ရွှေ့ပြောင်း လုပ်သား ၅ သိန်း မိခင်နိုင်ငံ ပြန်ပို့မည်

ရွှေ့ပြောင်း လုပ်သား ၅ သိန်း မိခင်နိုင်ငံ ပြန်ပို့မည်
by -
ကျော်ခ
အလုပ်သမားလက်မှတ် သက်တမ်းတိုးရန် ပျက်ကွက်ခဲ့သည့် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား ၅ သိန်းခန့်ကို  ဖမ်းဆီး၍ နေရပ်ရင်းသို့ ပြန်ပို့မည်ဟု ထိုင်းအလုပ်သမား ဝန်ကြီးဌာနက...

အလုပ်သမားလက်မှတ် သက်တမ်းတိုးရန် ပျက်ကွက်ခဲ့သည့် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား ၅ သိန်းခန့်ကို  ဖမ်းဆီး၍ နေရပ်ရင်းသို့ ပြန်ပို့မည်ဟု ထိုင်း အလုပ်သမား ဝန်ကြီးဌာနက ပြောသည်။

“သဘောတူညီချက်အတိုင်း လုပ်ဆောင်ဖို့ ပျက်ကွက်တဲ့ တရားမဝင်အလုပ်သမားတွေကို ကျနော်တို့ အနေနဲ့ ဖမ်းပြီးတော့ ပြန်ပို့ရမှာဘဲ” ဟု ထိုင်း အလုပ်ရှာဖွေ ခန့်ထားရေး ဌာန လက်ထောက်ဒါရိုက်တာ Supat Gukun က ယင်းသို့ ပြောကြောင်း ယနေ့ထုတ် THE NATION သတင်းစာ၌ ဖော်ပြထားသည်။

ယနေ့တွင် စတင်အသက်ဝင်မည့် ပြန်ပို့ရေးအစီအစဉ်ကို ရဲနှင့် လူဝင်မှုကြီးကြပ်ရေးဌာနများနှင့် ပူးတွဲ၍ ပြန်ပို့ရေး အစီအစဉ်ကို အကောင်ထည် ဖော်မည်ဟုလည်း ဆိုသည်။

အမှန်တကယ်သာ အကောင်အထည်ဖော်ဖြစ်လျှင် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးရန် ပျက်ကွက်ခဲ့သည့် မြန်မာ၊ လာအို၊ ကမ္ဘာဒီးယား နိုင်ငံသား ၅ သိန်းခန့်မှာ ပြန်ပို့ခံရမှာဖြစ်သည်။

ထိုင်းနိုင်ငံတွင်းအလုပ်လုပ်ခွင့် သက်တမ်းတိုးရန်နှင့် ယာယီနိုင်ငံကူး လက်မှတ်အတွက် နိုင်ငံသား စီစစ်မှု ခံယူရန် ပုံစံဖြည့်စွပ်ချိန် နောက်ဆုံးရက်အဖြစ် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ယခင်လ ၂၈ ရက်နေ့ကို သတ်မှတ်ပေးခဲ့သည်။ သို့သော် ရုံးပိတ်ရက်များနှင့် တိုက်နေသဖြင့် ၂ ရက် ထပ်တိုးပေးခဲ့ရာ ယမန်နေ့က နောက်ဆုံးဖြစ်သည်။

သက်ဆိုင်ရာ ထိုင်းအလုပ်သမားရုံးများက လက်မှတ်သက်တမ်းလာတိုးသူများအား နိုင်ငံသားစီစစ်ရေး ပုံစံကိုပါ ဖြည့်စွပ်စေကြောင်း မဖြည့်စွပ်ပါက သက်တမ်း မတိုးပေးကြောင်း သိရသည်။ စီစစ်ရေးပုံစံ တင်ပါမည်ဟု အလုပ်ရှင်နှင့် အလုပ်သမားက ဝန်ခံချက် လက်မှတ်ထိုးလျင်မှု သက်တမ်းတိုးပေးပြီး ပုံစံဖြည့်တင်ရန် ယခုလကုန်အထိ အချိန်ရမည်ဖြစ်သည်။ ယခု ဖမ်းဆီးပြန်ပို့ ခံရမည့်သူများသည် လက်မှတ်သက်တမ်းလည်းမတိုး၊ ပုံစံလည်း မဖြည့်သူများဖြစ် သည်ဟု ဆိုသည်။

ရွှေ့ပြောင်းအလုပ်သမားအချို့မှာ ခရီးကွာဝေးသည့် ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း၊ လယ်လုပ်ငန်း၊ ရော်ဘာ လုပ်ငန်း၊ သစ်သီးခြံလုပ်ငန်းများတွင် လုပ်ကိုင်နေကြသဖြင့် အချိန်တိုအတွင်း ဆောင်ရွက်ရန်ကိစ္စများကို အမြန်ဆုံးရန် မလွယ်ကူကြောင်း အဝေးရောက်ညွှန့်ပေါင်းအစိုးရ NCGUB မှ ရွှေ့ပြောင်းအလုပ်သမား ရေးရာဌာန တာဝန်ခံ ကိုသက်ခိုင်က မဇ္စျိမကို ပြောသည်။

နောက်ဆုံးနေ့ဖြစ်သော ယမန်နေ့က အလုပ်လုပ်ကိုင်ခွင့်သက်တမ်း တိုးမြှင်ခဲ့သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို တို့မှ ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ရဝ၇၂၄၆ ဦး ရှိသည်ဟု ထိုင်းနိုင်ငံ နိုင်ငံခြားသား အလုပ်သမားစီမံခန့်ခွဲရေးဌာနမှ အစီရင်ခံစာ ထုတ်ပြန်ထားသည်။

ထိုအရေအတွက်သည် တရားဝင်မှတ်ပုံတင်ထားသည့် စာရင်းရှိ ၁၃၁၅၉၃၂ ဦး မှဖြစ်သည်။ ၅၃၆ဝ၇၄ ဦးသည် ၎င်းတို့၏ နိုင်ငံသားစီစစ်မှုပြုရေး လျှောက်လွှာကို တင်သွင်းခဲ့ကြပြီး၊ ၁၆၈၆၈၈ ဦးသည် ယာယီ နိုင်ငံကူးလက်မှတ် လက်ခံရရှိပြီး ဖြစ်ကြောင်း သိရသည်။

အလုပ်သမားများကို ဖမ်းဆီးပို့ဆောင်မည်ဆိုလျင် လူအခွင့်အရေးချိုးဖောက်မှုများ၊ အနိုင်ကျင့်ခံရမှုများ ခံရဖွယ်ရှိကြောင်းနှင့် ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံစီးပွားရေးကဏ္ဍအတွက် အရေးပါ သောကြောင့် ထိုင်းအစိုးရအနေနဲ့ ငဲ့ညှာသင့်ကြောင်း နိုင်ငံတကာနှင့် ထိုင်း အလုပ်သမားအဖွဲ့အစည်းများ နှင့် ကျွမ်းကျင် သူများက ထောက်ပြနေကြသည်။

Most read this week