နအဖ၏ စရဖ ညွှန်ချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်အား သွားရောက်တွေ့ဆုံရန် ၀ ခေါင်းဆောင် ဒုတိယအကြိမ်ငြင်းဆန်ပြီး နောက်ပိုင်း နအဖဘက် ဆက်ဆံရေး နှုတ်ဆိတ် အေးကျဲလာသောကြောင့် ပိုမိုသတိထားမည်၊ပြင်ဆင်မှု ပိုမိုပြုလုပ်သွားမည်ဟု...
နအဖ၏ စရဖ ညွှန်ချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်အား သွားရောက်တွေ့ဆုံရန် ၀ ခေါင်းဆောင် ဒုတိယအကြိမ်ငြင်းဆန်ပြီး နောက်ပိုင်း နအဖဘက် ဆက်ဆံရေး နှုတ်ဆိတ် အေးကျဲလာသောကြောင့် ပိုမိုသတိထားမည်၊ပြင်ဆင်မှုပိုမိုပြုလုပ်သွား မည်ဟု စုံစမ်းသိရှိရပါသည်။
“သူတို့ဘက်ကတွေ့ဆုံဖို့ ဘာမှထပ်ပြောမလာတော့ဘူး၊ သူတို့ငြိမ်နေလေ ပိုသတိထားရလေဘဲ။ ကျနော်တို့ဘက် ကလဲ ပြင်ဆင်မှုတွေ သတိ ၀ိရိယတွေ ပိုထားရလိမ့်မယ်” - ထိပ်ပိုင်းစစ်ဘက် ၀ အရာရှိတဦးက ပြောပါသည်။
အပစ်ရပ် SSA ဒုဥက္ကဌ ဗိုလ်ချုပ်ကိုင်ဖှ
ဖေဖေါ်ဝါရီလဆန်းပိုင်း လားရှိုးစစ်တိုင်းရုံး၌ တွေ့ဆုံရန် ဒုဗိုလ်ချုပ်ကြီးရဲမြင့် က ၀ နှင့် သျှမ်းအပစ်ရပ်အား ဆင့် ခေါ်ခဲ့၏။ ဗိုလ်ချုပ်လွယ်မောဝ် သွားရောက်တွေ့ဆုံ ခဲ့သော်လည်း ၀ တို့ကမူ ခေါင်းခါ ငြင်းဆန်ခဲ့၏။ ထိုနောက်ပိုင်း တွေ့ဆုံရန် ထပ်မံပြောဆို ခြင်းမရှိတော့ဘဲ နအဖစစ်အုပ်စုဘက် ရေငုံနှုတ်ဆိတ်နေခဲ့ကြောင်း ထို ၀ အရာရှိက သျှမ်းသံတော်ဆင့်သို့ ပြောပြ၏။
“လားရှိုးမှာသွားတွေ့ဖို့ ၀ ခေါင်းဆောင်ပိုင်းက ထပ်ငြင်းပြီးနောက်ပိုင်း တန့်ယန်းအခြေစိုက် ခလရ ၃၃ တပ်ရင်း မှူး ဒုဗိုလ်မှူး ကြီးကျော်ကျော်နိုင်က မြောက်ပိုင်း ၀ နယ် နဲ့မျက်နှာချင်းဆိုင် သံလွင်မြစ် တာ့ဆိုင်းလျဲန်ကူးတို့ဆိပ်၊တာ့ဆုပ် ဆွေ ကူးတို့ဆိပ် ၂ - ၃ နေရာသွားစစ်တယ်” - ဟု သျှမ်းအပစ်ရပ်နယ်မြေမှ အမည်မဖေါ်လိုသူ ဒေသခံ တဦးက ပြောဆိုသည်။
လားရှိုးတွေ့ဆုံပွဲ၌ အပစ်ရပ် SSA ခေါင်းဆောင်ဗိုလ်ချုပ်လွယ်မောဝ်း အား သတ်မှတ်ထားသည့် ပြည်သူ့စစ်အသွင် ပြောင်း အင်အားစာရင်း ယခုလနောက်ဆုံး မပေးပို့ပါက အင်အားသုံးတိုက်သင့်ကတိုက်မည် ဟု အဓိပ္ပါယ်ပါသော ဗိုလ်ရဲမြင့်၏ လေသံအပေါ်အပစ်ရပ် SSA တပ်မှူးများ ဂရုစိုက် အလေးထားပုံမရှိဟု SSA အရာရှိတဦးက ဤကဲ့သို့ ပြောပါသည်။
“အသွင်ပြောင်းဖို့ဘယ်သူမှ စိတ်မဝင်စားဘူး၊ နအဖ က အင်နဲ့အားနဲ့ ကျူးကျော်လာလဲ ကျနော်တို့ ဘက်ကအဆင့် သင့်ဘဲ၊ လောလောဆယ် နအဖ သဘောထား မပြောင်းရင် ကျနော်တို့ ဒုဥက္ကဌလဲ မြို့ထဲပြန်ဝင်မဲ့ အလား အလာမရှိဘူး၊ နအဖလုပ်လေ့ရှိတဲ့အတိုင်း အပြစ်တွေလျှောက်ဖို့ပြီး ဖမ်းဆီးမှာစိုးလို့”
အသွင်ပြောင်းရေးမူ နအဖ သဘောထား မပျော့ပြောင်းလျှင် ဒုဥက္ကဌ ဗိုလ်ချုပ်ကိုင်ဖှ လားရှိုးနေအိမ် ပြန်တော့ မည် မဟုတ်ကြောင်း၊ ဒုဗိုလ်ချုပ်ကြီးရဲမြင့် နှင့် တွေ့ဆုံစဉ်လည်း သူမပါကြောင်း၊ ထိုအချိန်မှစ၍ ယနေ့တိုင် စစ်ဦးစီးချုပ်ရှိရာ တပ်မဟာ ၁ နယ်မြေ ၌သာရှိနေကြောင်း ဆက်ပြောပြပါသည်။
အပစ်ရပ်တပ်ဖွဲ့ အားလုံး နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ်အသွင်ပြောင်းရန် စစ်အစိုးအကြိမ်ကြိမ်ခေါ်ယူ ဖိအားပေး ၍ နောက်ဆုံးကန့်သတ်ရက် ဒက်လိုင်းပေးခဲ့သော်လည်း UWSA, SSA, KIA, NDAA-ESS တို့က လက်မခံဘဲ ခေါင်းခါငြင်းဆန် အချိန်ဆွဲလာခဲ့ခြင်းဖြစ်သည်။