ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဒေသခံများ၏ လယ်မြေဥယျာဉ် ဧက ၃၀၀ နီးပါးကို ဒေသအခြေစိုက် စစ်တပ်များက ပြီးခဲ့သည်လမှ စတင်ကာ ယနေ့တိုင် သိမ်းပိုက်နေကြောင်း သိရသည်။
စစ်တွေရှိ ခြေမြန်တပ်ရင်း (ခမရ) ၂၃၂ နှင့် ပုဏ္ဏားကျွန်းရှိ ခမရ ၅၅ဝ က စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် ကျေးတော၊ တောင်နားနှင့် ယိုးတရုတ် ကျေးရွာများမှ မြေဧကပေါင်း ၈ဝ ကျော် သိမ်းယူပြီး ဖြစ်သည်။
“အခုသိမ်းထားတဲ့ နေရာတွေမှာ လယ်နဲ့ ရော်ဘာစိုက်ပျိုးရေးတွေ လုပ်မယ်လို့ သိရတယ်။ ရော်ဘာကတော့ ဧက ၁ဝဝ စီမံကိန်း လုပ်တာ။ ရော်ဘာခြံ စီမံကိန်းက အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ရဲ့ ညွှန်ကြားချက်အရ လုပ်တာပါ။ လယ်ကတော့ စီမံကိန်းနဲ့ မဟုတ်ဘူး” ဟု စစ်တွေအခြေစိုက် ခမရ ၂၃၂ နှင့် နီးစပ်သူ တဦးက မဇ္စျိမကို ပြောသည်။
“မြေပိုင်ရှင်တွေကို အသိပေးအကြောင်းကြားတာ၊ တန်ဖိုးငွေ ပေးလျှော်တာ မရှိဘူး။ မြေတိုင်းစာရေး အဖွဲ့နဲ့ (ခမရ) ၂၃၂ က အရာရှိဦးစီးတဲ့ တပ်စိတ်တစိတ် လာတယ်။ တိုင်းထွာတယ်။ အဲဒီနောက် ရက်အနည်းငယ်မှာ တပ်မြေမကျူးကျော်ရဆိုတဲ့ ဆိုင်းဘုတ်တွေကို သတ်မှတ်တဲ့ နေရာတွေမှာ လာထောင်သွားတာ” ဟု တောင်နားရွာသားက ပြောဆိုသည်။
အလားတူ ပုဏ္ဏားကျွန်းမှ ခမရ ၅၅ဝ က မြို့နယ်တွင်းရှိ သစ်တက်၊ ကျောက်ဆုံ၊ ဘဲခို၊ မာလာ၊ ကျွဲလမ်းချောင်း၊ မြင်းတော၊ ဝင်းတိမ်း၊ ခွဆုံနှင့် ငပြောက်ဆည် ကျေးရွာများမှ လယ်မြေဧက ၂ဝဝ နီးပါးကို သိမ်းယူခဲ့ပြီးကြောင်း ဒေသခံများက ဆိုသည်။
“ရွာတိုင်းလိုလိုက သိမ်းတာပါပဲ။ ဒါပေမဲ့ ကျနော်တို့ရွာ ဧက ရဝ ကျော်လောက် ပါသွားတယ်။ အသိမ်းခံရတဲ့ အထဲမှာ ကျနော်တို့ရွာက အများဆုံးပဲ။ နောက်ဆုံး အသိမ်းခံလိုက်ရတာက ဒီလ ဒုတိယပတ်လောက်က ဝင်းတိမ်ဘက်မှာ ၁ဝ ဧကလောက် ထပ်သိမ်းသွားတယ် ကြားတယ်” ဟု ကျောက်ဆုံရွာသားက ပြောသည်။
သူက ဆက်ပြီး “ကျနော်တို့ဘက်က အစစအရာရာ ခေါင်းပါးတယ်။ ကိုယ့်မြေကို သိမ်းတယ်ဆိုတော့ စိတ်တော့ မကောင်းကြဘူးပေါ့။ ဒါပေမဲ့ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲလို့ တွတ်ထားကြရတယ်။ ဟိုတိုင်ဖို့၊ ဒီတိုင်ဖို့ ဆိုတာကိုလည်း ဗဟုသုတနည်းတော့ ဘာလုပ်ရကောင်းမှန်း မသိကြဘူး” ဟု ပြောသည်။
စစ်တပ်က သိမ်းပိုက်လိုက်သော လယ်ယာဥယျာဉ်ခြံများတွင် ဒေသခံများက သက်မွေးဝမ်းကြောင်းအဖြစ် စပါး၊ ကွမ်းရွက်နှင့် ငရုတ်ကောင်းများ စိုက်ပျိုးကြခြင်း ဖြစ်သည်။