နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားများ အရေး ထိုင်းဝန်ကြီးချုပ်ထံ အိပ်ဖွင့်ပေးစာပို့

နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားများ အရေး ထိုင်းဝန်ကြီးချုပ်ထံ အိပ်ဖွင့်ပေးစာပို့
by -
ဇော်ကြီး
ထိုင်းနိုင်ငံရှိ နိုင်ငံခြားသားရွှေ့ပြောင်း အလုပ်သမားများ ကြံုတွေ့နေရသည့် အခက်အခဲများ နှင့် ပတ်သက်၍ အစိုးရ မဟုတ်သော ထိုင်း NGO အဖွဲ့အစည်းများနှင့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ထိုင်းဝန်ကြီးချုပ်ထံ...

ထိုင်းနိုင်ငံရှိ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများ ကြံုတွေ့နေရသည့် အခက်အခဲများ နှင့် ပတ်သက်၍ အစိုးရ မဟုတ်သော ထိုင်း NGO အဖွဲ့အစည်းများနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ထိုင်းဝန်ကြီးချုပ်ထံ ယနေ့နံနက်က အိပ်ဖွင့်ပေးစာ တစ်စောင် ပေးပို့ခဲ့သည်။

ထိုင်းဝန်ကြီးများအစည်းအဝေးမှ ဇန္နဝါရီလ ၁၉ ရက်နေ့ ဆုံးဖြတ်ချက်သည် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ် သမား နှစ်သန်းကျော်အတွက် စိုးရိမ်စရာများ ဖြစ်နေ၍ ထိုဆုံးဖြတ်ချက်အား ပြန်လည်ပြုပြင်ပေးရန် တောင်းဆို ခြင်းဖြစ်သည်။

လာမည့် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်နေ့ နောက်ပိုင်း နိုင်ငံသားစီစစ်ရေး လျှောက်ထားရန် စာရင်းမ သွင်း သူများအား ဌာနေနိုင်ငံသို့ပြန်ပို့ရန် ၀န်ကြီးများ အစည်း အဝေးက ဆုံးဖြတ်ခဲ့မှုကို ပြန်လည်ပြုပြင်ပေးရန် ထိုင်းဝန်ကြီးချုပ်ထံ တင်ပြတောင်းဆိုခြင်း ဖြစ်သည်ဟု လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HRDF) မှ ဦးစိန်ဌေးက ယခုလိုပြောသည်။

“အဓိကကတော့ ဒီ ၁၉ ရက်နေ့တုန်းကထုတ်လိုက်တဲ့ ကက်ဘိနက်အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ပေ့ါ နော်။ အဲဒီဆုံးဖြတ်ချက်ရဲ့အကြောင်းအရာ တွေက အလုပ်သမားရဲ့ လက်ရှိအခြေအနေနဲ့ သိပ်ပြီး ကိုက်ညီမှုတွေမရှိတဲ့အခါကျတော့ အဲဒီဟာကို ပြုပြင်ပြောင်း လဲပေးဖို့ နောက်ထပ်လည်း ကျနော်တို့ ဟိုးအရင်ထဲက တောင်းဆိုထားတဲ့ အချက်တွေ ပေ့ါနော်၊ အဲတာတွေကိုလည်း တိကျသေခြာအောင် လုပ်ပေးဖို့ပေ့ါနော်။”

၀န်ကြီးများအစည်းအဝေးမှ ဆုံးဖြတ်ချက်အရ အလုပ်သမားများ အလုပ်ရှင်ပြောင်းခွင့်မရှိ သည့်အချက်သည် အ လုပ်သမားများအတွက် အခက်အခဲဖြစ်စေပြီး အလုပ်သမားအခွင့် အရေးကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပေးစာ၌ ဖော်ပြထားသည်။

ထိုပြင် ရွှေ့ပြောင်းအလုပ်သမားနှစ်သန်းကျော်အနက် ၈၀ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံသား များဖြစ်ပြီး နိုင်ငံအ တွင်းစီးပွားရေးယိုယွင်းမှု၊ လူမျိုးရေးနှင့် နိုင်ငံရေးဆိုင်ရာ ပဋိပက္ခများ၊ စစ်ပွဲများကြောင့် ရောက်လာသူများဖြစ်၍ နိုင်ငံသားစီစစ်ရာ၌ သက်သေခံအထောက် အထား ပြသရန် ခက်ခဲသူများ ဖြစ်သည်။နိုင်ငံသားစီစစ်ရေးလုပ်ငန်းတွင် ၀န်ဆောင်မှုပေးနေသည့်အဖွဲ့အစည်းများက အလုပ်သမား များအပေါ် ခေါင်းပုံ ဖြတ်နေသည့်အတွက် ထိုင်းအစိုးရမှ ၀န်ဆောင်ခနှုန်းထားများ သတ်မှတ်ပေးရန်၊ ထိုင်းနိုင်ငံအတွင်း ကျန်ရှိ နေသည့် တရားမဝင်အလုပ်သမားများအား တရားဝင် အလုပ်သမားမှတ်ပုံတင်များ ထပ်မံပြုလုပ်ပေးရန် တောင်း ဆိုထားသည်။

