ကားစျေးနှုန်းများ လွန်ခဲ့သည့် ၄ လ ဝန်းကျင်အတွင်း ထက်ဝက်ကျော် ကျဆင်းသွားခဲ့သော်လည်း ကားစျေးကွက်အတွင်း ဝယ်လက်ရှားပါးကာ အရောင်းအဝယ် အေးနေဆဲဖြစ်သဖြင့် စျေးနှုန်းများ ထပ်မံကျဆင်းနိုင်ဖွယ် ရှိသေးကြောင်း ရန်ကုန်ရှိ ကားလောက ကျွမ်းကျင်သူများက ဆိုသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလဆန်းမှ ယခုနှစ် ဖေဖော်ဝါရီလကုန်အထိ ၄ လကာလအတွင်း ကားစျေးနှုန်းများမှာ ထက်ဝက်မှ သုံးပုံနှစ်ပုံခန့်အထိ ကျဆင်းသွားခဲ့ပြီး ၁၉၉၇ ခုနှစ်နှောင်းပိုင်း စံချိန်တင်ကျဆင်းမှုပင် ဖြစ်ကြောင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားပွဲစားများနှင့် ကားဝယ်ရောင်းများက ပြောသည်။
"နှစ်ကုန်ပိုင်းက ခပ်ပါးပါးပဲကျတာ။ ၂ဝ၁ဝ နှစ်ဆန်းပိုင်းကျတော့ တောက်လျှောက်ကို ထိုးကျတော့တာပဲ။ ဆန်နီ ဆူပါစလွန်းတို့၊ ဖင်ကောက် (၁၉၉၂ ခုနှစ်ထုတ် မော်ဒယ်လ်နှင့်အထက် တိုယိုတာ ကိုရိုလာ ဗင်ကား) တို့၊ ဆူဇူကီး ဝက်ဂွန်တို့လို လိုင်းပေါ်က ကားတွေက ထက်ဝက်လောက် စျေးကျတယ်။ ကျန်တဲ့ ကားတွေက သုံးပုံနှစ်ပုံလောက်အထိ ကျသွားတယ်။ အမြင့်ကားတွေ စျေးကျတာ ပိုသိသာတယ်" ဟု ကားပွဲစားတဦးက ဆိုသည်။
ဝါရင့် ကားပွဲစားတဦးကလည်း "ကားစျေးတွေ ထောင်တက်သွားတဲ့ ၁၉၉၇ ခုနှစ်နောက်ပိုင်း ဒီလောက်ကျသွားတာ တခါမှ မရှိဘူး။ ကျလည်း နည်းနည်းချင်း စျေးအိသွားတာပဲ ရှိတယ်။ အခုက တောက်လျှောက်ကို ထိုးဆင်းနေတာ။ ကားစျေးက ဒီနေ့ဝယ် နောက်နေ့ကျ ဖြစ်နေတယ်။ ဆက်ကျဦးမယ်လည်း ခန့်မှန်းနေကြတယ်။ ကားစျေးကို ခန့်မှန်းရခက်နေတော့ အရောင်းအဝယ် မလုပ်ရဲကြဘူး" ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာနှင့် အောက်တိုဘာလများတွင် ကျပ်သိန်း ၈ဝဝ မှ သိန်း ၁ဝဝဝ ဝန်းကျင်အကြားရှိ ၁၉၉၇ ခုနှစ် မော်ဒယ်လ် တိုယိုတာကိုရိုလာ ဗင် (ဖင်ကောက်) ကားများမှာ ယနေ့အချိန်တွင် ကျပ်သိန်း ၄၅ဝ မှ ၅ဝဝ အကြားသာ ရှိသည်အထိ စျေးနှုန်းကျဆင်းလာခဲ့ပြီး အလားတူကာလက ကျပ်သိန်း ၄၅ဝ ခန့်ရှိခဲ့သော ဆူဇူကီး ဝက်ဂွန် (R+) ကားများမှာ ယနေ့အချိန်တွင် ကျပ်သိန်း ၂၅ဝ အောက်တွင်သာ အရောင်းအဝယ် ဖြစ်နေသည်။
ပြည်တွင်း စက်မှုဇုန်များမှ ထုတ်လုပ်သည့် အမှတ်တံဆိပ်စုံ ဂျစ်ကားများမှာ ယခင်က ကျပ်သိန်း ရဝ-၈ဝ မှ ကျပ်သိန်း ၁ဝဝ အထိ စျေးရှိခဲ့သော်လည်း ယခုအခါတွင် ကျပ်သိန်း ၄ဝ ဝန်းကျင်သာ စျေးနှုန်းရှိသော်လည်း အရောင်းအဝယ်မဖြစ်ဟု သိရသည်။ ပြည်တွင်း ကားထုတ်လုပ်ရေး လုပ်ငန်းများအနေဖြင့် ဂျစ်ကားထုတ်လုပ်မှု ယာယီရပ်ဆိုင်းထားပြီး အပေါ့စားကုန်တင်ယာဉ်ငယ်များသာ ထုတ်လုပ်မှုရှိသည်။
