နောက်ထပ် သံဃာတော်များ ဖမ်းဆီးရန်ရှိဟု မယကပြော

နောက်ထပ် သံဃာတော်များ ဖမ်းဆီးရန်ရှိဟု မယကပြော
သံဖြူဇရပ်မြို့ပေါ်တွင် မွန်သံဃာတော် တစ်ပါး အဖမ်းခံရပြီးနောက် မုဒုံမြို့နယ် မယကမှ ကျေးရွာ ရယကများကို အစည်းအဝေး ခေါ်ရာတွင် နောက်ထပ် သံဃာတော် ၃၅ ပါး ဖမ်းဆီးရန် ရှိသည်ဟု အစည်းဝေးမှာ ပြောကြား ...

သံဖြူဇရပ်မြို့ပေါ်တွင် မွန်သံဃာတော် တစ်ပါး အဖမ်းခံရပြီးနောက် မုဒုံမြို့နယ် မယကမှ ကျေးရွာ ရယကများကို အစည်းအဝေး ခေါ်ရာတွင် နောက်ထပ် သံဃာတော် ၃၅ ပါး ဖမ်းဆီးရန် ရှိသည်ဟု အစည်းဝေးမှာ ပြောကြားထားသည်။

“စရဖတွေရဲ့ပြောပြချက်အရ သူတို့မှာ နောက်ထပ် သံဃာတော် ၃၅ ပါး စာရင်းရထားတယ်၊ ထပ်ဖမ်းဖို့ရှိတယ်” ဟု အစည်းအဝေးသက်ရောက်ခဲ့သူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သို့သော်လည်း ယခုချိန်ထိ နောက်ထပ်သံဃာတော်များ အဖမ်းအဆီးခံရမှုမရှိသေးပေ။ အဖမ်းဆီးခံထားရသည့် သံဃာတော် အရှင်ဥက္ကံသလည်း နှစ်လပင်ပြည့်တော့မည် သတင်းတစုံတရာမှ မသိရှိရကြောင်း သံဃာတော်တို့၏ ပြောပြချက်အရ သိရသည်။

မြန်မာစစ်အစိုးရမှ အရှင်ဥက္ကံသဖမ်းဆီးခံမရမှုနှင့်ပတ်သက်ပြီး ယခုလိုမျိုး သံဃာတော်များ ထပ်မံဖမ်းဆီးရန်သတင်းနှင့် ဘုန်းကြီးကျောင်းတချို့ ဝင်ရောက်စစ်ဆေးခြင်းများ စာသင်တိုက်သို့ သွားရောက်မေးမြန်းမှုများရှိနေသည့်အတွက် တချို့သံဃာတော်များ ကြောက်ရွံ့ပြီး တိမ်းရှောင်နေရသည့် သံဃာတော်များလည်းရှိသည်။

“ဦးဇင်းဇော်လတ်အဖမ်းခံရပြီးတော့ နောက်ထပ်သံဃာ ၃၅ ပါးကိုလည်း ဖမ်းဖို့ရှိတယ်ဆိုပြီး မုဒုံမယကက ဥက္ကဌတွေကို အစည်းအဝေးခေါ်ရာမှာ ပြောထားတယ်၊ သူတို့ပြောတာ စရဖကလာတဲ့သတင်းအရပေါ့တဲ့ ဒါပေမယ့် ဖမ်းတာ ဆီးတာတော့ နောက်ထပ်မကြားရသေးဘူး၊ တချို့သံဃာတွေကျတော့ ကြောက်လို့ ရှောင်နေကြတာတော့ရှိတယ်” ဟု ကျောင်းထိုင် ဆရာတော်တစ်ပါးက မိန့်သည်။

ထိုသံဃာတော်သည် ဖမ်းဆီးခံထားရသည့်နေ့မှစပြီး ယနေ့ထိ မိသားစုအပါအဝင် သူနှင့်နီးစပ်သည့် သံဃာများလည်း တွေ့ဆုံခွင့်မရှိကြောင်း၊ မည်သည့်နေရာ မည်သည့်ဒေသဆီသို့ ပို့လိုက်ကြောင်းကိုလည်း မြန်မာစစ်အစိုးရဘက်မှ သတင်းပိတ်ပင်ထားသည်။

“အခုလိုမျိုး သံဃာတော်တွေကို ဖမ်းမယ်၊ စစ်ဆေးမယ်၊ ဟိုကျောင်းတွေဝင်လို ဒီကျောင်းတွေဝင်လိုက်လုပ်နေတာဟာ နောက်ထပ်သံဃာတော်တွေ မလှုပ်ရှားနိုင်အောင် မလှုပ်ရှားရဲအောင် လုပ်တာပဲ” ဟု နိုင်ငံရေးသုံးသပ်သူတစ်ဦးက ဝေဖန်ပြောဆိုလိုက်သည်။

ထိုသံဃာတော်ကို ဖမ်းဆီးလိုက်ပြီးနောက် ဝါခရူကျေးရွာရှိဘုန်းကြီးကျောင်းတစ်ကျောင်းကိုလည်း ရဲများ နှစ်ကြိမ်နှစ်ခါ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

နှစ်လပြည့်လုနီးပါးရှိသော်လည်း ထိုသံဃာတော်ကို မည်သည့်အမှုဖြင့်ဖမ်းဆီးထားပြီး မည်သည်အရပ်ဒေသမှာ ချုပ်နှောင်ထားသည်ကို စုံစမ်းသော်လည်း မြန်မာစစ်အစိုးရဘက်မှ သတင်းတစုံတရာထွက်ပေါ်လာခြင်းမရှိသေးပါ။

အရှင်ဥက္ကံသကို ဇန်နဝါရီလ ရ ရက်နေ့မှာ သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက်မှာ လက်ဆွဲကွန်ပျူတာတစ်လုံး၊ ဗွီဒီယိုကင်မရာတစ်လုံး၊ ဒစ်ဂျစ်တယ်အိတ်ဆောင်ကင်မရာ တစ်လုံးနှင့်အတူ ၂၀၁၀ ရွေက်ကောက်ပွဲဆန့်ကျင်စာရွက်များနှင့်အတူ ရဲများ ဖမ်းဆီးလိုက်သည်။

Most read this week