ကရင်နီပြည် ရှားတောမြို့နယ်တွင်းရှိ ကျေးရွာများမှ ကရင်နီတော်လှန်ရေးတပ်မတော်များအား အထောက်အကူနှင့် ထောက်ခံမှုများ မပေးနိုင်ရန် စစ်အစိုးရတပ်မှ ရွာသူကြီးများအား ဖိနှိပ်ထိန်းချုပ်ထားကြောင်း ရွာသားများက ဆိုသည်။
ရွာအနီးတဝိုက်တွင် ကရင်နီလက်နက်ကိုင်တပ်ဖွဲ့နှင့် မြန်မာစစ်အစိုးရတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားပါက ရွာသူကြီးနှင့် ရွာအတွင်းရေး မှူးအား ဖမ်းဆီးချုပ်နှောင်ပြီး စစ်ဆေးမေးမြန်းကာ ရိုက်နက်ခြင်းများ ပြုလုပ်လေ့ရှိသည်။
ရွာထဲသို့ ၀င်လာသော ကရင်နီတပ်မတော်များအား လက်ခံပါက ရွာသူကြီးများအား အဓိက ပစ်မှတ်ထားပြီး ဖမ်းဆီးနှိပ်စက်သောကြောင့် ယခုအချိန်၌ ရွာတိုင်းလိုလိုက ရွာသူကြီးအဖြစ် မည်သည့်ရွာသားမှ မလုပ်ချင်ကြကြောင်း ရှားတောမြို့နယ် ကလာလဲရွာသားတဦးက ပြောသည်။
၎င်းက“ရွာသူကြီး တယောက်ယောက် လုပ်ပြီဆိုရင် အကယ်၍ နအဖတပ်တွေက တစုံတခု ထိခိုက်နစ်နာပြီဆိုရင် ပြန်လာနှိပ်စက်တယ် အဲလို လုပ်တယ်လေ။ သူတို့ ရွာသူကြီးအပေါ် စိတ်နာအောင် ထားလိုက်တယ်။ ပြန်လာ ဖမ်းဆီးမလား၊ ပြန်လာရိုက်နှက်မလား အဲလိုလုပ်တယ်လေ။ အဲဒါကြောင့် အခု ရွာသူကြီး လုပ်မယ့် သူတွေ မရှိတော့ဘူး” ဟု ပြောသည်။
ရှားတောမြို့နယ်အတွင်း ကရင်နီတပ်မတော်တို့၏ လှုပ်ရှားမှုများကို ရွာသူကြီးများမှ စစ်တပ်များထံ လစဉ်အစီရင်ခံတင်ပြကြရပြီး စစ်တပ်မှ ခေါ်ယူသည့် အရေးပေါ် အစည်းအဝေးတိုင်း ရွာသူကြီးများမှ မပျက်မကွက် တက်ရောက်ပေးရသည်ဟု ရှားတောမြို့နယ် ကျေးရွာတရွာမှ ရွာသူကြီးဖြစ်ခဲ့ဖူးသူ ဒေသခံရွာသားတဦးက ပြောသည်။
၎င်းက “အစည်းအဝေးမှာ သူတို့မှာလေ့ရှိတာက ခင်ဗျားတို့ ရွာတွေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြ၊ သာယာလှပအောင် ဖန်တီးကြ အဲဒါတွေကို အမြဲပြောတယ်။ ဒါပေမဲ့ အကယ်၍ သူပုန်တွေ ခင်ဗျားတို့ ရွာထဲမှာ ၀င်အိပ်မယ်ဆိုရင် ပေးမအိပ်နဲ့။ တောထဲမှာ သွားပို့အိပ်လိုက်၊ သူတို့ကို ထမင်းမကျွေးနဲ့ အဲလို ပြောတယ်လေ” ဟု ပြောသည်။
ရှားတောမြို့နယ်အတွင်းရှိ ကျေးရွာများမှာ ဒေါလဲဒူ၊ ဒေါအီဟော၊ တေလဲ၊ သရီးဒါး၊ တနော်ကလု၊ လဲဒူခေါ၊ ထောကေဘို့လဲ၊ ဒေါတငူး စသည်တို့ဖြစ်ကြပြီး ယခုနှစ် ဖေဖေါ်ဝါရီလက ကရင်နီတပ်မတော်ကို ထောက်ခံသော ရွာသားများအား စစ်တပ်မှ လိုက်လံဖမ်းဆီးရာ အိမ်ထောင်စုအချို့ ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။