တာချီလိတ်ခရိုင် မိုင်းဖုန်းတိုက်နယ် အခြေစိုက် နအဖ ပုလိပ် ၁၀ ယောက်ကျော် မဲခေါင်မြစ်ထဲ ပစ်သတ်ခံရမှုကြောင့် ရွှေတြိဂံနယ်ခြားတလျောက် အကန့်အသတ်မရှိ ခေတ္တပိတ်ထားသည်ဟု မိုင်းဖုန်းဒေသခံများက ပြောပါသည်။
“လားဟူ ပြည်သူ့စစ်အပါအဝင် အင်အား ၂၀၀ ရှိတဲ့ နအဖ တပ် အဲဒီ့ဘက် မွေနှောက်နေတယ်။ တရားခံကိုအခုထိမဖမ်း နိုင်ဘူး၊ မဲခေါင်မြစ်ပေါ် စက်လှေ အသွားအလာ အကန့်အသတ်မရှိ ပိတ်ပင်ထားတယ်။ ရွှေတြိဂံသျှမ်းပြည်ဘက်ခြမ်း ကနေ ထိုင်း/လောဝ် အသွားအလာလဲ အားလုံးပိတ်တယ်။” - ဟု ၀မ့်ပုံရွာသား တဦးက ပြောပါသည်။
ယခုလ ၂၀ ရက် စနေနေ့က မိုင်းဖုန်းကျေးရွာအုပ်စု မြောက်ပိုင်း ၀မ့်ဆမ်ပူးရွာအနီး မဲခေါင်မြစ်ထဲ၌ ၀မ့်ပုံဒေသခံ ပြည်သူ့စစ် ၂ ယောက် (ဗမာတယောက်၊ သျှမ်းတယောက်) နှင့် မိုင်းဖုန်းအခြေစိုက် ပုလိပ်စခန်းမှူး အပါအဝင် ၁၃ ယောက်ပစ်သတ်ခံ ရ၏။
အလောင်း သုံးလောင်းကို ၀မ့်ပုံတွင် သင်္ဂြိုလ်လိုက်ပြီး ပုလိပ်အရာရှိ အပါအဝင် အလောင်း ၆ လောင်းကိုမူ တာချီလိတ် နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော်က အသုဘရှုပေးပြီး ဆန်ဆိုင်းရပ်ကွက် သုဿာန်၌ ၂၂ ရက်နေ့ကသင်္ဂြိုလ်လိုက် သည်ဟု တာချီလိတ်မြို့ခံတဦးကပြောပါသည်။
အခင်းပွါးဖြစ်သည့်နေရာမှာ မိုင်းဖုန်း(က)အုပ်စု ၀မ့်ပုံရွာ မြောက်ဘက် ၉ ကီလိုမီတာ (၅ မိုင်ကျော်) ရှိ ဆမ်ပူးရွာ အနီး (လောဝ်နိုင်ငံပိုင်) ကော့ပူဇဲန်းကျွန်းတွင်ဖြစ်ကြောင်း ၀မ့်ပုံရွာသားတဦးက ပြောပါသည်။
“အရင်တုန်းက နော်ခမ်းအဖွဲ့တွေ မိုင်းဖုန်း(က) အုပ်စုအပိုင် ပါဆာရွာဘက်မှာအခြေစိုက်တယ်။ မနှစ်က တရုတ် လှေ တစင်းကိုပစ်တဲ့ ပြဿနာကြောင့် ခြေရာဖျောက်ပြီး ၀မ့်ဆမ်ပူးဘက်ပြောင်းသွားတယ်။ ရွှေတြိဂံဘက် ဖြတ် သန်းတဲ့မူးယစ် မှောင်ခိုတွေဆီက အခွန်ကောက်တယ်။ အခုလည်း နအဖပုလိပ်တွေကို ဆုံးမချင်လို့မျှားခေါ်ပြီး ပညာပေးလိုက်တာ”- ဟု ပြော၏။
တိုက်ခိုက်မှုတွင် မိုင်းဖုန်း စခန်းမှူး ရဲအုပ်ခင်မောင်ရင်အား သေနတ်သမားများက ပစ်သတ်အပြီး မျက်လုံးဖေါက်၊နားရွက် ဖြတ်သည့်အပြင် လည်ချောင်းကိုပါ ပြတ်လုနီးနီးလှီးဖြတ်ထားကြောင်း၊ အချို့အရာရှိငယ်များအားလဲဓါးဖြင့်ပိုင်းခုတ်ထား ကြောင်း ရွာသားများပြောပြချက်အရသိရပါသည်။
ခွန်ဆာ၏ MTA လက်နက်ချအဖွဲ့ဖြစ်သော နော်ခမ်း (ယခင် ပြည်သူ့စစ်ခေါင်းဆောင်)သည် လူအင်အား ရ၀-၈၀ ခန့်ရှိပြီး တာချီလိတ် နအဖ စစ်ဗျူဟာမှူးအဆက်ဆက်အားလာဘ်ထိုးဝင်ဆံ့နိုင်သူ၊ တြိဂံတိုင်းမှူးကိုပါ တလ ထိုင်းဘတ်ငွေတစ်သန်း ထက်မနည်း ဘဏ္ဍာဆက်နိုင်သူဖြစ်၏။ ၂၀၀၉ နှစ်ဦးပိုင်း တရုတ်လှေ တစ်စင်း ပစ်ခတ်မှု ကြောင့်အဆိုပါဒေသတို့ပြောင်း ရွေ့လှုပ်ရှားသည့် မာဖီးယားဂိုဏ်းတခုဖြစ်သည်။