ယခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော် ‘၀’ မြို့တော် ပန်ဆန်း၌ကျင်းသော်လည်း ယခင်နှစ်များကဲ့သို့ စည်ကားခြင်းသိပ်မရှိ ကြောင်း တရုတ်နယ်စပ် သတင်းရပ်ကွက်က ပြောပါသည်။
“ ၀ အာဏာပိုင်တွေက ဗျောက်အိုးဖေါက်ခွင့်မပေးဘူး၊ နှစ်သစ်ကူးနေ့မတိုင်ခင် တပတ်ကျော်ကတည်းကကြေငြာအမိန့် ထုတ်ထားတယ်။ အရင်နှစ်ကဆို အရမ်းပျော်တယ်၊ ဒီနှစ်တော့ခြောက်ကပ်တယ်။ စျေးလည်း ရောင်းမကောင်းဘူး” - ဟု ပန်ဆန်းဒေသခံတဦး ကပြောပါသည်။
ဖေဖေါ်ဝါရီ ၁၄ ရက်၌ ကျရောက်သည့် တရုတ်နှစ်သစ်ကူးပွဲတော်မှာ ယခုနှစ် ၀ နယ်ဘက် စည်ကားသိုက်မြိုက်ခြင်း မရှိကြောင်း၊ တရုတ်ဘက်ခြမ်း မိုင်းငတိုက်နယ်ဘက်တွင် ပိုမိုစည်ကားကြောင်း၊ မတည်ငြိမ်သည့်နိုင်ငံရေးကြောင့် လည်းဖြစ်ကြောင်း အမည်မဖေါ်လိုသည့် ၀ အာဏာပိုင် တဦးက ဤကဲ့သို့ပြောပြပါသည်။
“နှစ်သစ်ကူးပွဲတော် ကာလတလျှောက်လုံး ဗျောက်အိုးမဖေါက်ဖို့ တားမြစ်ထားတယ်။ လွတ်လပ်ခွင့်ပေးလိုက် ရင် နိုင်ငံရေးအရှုပ်အထွေးလုပ်ပြီးနေနောက်တုံးငါးရှာချင် သူတွေအတွက် အခွင့်ကောင်းဖြစ်သွားမှာစိုးလို့”
၀ ဒေသ နည်းတူ ကိုးကန့်ဒေသတွင်လည်း စည်းကားခြင်းမရှိကြောင်း၊ ပန်ဆန်းနည်းတူ ဗျောက်အိုးဖေါက်ခွင့် မပေး သော်လည်း ပြီးခဲ့သည့်တစ်ရက် နှစ်ရက်အထိ လက်သည်မပေါ်ဘဲ ဗုံးဆက်တိုက်ပေါက်ကွဲကြောင်း လောက်ကိုင် ဒေသခံတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။
“၁၅ ရက်နေ့ မနက်ပိုင်းမှာ ဗုံးနှစ်လုံးဆက်တိုက်ပေါက်ကွဲတယ်။ လူတယောက်သေတယ်။ မနေ့ည သန်းခေါင် ကျော်လဲ တုံချိန်ရပ်ကွက်ထဲဘဲ၊ WFP ရုံးနားမှာ နှစ်လုံးဆက်တိုက်ပေါက်ကွဲတယ်။ သေကြေဒဏ်ရာရတာတော့ မရှိဘူး”
ကိုးကန့်၊ ၀ တို့ သည် တရုတ်လူမျိုးများကဲ့သို့ တရုတ်ရိုးရာပွဲတော်ကို မြတ်နိုးတန်းဖိုးထားသူများ ဖြစ်ကြ ကြောင်း၊ နှစ်တိုင်းနှစ်သစ်ကူး စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သော်လည်း နအဖ၏ နယ်ခြားစောင့်တပ် အသွင် ပြောင်းရေး အစီအစဉ်ကြောင့် ယခုနှစ် ခြောက်ကပ်နေခြင်းဖြစ်သည်ဟု သုံးသပ်သူများ ပြောဆိုနေကြသည်။