စစ်အစိုးရတပ်များ လက်နက်ကြီးဖြင့် မွန်၊ ကရင်ဒေသအတွင်းသို့ ချီတက်လာ

စစ်အစိုးရတပ်များ လက်နက်ကြီးဖြင့် မွန်၊ ကရင်ဒေသအတွင်းသို့ ချီတက်လာ
မြန်မာစစ်အစိုးရတပ်များ လက်နက်ကြီးနှင့်တကွ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ နယ်မြေနှင့် ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်ရာ နယ်မြေအတွင်းသို့ ချီတက် ဝင်ရောက်လာနေ ...

မြန်မာစစ်အစိုးရတပ်များ လက်နက်ကြီးနှင့်တကွ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ နယ်မြေနှင့် ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်ရာ နယ်မြေအတွင်းသို့ ချီတက် ဝင်ရောက်လာနေကြောင်း သိရသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ ညနေ ၅ နာရီခန့်တွင် စစ်အစိုးရတပ်သား ၂၀၀ ကျော်သည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာမှ ကြာအင်းဆိပ်ကြီးမြို့သို့ ချီတက်လာနေကြောင်း ဘုရားသုံးဆူမြို့သို့ တက်လာသည့် မျက်မြင်ခရီးသည်တစ်ဦးက ပြောသည်။

“ဗမာစစ်သားတွေ ဇက်နဲ့ ချောင်းနှစ်ခွရွာဘက်ကမ်းကို ကူးနေကြတာ တွေ့တယ်၊ လက်နက်ကြီးတွေလည်း ပါတယ်” ဟု သူက ပြောသည်။

“ဘယ်တပ်ဖွဲ့ကလည်းဆိုတာတော့ အတိကျမသိသေးပါဘူး၊ ဒါပေမယ့် ဒီတပ်သားတွေက အရှေ့တောင်တိုင်း ထိန်းချုပ်မှုအောက်က တပ်သားတွေပဲ” ဟု KNU တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ရေးကျွမ်းကျင်သူတစ်ဦးက “ဗမာစစ်တပ်တွေ တက်လာတယ်ဆိုတာ ကျနော်ယုံကြည်တယ်၊ သူတို့တက်လာတာလည်း တစ်လမ်းတည်းတော့ မဖြစ်နိုင်ဘူး၊ တပ်ရင်းပေါင်းစုံနဲ့ လမ်းပေါင်းစုံကနေ သူတို့တက်လာမှာပဲ အင်အားနှစ်ရာကျော်လည်း ဖြစ်နိုင်တယ်” ဟု သုံးသပ်ပြောဆိုသည်။

တိုးတက်သောကရင်ဗုဒ္ဓဘာသာ (DKBA) တပ်ဖွဲ့တို့က မြန်မာစစ်အစိုးရတပ် ခလရ ရ၇ တို့နှင့် ပူးပေါင်းပြီး (KNU) တပ်မဟာ ၆ နယ်မြေအတွင်းသို့ ချီတက်လာနေသည်ဟု ကရင်ငြိမ်းချမ်းရေးကောင်စီ (KPC) တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဗမာစစ်တပ်တွေက သူတို့ကျင်းပမယ့် ရွေးကောက်ပွဲ မပြီးမချင်း ဒီလိုပဲ တက်လာမှာပဲ၊ ရွေးကောက်ပြီးမှ ဒါတွေ ရပ်တန့်သွားနိုင်တယ်” ဟု သူက ပြောသည်။

မြန်မာစစ်အစိုးရတို့သည် ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပရန် စီစဉ်လျက်ရှိပြီး၊ ၄င်းတို့အာဏာ တည်မြဲရန်အတွက် စစ်အုပ်ချုပ်မှုဖြင့် ဆက်လက်အုပ်ချုပ်သွားလိုသည်။

(KPC) တပ်ဖွဲ့တို့သည် လွန်ခဲ့သည့် ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလတွင် လည်းကောင်း၊ (DKBA) တပ်ဖွဲ့တို့သည် ၁၉၉၄ ခုနှစ် ဒီဇင်ဘာလတွင်လည်းကောင်း (KNU) တပ်ဖွဲ့တို့မှ အသီးသီးခွဲထွက်ခဲ့ကြပြီး မြန်မာစစ်အစိုးရတို့နှင့် ပူးပေါင်းခဲ့ကြသည်။

မြန်မာစစ်တပ်၊ ဒီကေဘီအေတပ်နှင့် မွန်ခွဲထွက်ရေး နိုင်အောင်နိုင်အဖွဲ့တို့ ပူးပေါင်းပြီး မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဝေသာလီကျေးရွာအနီးတဝိုက်တွင် လှုပ်ရှားနေကြကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် မြန်မာစစ်အစိုးရတို့၏ နယ်ခြားစောင့်တပ်ကမ်းလှမ်းချက်ကို လက်မခံကြောင်း အကြောင်းပြန်ထားပြီးနောက် စစ်အစိုးရဘက်မှ ထပ်မံဖိအားပေးလာခြင်းမျိုး တစုံတရာမရှိခဲ့ပေ။ မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသားတပ်ဖွဲ့တချို့တို့က စစ်အစိုးရ၏ကမ်းလှမ်းချက်ကို ပြတ်ပြတ်သားသား ငြင်းဆိုမှုမရှိသည့်အတွက် စစ်အစိုးရတို့၏ ဖိအားပေးခြင်းကို ခံနေရသည်။ မည်သည့်တိုင်းရင်းသားအဖွဲ့အစည်းမှ နယ်ခြားစောင့်တပ်ကို လက်မခံကြကြောင်း နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောသည်။

“တိုင်းရင်းသားအချင်းချင်း သွေးခွဲဖို့ သူတို့က ကြံနေမှာပဲ၊ စစ်အစိုးရနဲ့ ပေါင်းပြီးတော့ လူမျိုးအပေါ် ရေရှည်အကျိုးရှိလာတဲ့ အဖွဲ့အစည်းဆိုလို့ မတွေ့သေးပါဘူး၊ သူတို့နဲ့ပေါင်းပြီး အစပိုင်းမှာ အကျိုးရှိပုံပေါ်ပေမယ့်လည်း နောက်ပိုင်းမှာ အကျိုးမရှိတဲ့အပြင် အကျိုးပါယုတ်သွားနိုင်တယ်” ဟု ၄င်းက ပြောသည်။

Most read this week