ့လေသံမျိုးနဲ့ ပြောသွားတယ်”
NDAA-ESS မိုင်းလားတပ်ဖွဲ့ ဒု ဥက္ကဌ ခွန်ဆန်လူ၊ အတွင်းရေးမှူး ဦးမင်းအိမ် (အလယ်)၊ အတွင်းရေးမှူး ၂ ဦးနွေဦး
၂၀၀၉ နိုဝင်ဘာ ၆ ရက်နေ့ သျှမ်းပြည် နှင့် ကရင်နီပြည် (ကယားပြည်) စစ်တိုင်းသုံးတိုင်းချုပ် ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ထံ တင်ပြတောင်း ဆိုဘူးသည့် အဓိက အကြောင်းရင်း ၆ ချက်မှာ - နယ်ခြားစောင့်တပ်အဖြစ် အသွင် ပြောင်းလျှင်.....
၁။ နအဖ စစ်အရာ ရှိများ မိုင်းလား တပ်ဖွဲ့အတွင်း ၀င်ရောက်တာဝန်ထမ်းခြင်းမပြု လုပ်သေးရန်၊
၂။ မွမ်းမံ/စစ်သင်တန်း အားလည်း မိုင်းလားနယ် မြေအတွင်း၌သာြုပလုပ်ရန်၊
၃။ တာဝန်ထမ်း ဆောင်နိုင်သေးသည့် အသက် ၅၀ ကျော် မိုင်းလား အရာရှိများ ရာထူးမှ ရပ်နားခြင်းမပြုရန်၊
၄။ မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေအားလုံး နဂိုအတိုင်း ထားရှိသွားရန်၊
၅။ စစ်အစိုးရ၏ဌာနဆိုင်ရာအုပ်ချုပ်ရေးယန္တရားများ မိုင်းလားဒေသအတွင်း ၀င်ရောက်ထမ်း ဆောင်ခြင်းမြုပသေးရန်၊
၆။ မိုင်းလားတပ်ဖွဲ့၏ စစ်တပ်ပိုင်းဆိုင်ရာ/ အုပ်ချုပ် ရေးပိုင်းဆိုင်ရာ ကော်မတီများအား နဂိုအတိုင်းထားရှိရန် - စသည်တို့ဖြစ်သည်။