စစ်အစိုးရ ခေါင်းဆောင်က မြန်မာနိုင်ငံတွင် တောင်သူလယ်သမားများဘဝ တိုးတက် မြင့်မားလာပြီ ဆိုခြင်းကို အတိုက်အခံ နိုင်ငံရေးပါတီ ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပယ်ချ လိုက်သည်။
ယနေ့ကျရောက်သည့် တောင်သူလယ်သမားနေ့အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သဝဏ်လွှာတွင် ရေလှောင်တမံများ၊ ရေထိန်းတံခါးများ၊ မြစ်ရေတင်စီမံကိန်းများ တည်ဆောက်ပေးခဲ့ သဖြင့် စိုက်ပျိုးရေးဖွံ့ဖြိုးလာပြီး လယ်သမားများဘဝ မြင့်မားလာစေကြောင်း ဖော်ပြခဲ့မှုအပေါ် တုန့်ပြန် လိုက်ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံဆိုတာ ဆန်တင်ပို့တဲ့ ထိပ်တန်းနိုင်ငံ ဖြစ်ခဲ့တယ်။ ခုချိန်မှာတော့ အရည်အသွေးရော ထုတ် လုပ်မှုမှာပါ ကျဆင်းနေတာ။ တခြားနိုင်ငံက လယ်သမားတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက လယ်သမားတွေက တိုးတက်နေကြပါတယ်လို့ မဖြစ်နိုင်ပါဘူး” ဟု ပါတီ အတွင်းရေးမှူး ဦးအေးသာအောင်က မဇ္စျိမကို ပြောသည်။
ယနေ့ထုတ်မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြခဲ့သော သဝဏ်လွှာအတွင်း၌ တောင်သူလယ်သမားထု ကြီးကို “ဂုဏ်ပြုသောအားဖြင့်” မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားများနေ့ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်ဟု ပါရှိသည်။
ဦးအေးသာအောင်ကမူ ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် တော်လှန်ရေးကောင်စီက ဆိုရှယ်လစ်စနစ်ကို ကြွေးကြော်ပြီး အလုပ်သမား၊ လယ်သမားကို အခြေခံမည်ဟု ကြေညာခဲ့သဖြင့် လယ်သမားများ၏ ထောက်ခံမှုရစေရန် ရည်ရွယ်၍ ၎င်းတို့အာဏာသိမ်းသည့် မတ်လ ၂ ရက်နေ့ကို သတ်မှတ်ခဲ့ခြင်းသာ ဖြစ်သည်ဟုဆိုသည်။
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်မှ တောင်သူလယ်သမားများကို ကိုယ်စားပြုထားသော “စာခြောက်ရုပ်” အဖွဲ့ ကလည်း အမတော်ကြေးချေးငွေ တိုးမြှင့်ထုတ်ပေးရေး၊ လယ်ယာမြေများကို လွတ်လပ်စွာ ရောင်းချခွင့်၊ ပေါင်နှံခွင့်များရရှိရန် ဥပဒေများ ပြဌာန်းပေးရေး စသည့်တောင်းဆိုချက်များ အပါအဝင် လယ်သမားများ၏ နစ်နာချက်များကို စစ်အစိုးရထံ ယနေ့ ရေးသားပေးပို့ခဲ့ကြောင်း ယင်းအဖွဲ့ကို ဦးဆောင်သူများက ဆိုသည်။
လူ ၁ဝဝ ခန့်ဖြင့် ခရမ်းမြို့တွင် တောင်သူလယ်သမားနေ့ကျင်းပခဲ့သည့် စာခြောက်ရုပ်အဖွဲ့သည် ခရမ်းမြို့ နယ်အတွင်းမှ စစ်တပ်အာဏာပိုင်များက လယ်ယာများကို မတရားသိမ်းယူသဖြင့် ဒုက္ခရောက်ရသည့် လယ်သမားများအား ကူညီပေးရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။
စာခြောက်ရုပ်အဖွဲ့ခေါင်းဆောင် အထက်တန်းရှေ့နေ ဦးသန်းဆွေ (ခရမ်း) က “၂ဝဝ၆ - ဝ၇ မှာ သုံးခွမြို့ နယ် ကတုတ်ကျေးရွာ၊ လယ်ဧက ၁၁၅.၆၄ ဧကကို စစ်တပ်ကနေ သိမ်းသွားတယ်။ လယ်သမားတွေက အကူအညီတောင်းတယ်။ အဲဒီကနေ စာခြောက်ရုပ်အင်အားစု ဆိုတာပေါ်လာတာပဲ” ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ၏ သဝဏ်လွှာအတွင်း၌ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယခုနှစ်အတွင်း ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း၊ လယ်သမားများသည် “အေးချမ်းသာယာပြီး ဖွံဖြိုးတိုးတက် သော နိုင်ငံတော်ကို ဆက်လက်ဖော်ဆောင်မည့် ကိုယ်စားလှယ်များကို ရွေးချယ်ပေးကြရမည်” ဟု ထည့်သွင်းထားသည်။
“ပြည်ပကျောထောက်နောက်ခံဖြင့်” နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေမည့်သူများကို ဖယ်ရှားရမည် ဟုလည်း ပါဝင်သည်။
ဦးအေးမြင့်ကမူ ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှုမရှိစေရန် တနိုင်ငံလုံး လူဦးရေ၏ ရဝ ရာနှုန်းဖြစ်သော တောင်သူလယ်သမားနှင့် အလုပ်သမား စသည့် အောက်ခြေလူတန်းစားများအား စားဝတ်နေရေး အခက်အခဲများ စစ်အစိုးရက ဖန်တီးပေးထားသည်ဟု ဆိုသည်။
ယနေ့ထုတ် နအဖ အာဘော်သတင်းစာတွင် ၁၉၈၈ ခုတွင် နိုင်ငံတဝန်း စိုက်ပျိုးဧက ၁၉.၉ သန်းရှိရာမှ ၂ဝဝ၈-ဝ၉ တွင် ၂၉.၃၂ သန်းအထိတိုးတက်လာကြောင်း၊ ၁၉၈၈ တွင် စပါး တင်းပေါင်း ၆၃၁ သန်း ထုတ်နိုင်ရာမှ ၂ဝဝ၈-ဝ၉ ခုတွင် ၁၅၆၁ သန်းအထိ တိုးတက်ထုတ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ဆည်မြောင်းတာတမံများနှင့် မြစ်ရေတင်စီမံကိန်းများကြောင့် စိုက်ပျိုးဧကပေါင်း ၃.၆ သန်းကျော်အတွက် ရေပေးဝေနိုင်ခဲ့သည်ဟုလည်း ဆိုသည်။