မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းစည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြ ပိုင်ဆိုင်သည့် ဆိုင်ခန်းအမှတ် ၉ (စီရုံ၊ မန္တလေးစျေးချို) ကို တိုင်း စည်ပင်သာယာကော်မတီက ယနေ့ နေ့လည်တွင် လေလံတင် ရောင်းချလိုက်သည်။
လေလံမပစ်ရန် ဆိုင်ရှင်များက စည်ပင်နှင့် စစ်အစိုးရ အကြီးအကဲထံ မေတ္တာရပ်ခံစာများ ပေးပို့ခဲ့သော်လည်း ယနေ့တွင် စည်ပင်က မြို့တော်ခန်းမ ၁ တွင် လေလံတင်ပွဲ ကျင်းပခဲ့ရာ ကျပ်ငွေ သိန်း ၅၁ဝ ဖြင့် တရုတ်အမျိုးသား ကိုတင်ကိုကိုက ဝယ်ယူလိုက်ခြင်း ဖြစ်သည်။
''လေလံက ပြီးသွားပါပြီ။ လေလံဆွဲတဲ့ လူက ၂ ယောက်ထဲပဲ ရှိပါတယ်။ အကြမ်းဖျင်းစျေးကို သိန်း ၅ဝဝ သတ်မှတ်ပါတယ်။ သိန်း ၅ဝဝ နဲ့ ၁ဝ ပေးတဲ့ တရုတ်လူမျိုး ကိုတင်ကိုကိုက ရသွားတယ်။ ဒီနေ့ နေ့လည် ၂ နာရီက ပြီးသွားတယ်။ တဦးက သိန်းမြင့်ဦးလို့ ပြောတယ်။ သူလည်း တရုတ်လူမျိုးပဲ။ သူက သိန်း ၅ဝဝ နဲ့ ၅ သိန်း ပေးတယ်'' ဟု ဒေါ်ဝင်းမြမြ၏ အကို ဦးဘစိုးက ပြောသည်။
၎င်းတို့မောင်နှမများပိုင် အထည်ဆိုင်ကို ၂ဝဝ၇ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် စည်ပင်က တည်ငြိမ်မှုကို ပျက်ပြားစေသည်ဟု အကြောင်းပြကာ သိမ်းယူခဲ့ပြီးနောက် ယခုလို လေလံတင်ရောင်းချခြင်း ဖြစ်သည်။
ဆိုင်မသိမ်းခင် တပတ်ခန့်တွင် ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက ဆိုင်ကို မလှမ်းကမ်းမှ ဓာတ်ပုံလာရိုက်ခဲ့ကြောင်းနှင့် ထို့နောက် စည်ပင်ရဲဗိုလ်မှူးကြီးတဦးက ဆိုင်သိမ်းသည်ကို လက်မှတ်ထိုးခိုင်းခဲ့ကြောင်း ဦးဘစိုးက ယခင် အခြေအနေကို ပြန်ပြောသည်။
သူက ဆက်ပြီး ''လက်မှတ်ရေးထိုးပြီးမှ သိမ်းတဲ့ စည်ပင်သာယာကို သွားတွေ့တော့ စည်ပင်က ဓာတ်ပုံ ၃ ပုံ ထုတ်ပြတယ်။ ဆိုင်ဆိုင်းဘုတ်ပါတဲ့ပုံ၊ လူတွေ စျေးဝယ်နေတဲ့ပုံ၊ တပုံက ဆိုင်ဘီရိုမှာ အန်အယ်ဒီအလံ sticker (ကပ်ခွာ) ၄ လက္ခ၊ ၆ လက္ခ အလံလေး နှစ်ခုကို အကြီးကြီးလုပ်ထားတဲ့ပုံ။ နံရံတခုမှာ ကပ်ထားသလိုမျိုး။ ဒီပုံနဲ့ပတ်သက်ပြီး စည်ပင်က စျေးထဲလာကြည့်တာ၊ စစ်တာတို့ မရှိဘူး။ ဒီအလံလေး နှစ်ခုကို အကြောင်းပြပြီး စျေးထဲမှာ တည်ငြိမ်မှု ပျက်ပြားစေတယ်ဆိုပြီး သိမ်းလိုက်တဲ့ သဘောပဲ။ လုပ်ကြံဇာတ်နဲ့ သိမ်းလိုက်တာပေါ့'' ဟု ပြောသည်။
အန်အယ်ဒီ၏ မန္တလေးတိုင်း အမျိုးသမီးတာဝန်ခံလည်းဖြစ်သူ ဒေါ်ဝင်းမြမြသည် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလအတွင်း သံဃာ့လှုပ်ရှားမှု ဖြစ်ပွားစဉ် အဖမ်းခံခဲ့ရကာ၊ နောက်တလ ၂၄ ရက်နေ့တွင် အစိုးရကို အကြည်ညိုပျက်စေရန် ပြောဆိုမှု၊ ဘာသာ သာသနာကို အကြည်ညိုပျက်စေရန် လုပ်ဆောင်မှု အပါအဝင် ပုဒ်မ ၃ ခုဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရသည်။
''ဒီနိုင်ငံထဲမှာ နေတဲ့သူတွေအားလုံး ဒီလိုပဲ ခံရမယ်။ ကျနော်တို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင် ဖြစ်နေတဲ့အပေါ်မှာ စီးပွားရေး၊ လူမှုရေး အားလုံး အကန့်သတ်ခံနေရတာပါပဲ'' ဟု ဦးဘစိုးက ပြောသည်။