နာဂစ်မုန်တိုင်း ဒုက္ခသည်များကို ကူညီခဲ့သူ ငါးထပ်ကြီးကျောင်းတိုက်မှ သံဃာတော် တပါးကို ယမန်နေ့ အင်းစိန်ထောင်တွင်း အထူးတရားရုံက ထောင်ဒဏ် ရ နှစ်ဖြင့် ချမှတ်လိုက်သည်။
ရန်ကုန်မြို့ ငါးထပ်ကြီးကျောင်းတိုက်မှ ဆရာတော် ဦးဃောသိတကို လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာပုဒ်မ၊ နိုင်ငံခြားငွေ ကိုင်ဆောင်မှုနှင့် တရားမဝင် အသင်းအဖွဲ့ဖွဲ့စည်းမှုတို့ဖြင့် အနောက်ပိုင်းခရိုင်တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။
“အနောက်ပိုင်းခရိုင် တရားရုံးမှာ ဒုခရိုင် တရားသူကြီး (၃) ဦးတင်ထွဋ်နဲ့ ဥပဒေ အရာရှိ ဒေါ်ခင်ပိုက အမိန့်ချလိုက်တာပါ'' ဟု အတိုက်အခံသတင်းရပ်ကွက်တခုက ပြောသည်။
ဆရာတော်သည် ထိုင်ဝမ်နိုင်ငံမှအပြန် ရန်ကုန် မင်္ဂလာဒုံလေဆိပ်၌ ပြီးခဲ့သည့်နှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် အဖမ်းခံရပြီးနောက် ထောင်ဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်စဉ်က ဆရာတော် ဦးဃောသိတနှင့်အတူ သံဃာ ရ ပါး အတူပါရှိပြီး ၎င်းတို့အားလုံးကို တရက်ကြာ ဖမ်းဆီးစစ်ဆေးပြီးနောက် ပြန်လွှတ်ပေးခဲ့ကာ၊ ဆရာတော်တပါးတည်းကိုသာ တရားစွဲဆိုခဲ့သည်။
နိုင်ငံခြားသို့ ပတ်စ်ပို့ဖြင့် တရားဝင် သွားရောက်ခဲ့ကာ မြန်မာပြည်သို့ တရားဝင် ပြန်လာသူကို လဝက ပုဒ်မ၊ မတရားအသင်း ပုဒ်များဖြင့် စွဲဆိုထောင်ချခြင်းသည် ဥပဒေကြောင်းအရ ကိုက်ညီမှု မရှိကြောင်း ရန်ကုန်မြို့ရှိ ဥပဒေအကြံပေး ပုဂ္ဂိုလ် ဦးအောင်သိန်းက မဇ္စျိမကို ပြောသည်။
သူက ဆက်ပြီး ''နိုင်ငံခြားငွေ လဲလှယ်ရေးဥပဒေနဲ့ ပတ်သက််လို့ ပြောရရင် သူနဲ့အတူ ပြန်လာတဲ့ သံဃာ ၈ ပါး အားလုံးက အနည်းနဲ့ အများ ပါကြတယ်။ နိုင်ငံခြားငွေပါတဲ့ ဘုန်းကြီးတပါးက သက်သေအဖြစ် တရားရုံးကို လာထွက်ဆိုတာ ရှိတယ်။ သူ (ပြန်လွတ်ပြီးနောက်ရက်) သွားလဲလို့ရတယ်လို့ ပြောတယ်။ ဆရာတော်တို့ကို စီးဖမ်းလိုက်တော့ လဲခွင့်မရှိဘူး။ လဲခွင့်မရှိတာကို ဆရာတော့်လက်ဝယ် တွေ့ရှိမှုနဲ့ စွဲတာဟာ ဥပဒေနဲ့ မညီညွတ်ဘူး။ ဆရာတော် အခွင့်အရေး မကုန်ဆုံးခင် အဖမ်းခံရတာဆိုတော့ နိုင်ငံခြားငွေ လက်ဝယ်ကိုင်ဆောင်မှု ပုဒ်မကလည်း တရားဥပဒေနဲ့ မကိုက်ညီဘူး'' ဟု ပြောသည်။
ဦးဃောသိတကို ဖမ်းဆီးအပြီး ၃ လခွဲအကြာ၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးခဲ့သဖြင့် ထိုအချိန်မှစတင်၍ ပြစ်ဒဏ်ပေးချိန်အထိ ကာလကို ချုပ်ရက်အဖြစ် တရားရုံးက သတ်မှတ်ပေးခဲ့သည်။
ဦးအောင်သိန်းက''ဦးဃောသိတကို စတင်ဖမ်းဆီးတဲ့ ရက်ကနေ အမှုတင်တဲ့ ရက်အတွင်းက ချုပ်ရက်တွေ မရဘူး။ ၃ လနီးပါး ချုပ်ရက် မရဘူး ဖြစ်နေတယ်။ အဲဒါတွေကလည်း ဥပဒေနဲ့ မကိုက်ညီဘူး” ဟု ပြောဆိုသည်။
ထို့ပြင် အင်းစိန်ထောင်တွင် မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသား ကိုအေးမင်းခိုင် ဆိုသူလည်း ဖမ်းဆီးခံနေရပြီး AIDS ဝေဒနာသည် အကျဉ်းသားများကို ဆေးကုသမှု မပေးသဖြင့် ဆေးကုခွင့်ပေးရန် ဆန္ဒပြသဖြင့် တိုက်ပိတ်ခံထားရကြောင်းနှင့် မည်သို့ကြောင့် ဖမ်းဆီးထားရသည်ကို မသိရှိသေးကြောင်း ထောင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်း အဆိုအရ သိရသည်။