မြန်မာ စစ်အစိုးရတပ် စကခ ၁၉ တို့က ၂၀၀၉ ခုနှစ် ဒီဇင်ဘာလက သံဖြူဇရပ်မှ ဘူရားသုံးဆူဒေသရှိ (KNU) ဧရိယာအတွင်းသို့ ဝင်ရောက်လာပြီး၊ စကခ ၈ တပ်ရင်းကလည်း ဇန်နာဝါရီလမှာ ဝင်းကနိုင်ရွာအတွင်း ဝင်ရောက်လာခဲ့သည်။
“ကျနော်တို့ ဒီဗမာစစ်တပ်တွေရဲ့အစီအစဉ်ကို မသိနိုင်ဘူး၊ ကျနော်တို့နယ်မြေထဲမှာလည်း ဗမာစစ်တပ်တွေကို တခါမှမတွေ့ဖူးဘူး၊ ထင်မြင်ချက်ပေးရရင်တော့ သူတို့မှာ အစီအစဉ်တစ်ခုခုတော့ရှိမယ်လို့” (KNU) ထိန်းချုပ်နယ်မြေအတွင်းရှိ ဒေသခံတစ်ဦးက ပြောသည်။
များသောအားဖြင့် မြန်မာစစ်တပ်တို့က (KNU) ထိန်းချုပ်ရာနယ်မြေအတွင်းသို့ ဝင်ရောက်လာကြပြီး၊ ယခုအခါတွင် (KNU) တပ်မဟာ ၄ လည်း တပ်မဟာ ၆ နှင့် ပူးပေါင်းလိုက်ကြောင်း ၄င်းက ဆက်ပြောသည်။
မွန်ပြည်သစ်ပါတီအနေနှင့် မြန်မာစစ်အစိုးရတို့၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ကမ်းလှမ်းချက်ကို လက်မခံကြောင်း ငြင်းပယ်လိုက်ပြီးနောက် တနသာင်္ရီတိုင်းတွင် အခြေချထားသည့် မြန်မာစစ်အစိုးရတပ် ခလရ ၂၈၂ တို့က မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းရှိ သုဝဏ္ဏဘူမိကျေးရွာသို့ ဇန်နဝါရီလအတွင်းမှာ ဝင်ရောက်လာခဲ့သည်။
“မြန်မာစစ်အစိုးရတွေဟာ သူတို့ရဲ့ (၂၀၁၀) ရွေးကောက်ပွဲကို မကျင်းပခင်ထိတော့ အပစ်ခတ်ရပ်ထားတဲ့အဖွဲ့တွေနဲ့ ပြဿနာဖြစ်မှာ မဟုတ်ဘူး၊ သူတို့ရဲ့ ရွေးကောက်ပွဲ ပြီးသွားတဲ့အခါကျမှ သူတို့လုပ်ချင်ရာ လုပ်လာမယ်၊ ပြောရရင် အပစ်ရပ်အဖွဲ့တွေနဲ့ တိုက်ခိုက်လာမယ်လို့ ထင်တယ်” ဟု ဘုရားသုံးဆူဒေသရှိ အပစ်ခတ်ရပ်စဲရေး အဖွဲ့တို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“မြန်မာစစ်အစိုးရတပ်တွေက အခုလို အပစ်ခတ်ရပ်ဆဲထားတဲ့ မွန်ပြည်သစ်နယ်မြေ၊ ကေအန်ယူနယ်မြေထဲကို ပြောက်ကျားတပ်အနေနဲ့ ဝင်ရောက်တာလည်း ရှိနေတယ်” ဟု ကေအန်ယူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယခုလိုမျိုး မြန်မာစစ်အစိုးရတပ်များ ကေအန်ယူထိန်းချုပ်ရာနယ်မြေအတွင်းသို့ ဝင်ရောက်လာခြင်းမှာ အဓိကအချက်အနေဖြင့် ထိုနယ်မြေအတွင်း လုံခြံုရေးရရှိရန်နှင့် ကေအန်ယူတပ်များကို ရှင်းလင်းရန်အကြောင်းပြထားသည်။ သို့မျှမက မွန်ပြည်သစ်ပါတီလည်း ပါဝင်သည်ဟု သိရသည်။
ကေအန်ယူထိန်းချုပ်နယ်မြေနှင့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက်လာသည့် မြန်မာစစ်တပ် တပ်ရင်းတို့က သူတို့တပ်ရင်းအတွက် ရေရှည် သွားနိုင်ရန် ရိက္ခာအလုံအလောက် စုဆောင်းထားကြောင်း မွန်ပြည်သစ်ပါတီနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။