ဆရာတော် အရှင်ကောသလ္လ မဲဆောက်မြို့၌ တရားဟော

ဆရာတော် အရှင်ကောသလ္လ မဲဆောက်မြို့၌ တရားဟော
by -
မိကျလွန်းထော
ယမန်နေ့ညနေ ၃ နာရီမှ  ၅ နာရီအတွင်း မဲဆောက်မြို့ ဆင်နှစ်ကောင်စက်ရုံအနီးရှိ ဝှက်မောင်မူခွန်း (ထိုင်းအခေါ်အဝေါ) ဘုန်းတော်ကြီးကျောင်း၌ ဆရာတော် ဘဒ္ဒန္တ အရှင်ကောသလ္လ တရားဟောကြာခဲ့သည်ဟု...

ယမန်နေ့ညနေ ၃ နာရီမှ  ၅ နာရီအတွင်း မဲဆောက်မြို့ ဆင်နှစ်ကောင်စက်ရုံအနီးရှိ ဝှက်မောင်မူခွန်း (ထိုင်းအခေါ်အဝေါ) ဘုန်းတော်ကြီးကျောင်း၌ ဆရာတော် ဘဒ္ဒန္တ အရှင်ကောသလ္လ တရားဟောကြာခဲ့သည်ဟု သိရသည်။

မဲဆောက်မြို့စျေးမိသားစုအသင်းနှင့် ကုသိုလ်ဆန်လှူအသင်းတို့က ဦးစီးပြုလုပ်ခဲ့သည်ဟု ၄င်းတရားပွဲတွင် ပါဝင်လုပ်ကိုင်ပေးခဲ့သည့် မဲဆောက်မြို့ခံတစ်ဦးက ပြောသည်။

“ဒီမဲဆောက်မြို့မှာရှိတဲ့ မြန်မာပြည်သူ/သားတွေ အသိတရား တိုးပွားလာစေဖို့၊ မြန်မာအချင်းချင်း ရိုင်းပင်ကူညီတတ်ဖို့နဲ့ စိတ်ကောင်းစေတနာကောင်းတွေ ထားတတ်ဖို့ ရည်ရွယ်ချက်နဲ့ ဆရာတော်ကို ပင့်လိုက်တာပါ” ဟု ၄င်းက ပြောသည်။

ယခုလိုမျိုး မဲဆောက်မြို့ပေါ်တွင် တရားဟောပွဲပြုလုပ်ခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်ပြီး၊ တရားပေးမည့်ဆရာတော်လည်း မြန်မာပြည်မှ ထင်ရှားကျော်ကြားသည့် ဆရာတော်မျတစ်ပါးဖြစ်သည်ဟု မဲဆောက်မြို့ခံ တစ်ဦးက ပြောသည်။

အရှင်ကောသလ္လဆရာတော်သည် မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ တိမ်မြုပ်နေသော ထေရဝါဒနည်းစနစ်ဖြင့် စေတီတော် ကိုးကွယ်သည့်နည်းကို “နှလုံးသားဝယ် ဘုရားတည်” ဟူ၍ အထူးပြုဟောကြားပေးသော်မူသောကြောင့် ဓမ္မစေတီဆရာတော် ဟုလည်းခေါ်ကြသည်။

ဘဒ္ဒန္တကောသလ္လ (ဓမ္မစေတီဆရာတော်) ဘုရားသည် ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့ ဇာတိဖြစ်ပြီး၊ လွန်ခဲ့သော ၁၃၄၂ ခုနှစ် သင်္ကြန်အကြတ်နေ့တွင် တောင်ဥက္ကလာပ ၁၂ ရပ်ကွက်၊ မာဃလမ်း၊ လူထုဓမ္မာရုံတွင် “ဂဏကမောဂ္ဂလာနသုတ္တန်” ဓမ္မတရားတော်ကို ပထမဦးဆုံးအကြိမ် ဟောကြားခဲ့သည်။

နိုင်ငံတော်မှ ပေးအပ်သော ဓမ္မာစရိယ B.A ဘွဲ့နှင့် မဟာဓမ္မာစရိယ M.A Buddhism ဘွဲ့တို့ကို မန္တလေးမြို့ ပရိယတ္တိ သာသနာ့တက္ကသိုလ်၌ ၁၃၅၁ မှ ၁၃၆၂ ခုနှစ်အထိ လေ့လာသင်ယူခဲ့ပြီး၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်၌ ပိဋကတ်ဆိုင်ရာ အင်္ဂလိပ် စာပေဌာနတွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။