ထို့အပြင် ထိုင်းမြန်မာနှစ်နိုင်ငံ သဘောတူညီချက်အရ ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်သည့်လုပ်ငန်းကို နယ်စပ် ဒေသသုံးနေရာ၌သာမက လာအို၊ ဗီယက်နမ် နိုင်ငံများနည်းတူ ထိုင်းနိုင်ငံ အတွင်း လာရောက်ဖွင့်လှစ်နိုင်ရန် မြန်မာအစိုးရနှင့် ညှိနိုင်းဆောင်ရွက် ပေးရန်လည်း တင်ပြထားသည်။

ထိုင်းအစိုးရနှင့် အလုပ်သမားများကြား အဆင်ပြေချောမွေ့စေရန် အလုပ်သမားရေး ဆောင်ရွက်နေသည့် အဖွဲ့ များနှင့် ဆက်သွယ်၍ ညှိနိုင်းဆွေးနွေး ဆောင်ရွက် သင့်ကြောင်း တင်ပြထားသည်ဟု NCGUB မှ ရွှေ့ပြောင်း အ လုပ်သမားရေးတာဝန်ခံ ဦးသက်ခိုင်က ယခုလိုပြောသည်။

“ဒီရွှေ့ပြောင်းအလုပ်သမားအရေး လုပ်နေတဲ့အဖွဲ့အစည်းတွေသာလျှင် ရွှေ့ပြောင်းအလုပ်သမားအ ကြောင်းကိုနားလည်တယ်။ အဲဒီတော့ ကြားမှာရှိနေတဲ့ ပွဲစားတို့၊ ကျန်တဲ့ဟာ တွေက နားလည်ဖို့ဆို တာ တော်တော်ကိုခက်ခဲမယ့် အနေအထားမျိုး တွေရှိတယ်။”

ယနေ့တောင်းဆိုချက်များအား ထိုင်းအစိုးရမဟုတ်သည့်အဖွဲ့အစည်းများ အပါအဝင် မြန်မာ ရွှေ့ပြောင်းအလုပ် သမား ၁၅၀ ခန့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ သံရုံးနှင့် ထိုင်းအစိုးရ ၀န်ကြီးချုပ်ရုံးတို့၌ ပေးအပ် ခဲ့သည်။အလားတူ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမား ၅၀ ခန့်သည် ယနေ့နံနက် ၁၀ နာရီအချိန် ခန့်က ချင်းမိုင်ခရိုင်ရုံးသို့သွားရောက်၍ အလုပ်သမားများနှင့် ပတ်သက်သည့် တောင်းဆိုချက် (၇) ချက်ပါပေး စာတစ်စောင်အား ဒုတိယခရိုင်ဝန်ထံ ပေးပို့ခဲ့သည်။

ယင်းပေးစာအား လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၊ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့(နယူးယောက်)၊ နိုင်ငံတကာ အလုပ်သမား သွေးစည်းညီညွတ်ရေး အမေရိကန်စင်တာ၊ ရွှေ့ပြောင်းအလုပ် သမားများကွန်ယက်(ထိုင်းနိုင်ငံ)၊ ရွှေ့ပြောင်းအလုပ်သမားများအရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(ထိုင်းနိုင်ငံ) တို့မှ လက်မှတ်ရေး ထိုးခဲ့ပြီး  ထိုင်းအစိုးရဌာနအသီးသီးသို့ မိတ္တူပေးပို့ခဲ့သည်။

မြန်မာနိုင်ငံသားအလုပ်သမားနှစ်သန်းကျော်ရှိသည့်အနက် တရားဝင်အလုပ်သမား မှတ်ပုံတင် ကိုင်ဆောင်ထား သူ တစ်သန်းကျော်ရှိပြီး ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် စာရင်းသွင်း ထားသူ ရှစ်သောင်းရှိသည့် အနက် ပြုလုပ်ပြီးသူ သုံးသောင်းကျော်သာ ရှိသည်ဟု အလုပ်သမားအရေးဆောင်ရွက်နေသည့်အဖွဲ့များက ခန့်မှန်းကြ သည်။

Most read this week