စစ်အစိုးရ ကားလေလံပွဲများ ဆက်တိုက်ကျင်းပနေခြင်းနှင့် လေလံပွဲများတွင် ကြမ်းခင်းစျေးနှင့် လေလံအောင်စျေး နိမ့်ကျလာခြင်းက ကားစျေးနှုန်းကျဆင်းရခြင်း၏ အဓိကအကြောင်းရင်း ဖြစ်ကြောင်း ကားဝယ်ရောင်းများနှင့် ပွဲစားများက ဆိုသည်။
"အစိုးရလေလံပွဲတွေက အပြင်လူတွေ အောင်တာနည်းပါတယ်။ အပြင်မှာ လူကြိုက်များတဲ့ကား၊ များများမြတ်နိုင်တဲ့ ကားတွေကို ကြိုပြီးလက်ဝါးရိုက်ထားတဲ့ သူတွေပဲ လေလံအောင်တာပါ။ ဒါပေမဲ့ လေလံကြမ်းခင်းစျေးနဲ့ လေလံအောင်စျေးတွေက ကားစျေးကွက်ကို လာရိုက်တယ်။ လေလံပွဲတွေ ဆက်တိုက် လုပ်နေတာနဲ့ လေလံအောင်စျေးတွေ နိမ့်နိမ့်သွားတာကြောင့်လည်း ကားစျေးတွေကျတာ ပါပါတယ်" ဟု ကားဝယ်ရောင်းတဦးက ပြောဆိုသည်။
ကားအမျိုးအစားတူ၊ မော်ဒယ်လ်တူ၊ အက္ခရာတူချင်း နောက်ဆုံး အရောင်းအဝယ်ဖြစ်သည့်စျေးကို ပေါက်စျေးအဖြစ် သတ်မှတ်သည့် ပြည်တွင်းကားစျေးကွက်တွင် ယခုကဲ့သို့ အရောင်းအဝယ်အေးနေခြင်းကြောင့် စျေးနှုန်းများ ပိုမိုကျဆင်းနိုင်ဖွယ် အလားအလာရှိကြောင်း အများစုက ခန့်မှန်းနေကြသည်။
"အရင်က စျေးကျရင် တကယ်စီးမယ့်သူရော၊ ဝယ်ရောင်းတွေက ကောက်တာရောနဲ့ အရောင်းအဝယ် ပြန်ဖြစ်တယ်။ အရောင်းအဝယ် ပြန်ဖြစ်တော့ စျေးနည်းနည်း ပြန်မာလာတယ်။ ဒါ ပုံမှန်ပဲ။ အခုက စျေးက ကျပြီးရင်း ကျဖြစ်နေတာလည်း အဝယ်မလိုက်ဘူး။ အရောင်းအဝယ် ဖြစ်တဲ့စျေးကို ပေါက်စျေး သတ်မှတ်တာဆိုတော့ အရောင်းအဝယ်မဖြစ်တော့ စျေးက ဆက်ကျဦးမှာပဲ" ဟု ကားအရောင်းအဝယ် ကျွမ်းကျင်သူတဦးက ခန့်မှန်းသည်။
ကားစျေးနှုန်းများ ဆက်လက်၍ ကျဆင်းနေဆဲဖြစ်ခြင်းကြောင့် လုပ်ငန်းသုံးနှင့် အိမ်စီးရန် ကားဝယ်လိုသူများကလည်း ဝယ်ယူခြင်းမပြုဘဲ စျေးကွက်အခြေအနေကို စောင့်ဆိုင်းနေကြသည်။
ကားဝယ်ရောင်းအများစုမှာလည်း စျေးကွက်အတွင်းရှိ ကားများထက် လေလံအောင်ကားများကို အခွံချိန်း (လိုင်စင်မဲ့ကားများမှ အစိတ်အပိုင်းများဖြင့် လဲလှယ်ခြင်း) ထားသည့် ကားများကိုသာ ဝယ်ယူရန် ပိုမိုစိတ်ဝင်စားကြကြောင်း သိရသည်။
ဤသည်မှာ စစ်အစိုးရ လေလံပွဲများတွင် တိုက်ရိုက်လေလံဆွဲခြင်းနှင့် လေလံအောင်ထားသူများထံမှ တဆင့်ပြန်လည်ဝယ်ယူခြင်းဖြင့် ရရှိလာသော လေလံအောင် ကားများကို လိုင်စင်မဲ့ကားသစ်များ၏ အစိတ်အပိုင်းများနှင့် အစားထိုးလဲလှယ်ပြီးနောက် အသစ်အတိုင်း ဖြစ်သွားသည့် ကားများကိုသာ စျေးကွက်အတွင်း ပိုမိုစိတ်ဝင်စားကြသောကြောင့် ဖြစ်သည်။
