မစ္စတာ ကွင်တားနား နိုင်ငံရေး အကျဉ်းသား ၄ ဦးနှင့် တွေ့

မစ္စတာ ကွင်တားနား နိုင်ငံရေး အကျဉ်းသား ၄ ဦးနှင့် တွေ့
by -
ခိုင်စု
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကွင်တားနားသည် ယနေ့တွင် ရခိုင်ပြည်နယ် စစ်တွေထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၄ ဦးနှင့် တွေ့ဆုံခဲ့ကြောင်း ရန်ကုန်ရှိ...

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကွင်တားနားသည် ယနေ့တွင် ရခိုင်ပြည်နယ် စစ်တွေထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၄ ဦးနှင့် တွေ့ဆုံခဲ့ကြောင်း ရန်ကုန်ရှိ ကုလရုံးက ပြောသည်။

“ဒီနေ့ စစ်တွေထောင်ကိုသွားပြီး ပြည့်ဖြိုးလှိုင် (ခ) အသည်းလေး၊ သန်းတင် (ခ) ကြည်သား၊ ဦးစန္ဒာသီရိ (ခ) ဦးပရိတ်နဲ့ တခြားတယောက်ကို သွားတွေခဲ့ပါတယ်” ဟု ကုလရုံးမှ သတင်းထုတ်ပြန်ရေး တာဝန်ရှိသူ ဦးအေးဝင်းက မဇ္စျိမကို ပြောသည်။

ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ အုပ်ချုပ်ရေး အာဏာပိုင်များနှင့် တွေ့ဆုံပြီးနောက် အကျဉ်းထောင်သို့ သွားရောက်ကာ နိုင်ငံရေး အကျဉ်းသားများနှင့် တွေဆုံခဲ့ခြင်း ဖြစ်သည်။

၎င်းတို့မှာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုသန်းတင် (ခ) အသည်းလေးမှာ ၂၀၀၇ ခု စက်တင်ဘာအတွင်း အဖမ်းခံခဲ့ရပြီး အီလက်ထရောနစ် အက်ဥပဒေ၊ အသင်းအဖွဲ့ အပါအဝင် ပုဒ်မ ၉ ခုဖြင့် ထောင်ဒဏ် ၆၅ နှစ် ကျခံနေရကာ၊  ကျောင်းသား ပြည့်ဖြိုးလှိုင် (ခ) အသေးလေးမှာ ၂၀၀၇ စက်တင်ဘာလအတွင်း အဖမ်းခံရပြီး အသင်းအဖွဲ့ပုဒ်မ၊ တရားမဝင် ပုံနှိပ်ထုတ်ဝေမှု အပါအဝင် ပုဒ်မ ၄ ခုဖြင့်  ၂၄ နှစ်၊ သံဃာတော် ဦးစန္ဒာသီရိ (ခ) ဦးပုရစ် (ခ) မြင့်ဟန်မှာ အသင်းအဖွဲ့ပုဒ် အပါအဝင် ပုဒ်မ ၆ ခုဖြင့် ထောင်ဒဏ် ၁၁ နှစ်ကျခံနေရသူတို့ ဖြစ်သည်။ ကျန်တဦးကိုမူ မသိရသေးပါ။

မစ္စတာ ကွင်တားနားသည် မနက်ဖြန်တွင် ဘူးသီးတောင်ထောင်သို့ သွားရောက်ဦးမည်ဟု သိရသည်။

မြန်မာ့ လူ့အခွင့်အရေး အခြေအနေကို လေ့လာစုံစမ်းရန်အတွက် ၅ ရက်ကြာ မြန်မာပြည် ခရီးစဉ်ကို ယမန်နေ့က စတင်လိုက်ပြီး ယနေ့မှစတင်၍ ရခိုင်ပြည်နယ်အတွင်း ၂ ရက်ကြာ လာရောက်ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ အထူးသံတမန်သည် ယမန်နေ့က ရန်ကုန်အခြေစိုက် ကုလရုံးမှ တာဝန်ရှိသူများ၊ သံတမန် အဖွဲ့ဝင်များ၊ တရားသူကြီး ဦးသောင်းညွန့်အပြင် အကျယ်ချုပ်ကျခံနေရသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ၄ ဦးနှင့်ပါ တွေ့ဆုံခဲ့သေးသည်။

Most read this week