ရွှေလီ (မဇ္စျိမ)။ ။ စစ်အစိုးရနှင့် အပစ်ရပ် ၁၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နင်ဂွန်ထင်ရန် မနောပွဲတော်ကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ကချင်ပြည်နယ် မိုးကောင်းမြို့၌ ယနေ့မှစ၍ ၄ ရက်ကြာ ကျင်းပနေပြီဖြစ်သည်။
မိုးကောင်းမြို့နယ် ကဆုန်းကျေးရွာရှိ KIO တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၁ နယ်မြေ၌ နင်ဂွန်ထင်ရန် မနောပွဲကို ယနေ့ စတင်လိုက်ပြီဖြစ်ကြောင်းနှင့် ပွဲတော်သို့ ဧည့်ပရိသတ် ၄ သောင်းကျော် တက်ရောက်လာဖွယ်ရှိကြောင်း ပွဲဖြစ်မြောက်ရေး ဆပ်ကော်မတီက ပြောဆိုခြင်း ဖြစ်သည်။
“တရုတ်ပြည် ယူနန်မှာရှိတဲ့ ကချင်မျိုးနွယ်တွေလည်း လာကြပါတယ်။ KIO ဗဟိုကော်မတီဝင်တချို့ ရောက်ပါပြီ။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ၊ မယ်သီလရှင်တွေ လာပါတယ်။ နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ ကချင်ပြည် တဝှမ်းလုံးမှာရှိတဲ့ လူတွေကို ဖိတ်ပါတယ်။ ကချင်မျိုးနွယ်စုတွေ အပါအဝင် အရင်တုန်းက အတူဆင်းသက်လာတဲ့ နာဂနဲ့ ဂဒူးတွေလည်း ပါတယ်။ နောက် အတူနေထိုင်ကြတဲ့ ရှမ်းလူမျိုးတွေ ဒေသခံ တိုင်းရင်းသားတွေကိုလည်း ဖိတ်ပါတယ်" ဟု မနောပွဲ ဖြစ်မြောက်ရေး ဆပ်ကော်မတီမှ အဖွဲ့ဝင်တဦးက မဇ္စျိမကို ပြောသည်။
ပြည်နယ်မြို့တော် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် - မပခ တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းကို ဖိတ်ကြားသော်လည်း ရောက်မလာသေးကြောင်းနှင့် ယနေ့တွင် ကချင်လူထုအစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
နင်ဂွန်ထင်ရန် မနောပွဲကို စစ်မက်ဖြစ်ပွားခြင်း၊ လူမျိုးခွဲခြားခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းများကို ပြေငြိမ်းမှု ရရှိစေရန်၊ ကချင်ပြည်နယ်သားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတား အနှောင့်အယှက်များ ပပျောက်စေရန်နှင့် ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ တစိတ်တဝမ်းတည်း မှီတင်းနေထိုင်ရန်၊ မျိုးနွယ်စု တစုနှင့်တစု အဖွဲ့အစည်း တခုနှင့်တခုကြား အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်မှု ခိုင်မြဲစေရန် ကျင်းပခြင်း ဖြစ်သည်။
ကချင်လူမျိုးစု၏ ဓလေ့ထုံးစံအရ မနောအကများစွာ ရှိသည့်အနက် နင်ဂွန်ထင်ရန်လည်း ပါဝင်သည်။
စစ်အစိုးရနှင့် KIO တို့ အပစ်အခတ်ရပ်စဲခဲ့သည်မှာ ၁၆ နှစ် ရှိပြီဖြစ်သော်လည်း ကချင်ပြည်နယ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများတွင် တစုံတရာ တိုးတက်မှု မရှိသေးကြောင်း တရုတ်-မြန်မာ နယ်စပ်ရှိ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့မှ ဥက္ကဋ္ဌ ဦးအောင်ဝါက သုံးသပ်သည်။
သူက “စစ်မတိုက်ရတာက လွဲလို့ ဘာမှတိုးတက်မှု မရှိသေးဘူး။ အဓိက နိုင်ငံရေးမှာဆိုရင် နိုင်ငံရေးဆွေးနွေးမှု ရေရေရာရာ မရှိခဲ့ဘူး။ KIO ကို နယ်ခြားစောင့်အဖြစ်ပဲ သတ်မှတ်ထားတယ်။ ဒါကို လက်မခံတဲ့အတွက် ပင်လုံစာချုပ်ကို အခြေခံပြီး နိုင်ငံရေးတောင်းဆိုမှုတွေ လုပ်ထားတယ်။ နအဖ ဘက်က တု့ံပြန်မှု မရှိဘူး။ ဒါကိုကြည့်ပြီး နိုင်ငံရေး မတိုးတက်ဘူးလို့ မြင်တယ်” ဟု ပြောသည်။
“ကျောက်စိမ်း၊ သစ်၊ ရွှေ တူးဖော်ရေး အပါအဝင် စီးပွားရေးမှာ နအဖ ကပဲ လက်ဝါးကြီးအုပ်ထားတယ်။ ကျန်တဲ့ ပြည်သူတွေက ဘာမှလုပ်ပိုင်ခွင့် မရှိဘူး။ လူမှုရေးမှာဆိုရင် အဓိက မူးယစ်ဆေးဝါးက ပြဿနာဖြစ်နေတယ်။ မူးယစ်ဆေးဝါး သုံးစွဲတဲ့ လူငယ်တွေ တနေ့တခြား များလာတယ်။ နောက်ဆက်တွဲအနေနဲ့ ရောဂါဘယတွေ၊ အိမ်ထောင်ပြိုကွဲတာတွေ၊ အစစအရာရာ ပြဿနာတွေ ဖြစ်နေတယ်” ဟု သူက ဆက်ပြောသည်။
အပစ်ရပ် ရ နှစ်မြောက် နှစ်ပတ်လည်ကို ကျင်းပခဲ့ပြီးနောက် ယခု ကျင်းပနေသည့် မနောပွဲသည် ဒုတိယမြောက် ဖြစ်သည်။
ယခုလ ၅ ရက်နေ့တွင် ကျရောက်ခဲ့သည့် ၄၉ နှစ်မြောက် KIO တော်လှန်ရေးနေ့ အခမ်းအနားကို မေခ-မလိခ မြစ်ဆုံဒေသ အင်ဂျန်းယန်မြို့နယ် တပ်မဟာ ၁ နယ်မြေတွင် စည်ကားစွာ ကျင်းပခဲ့သေးသည်။
၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တိုင်းရင်းသားတန်းတူအခွင့်အရေး ရရှိရန် ကချင်လက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့ပြီး စစ်အစိုးရ အဆက်ဆက်ကို ပုန်ကန်ခဲ့ရာ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အပစ်ရပ်ကာ ငြိမ်းချမ်းရေး ရယူခဲ့သည်