သွေးနှောဝါဒ ကျင့်သုံးနေခြင်းကို ရပ်တန့်ပေးရန် မွန်အမျိုးသမီးများ တောင်းဆို

သွေးနှောဝါဒ ကျင့်သုံးနေခြင်းကို ရပ်တန့်ပေးရန် မွန်အမျိုးသမီးများ တောင်းဆို
မွန်ပြည်သူလူထုအကြား သွေးနှောဝါဒကို အစီအစဉ်တကျ အကောင်အထည် ဖေါ်နေခြင်းကို ရပ်တန့်ပေးရန်အတွက် မွန်အမျိုးသမီးများက စစ်အစိုးရကို ယနေ့ တောင်းဆိုလိုက်သည်။ ...

မွန်ပြည်သူလူထုအကြား သွေးနှောဝါဒကို အစီအစဉ်တကျ အကောင်အထည် ဖေါ်နေခြင်းကို ရပ်တန့်ပေးရန်အတွက် မွန်အမျိုးသမီးများက စစ်အစိုးရကို ယနေ့ တောင်းဆိုလိုက်သည်။

ယနေ့တွင်ကျရောက်သော (၆) ကြိမ်မြောက် မွန်အမျိုးသမီးများနေ့တွင် အထက်ပါတောင်းဆိုချက်အပြင် မွန်ဒေသအတွင်း စစ်တပ်များ တိုးချဲ့တပ်စွဲထားခြင်းကို ရုပ်သိမ်းပေးရန်၊ မွန်ဒေသအတွင်းရှိ စားသောက်ဆိုင်အမည်ခံ ပြည်တန်ဆာရုံများကို ရုပ်သိမ်းပေးရန်နှင့် ပြည်သူလူထုအတွက် အကျိုးမရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ပေးပြီး ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတစွာ ကျင်းပပေးရန် တောင်းဆိုထားသည်။

စစ်အစိုးရက မွန်ပြည်သူလူထုအကြား သွေးနှောဝါဒကို အစီအစဉ်တကျ အကောင်အထည်ဖေါ်နေခြင်း၊ စားသောက်ဆိုင်များစွာကို အလွယ်တကူ ဖွင့်ခွင့်ပေးထားပြီး  အမျိုးသမီးမြောက်မြားစွာ ပြည့်တန်ဆာအဖြစ် သွတ်သွင်းခံနေရခြင်း၊ အမျိုးသမီးများ လူကုန်ကူးခံနေရခြင်း၊ ၄င်းပြင် မွန်ဒေသအတွင်း တိုးချဲ့တပ်တည်ထားခြင်းတို့ကြောင့် မွန်အမျိုးသမီးများအတွက် ကြီးမားသော စိုးရိမ်ဖွယ် အခြေအနေရှိကြောင်း ယနေ့ထုတ် မွန်အမျိုးသမီးများနေ့ ကြေငြာချက်၌ ဖေါ်ပြထားသည်။

“မွန်ဒေသအတွင်း စစ်အစိုးရတပ်များ ဝင်ရောက်လာခြင်းနဲ့ ပတ်သက်ပြီး သွေးနှောဝါဒကို ပိုပြီးကျင့်သုံးလာတယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တိုးလာတယ်၊ အထူးသဖြင့် ရေးမြို့နယ်တောင်ပိုင်းက ဒေသခံတွေ အများဆုံး ကြံုတွေ့နေကြရတယ်၊ နောက်တော့ အာဏာပိုင်တွေက သူတို့နဲ့ နီးစပ်တဲ့သူတွေကို မွန်ဒေသအတွင်းမှာ စားသောက်ဆိုင်တွေကို ဖွင့်ခွင့်ပေးထားပြီး ဒေသခံတွေက စီးပွားရေးကျဆင်းတာနဲ့ ရင်ဆိုင်နေရချိန်မှာ တချို့အမျိုးသမီးတွေက ရရာအလုပ်နဲ့ စားသောက်ဆိုင်မှာ ဝင်လုပ်ကြရတယ်၊ ဒါတွေအားလုံးဟာ စစ်အစိုးရက နည်းမျိုးစုံနဲ့ မွန်လူမျိုးတွေကို ပပျောက်အောင် လုပ်ဆောင်နေတာပဲ” ဟု မွန်အမျိုးသမီးများနေ့ ကျင်းပရေးကော်မတီမှ မိအိုင်းစွန်းက ပြောသည်။

ယနေ့တွင် ကျရောက်သည့် (၆) ကြိမ်မြောက် မွန်အမျိုးသမီးများနေ့ အခမ်းအနားကို ပြည်ပ၌သာမက ထိုင်းမြန်မာနယ်စပ်နှင့် ပြည်တွင်းတို့၌လည်း ကျင်းပကြကြောင်း သိရသည်။

နယ်စပ်၌ ကျင်းပသည့်အခမ်းအနားကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ဘုရားသုံးဆူဝန်းကျင်ဒေသရှိ (ပလက်ဒွန်ဖိုက်) ကျေးရွာတွင် ကျင်းပခဲ့ပြီး၊ တက်ရောက်သူ ၁၅၀ ဦးခန့် ရှိကြောင်း သိရသည်။ ၄င်းပြင် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်များတွင်လည်း ထို့အတူအခမ်းအနားကျင်းပခဲ့ကြကြောင်း သိရသည်။

“ယနေ့အမျိုးသမီးအများစုဟာ ကျရာကဏ္ဍ ကျရာတာဝန်တွေမှာ တာဝန်ယူတတ်လာတာကို တွေ့မြင်နေရတယ်၊ အမြင်ဟောင်းတွေကို ပစ်ပယ်ပြီးတော့ ခေတ်နဲ့အညီ အမြင်တွေကျယ်လာကြတယ်၊ အမျိုးသမီးတွေမှာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ရရှိနိုင်ဖို့ ကြိုးစားလာကြတယ်” ဟု နယ်စပ်၌ ကျင်းပသည့် မွန်အမျိုးသမီးများနေ့ အခမ်းအနားသဘာပတိ မိငြိမ်းက ပြောသည်။

ဟံသာဝတီ မွန်နိုင်ငံတော်ကို စိုးမိုးအုပ်ချုပ်ခဲ့သည့် မွန်ဘုရင်မကြီး ရှင်စောပု၏မွေးနေ့ တပေါင်းလဆန်း ၁၂ ရက်နေ့ကို အစွဲပြု၍ မွန်အမျိုးသမီးများနေ့ကို သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

Most read this week