"လောလောဆယ် အရောင်းအဝယ် နည်းနည်းဖြစ်တာက လေလံအောင် အခွံချိန်းပြီးသား ကားတွေပဲ ခပ်ပါးပါး ဖြစ်တယ်။ ၂ဝဝဝ ခုနှစ်မော်ဒယ် တိုရိုတာ ကိုရိုလာဗင်ကို သိန်း ၃ဝဝ ကျော်လောက်နဲ့ လေလံဆွဲတယ်။ ပြီးတာနဲ့ ဝစ်သောက် (လိုင်စင်မဲ့ကား) တစီးဝယ် တစီးလုံး အသစ်ပြောင်းပြီး လိုင်စင်ဝင်လိုက်တယ်။ ကညန (ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန) မှာ လိုင်စင်ဝင်ပြီးတာနဲ့ အဲ့ဒီကားတွေက သိန်း ၆ဝဝ လောက် ဖြစ်သွားပြီ။ သူနဲ့ မော်ဒယ်လ်တူ အိမ်ကားတွေက သိန်း ၄၅ဝ နဲ့ ၅ဝဝ လောက်ပဲ ရှိပေမယ့် သူက တစီးလုံး အသစ်ဆိုတော့ ဝယ်လက်က ပိုကြိုက်တယ်" ဟု ကားဝယ်ရောင်းတဦးက လေလံကားများ စျေးကွက်သို့ ပြန်လည်ဝင်ရောက်လာပုံကို ရှင်းပြသည်။
"ကားစျေးဆက်တိုက်ကျနေတော့ ဝယ်မယ့်သူတွေက ထပ်ကျဦးမလား စောင့်နေကြတယ်။ အဲ့တော့ အရောင်းအဝယ် မဖြစ်တော့ဘူး။ လေလံတွေကလည်း ဆက်တိုက်ပစ်ဦးမယ့် အနေအထားရှိတယ်။ လားရှိုးတို့၊ တာချီလိတ်တို့မှာလည်း ဝစ်သောက်ကားတွေ ပြန်ဖမ်းတယ်။ ဖမ်းပြီးတာနဲ့ တန်းလေလံပစ်တယ်ဆိုတော့ လေလံပွဲတွေ ဆက်ရှိနေဦးမယ့်ပုံပဲ" ဟု ပွဲစားတဦးက သုံးသပ်သည်။
ရန်ကုန်မြို့၏ အဓိက ကားအရောင်းအဝယ် စျေးကွက်ဖြစ်သည့် ဟံသဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းတွင် ရောင်းလိုသည့် ကားများသာ များပြားနေသော်လည်း ဝယ်လက်မရှိဘဲ အရောင်းအဝယ်အေးနေသဖြင့် ကားစျေးကွက်ကို မှီခိုနေသည့် ကားပွဲစားများနှင့် ဝယ်ရောင်းများ တွက်ချေမကိုက် ဖြစ်နေသည်။
စီးပွားရေးကျွမ်းကျင်သူ ရန်ကုန်အခြေစိုက် ဂျာနယ်အယ်ဒီတာတဦးက "ကားစျေးကွက်က တကယ်ဖြစ်သင့်တဲ့ စီးပွားရေးစျေးကွက်တခု မဟုတ်ဘူး။ နိုင်ငံတကာမှာ ကားက ဝယ်ပြီးရင် ရှုံးမှာပဲ။ ကားတို့၊ ဖုန်းတို့ကို အစိုးရက မိုနိုပိုလီ (လက်ဝါးကြီးအုပ်) လုပ်ထားခဲ့လို့ ဒီလိုစျေးကွက်တွေ ဖြစ်လာတာ။ အခု အစိုးရက လက်ထဲမှာ ရှိသမျှ အကုန်ထုတ်ရောင်းနေတယ်။ နောက်ပြီး ကားပါမစ်ကန့်သတ်ချက်တွေ လျှော့ပေးပြီး သွင်းခွင့်ပေးမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်။ အစိုးရက ကားစျေးကို အချိန်မရွေး ဖြုတ်ချလိုက်နိုင်တယ်။ မြန်မာပြည် ကားစျေးကွက်က သတိထားသင့်တဲ့ အနေအထားရောက်နေပြီ" ဟု သုံးသပ်ပြောကြားသည်။