မြေခပန်း မနွမ်းပါ

မြေခပန်း မနွမ်းပါ
by -
ခေါင်ဆူလိုင့်
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းက ရွှေ့ပြောင်း ရွာသားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တရွာဝင်၊ တရွာထွက် စေတနာဖြင့် အနီးကပ်ကြည့်ရှု ကုသပေးနေသူ အသက် (၃၂) အရွယ် စောညွှန့်ဝင်းကို ၂၀၀၉ ခုနှစ်၊ ‘ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု’ ယခုနှစ်တွင်...

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းက ရွှေ့ပြောင်း ရွာသားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တရွာဝင်၊ တရွာထွက် စေတနာဖြင့် အနီးကပ်ကြည့်ရှု ကုသပေးနေသူ အသက် (၃၂) အရွယ် စောညွှန့်ဝင်းကို ၂၀၀၉ ခုနှစ်၊ ‘ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု’ ယခုနှစ်တွင် ရွေးချယ် ပေးအပ်ခဲ့သည်။ 

(Saw Nyunt Win) – “ကျန်းမာရေးပညာပေး အပြန်လမ်းခရီးမှ စောညွန့်ဝင်း”

သူသည် ဖာပွန်ခရိုင်၊ လူသောမြို့နယ်အတွင်းက တာအို့ဒဲကျေးရွာတွင်၊ လူနာ ၁၀ ဦးဆံ့ ကျေးရွာဆေးပေးခန်းကို ၀န်ထမ်း ၁၂ဦးနှင့်အတူ လုပ်ဆောင်နေပြီး အနီးအနားရှိ ဒေသခံ ၂၀၀၀ ခန့်၏ ကျန်းမာရေးအပြင် လူမှုရေးကိစ္စ များကိုပါ အားကြိုးမာန်တက် လုပ်ဆောင်လာခဲ့သည်။  

အစိုးရ ဆေးပေးခန်းများနှင့် အလှမ်းဝေးကွာပြီး၊ အခြေခံ ကျန်းမာရေးပြုစုစောင့်ရှောက်မှု အထူးလိုအပ်နေသည့် ရွာသူ၊ ရွာသားများကို ဆေးပစ္စည်းမစုံလင်သော်လည်း တတ်နိုင်သည့်နည်းဖြင့် ဆေးကုသပေးနေခဲ့သည်မှာ ၉ နှစ်ကျော်ပြီ ဖြစ်သည်။

“၀ါ့မီကျေးရွာမှ ကလေးလူနာကို စမ်းသပ်ကြည့်ရှုစဉ်”

ထိုဆေးဝန်ထမ်းများသည် ကျန်းမာရေးပညာပေး အတွေ့အကြံုရှိသူများဖြစ်ပြီး လုပ်သက်အနည်းဆုံး ၃ နှစ်နှင့် အထက်ရှိကာ လူနာများကို အခမဲ့ ဆေးကုသ ပေးနေသည်။  

ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်၊ မဲ့ပရီရွာသား စောညွန့်ဝင်းသည် ဆက်ကျော်သက်အရွယ်က လက်နက်ကိုင် စစ်သား လုပ်ရန် ဆန္ဒပြင်းပြခဲ့သော်လည်း နောက်ဆုံးတွင် ၀ါသနာ ပါရာ ဆေးသင်တန်းကို တက်ရောက်သင်ယူခဲ့ပြီး ၂၀၀၀ ခုနှစ်မှ စတင်ကာ ကျေးရွာလူထု၏ ကျန်းမာရေးကို တာဝန်ယူ လုပ်ဆောင်လာခဲ့သည်။  

မကြာခဏဆိုသလိုပင် စစ်အစိုးရ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာများတွင် စစ်ကြောင်းချီတက်လာမည့် သတင်း ကြိုတင်သိရပါက ရွာသူ၊ ရွာသားများ နီးစပ်ရာ တောတွင်း ပုန်းရှောင်ရပြန်သည်။ 

“ဆေးဝန်ထမ်းများ နယ်လှည့်ဆေးကုသမှု လိုက်လံပေးနေစဉ်”

ယခုလို တည်ငြိမ်မှုမရှိသည့်အခြေအနေတွင် ဒေသခံများ တောင်ယာစပါးပုံမှန် စိုက်ပျိုးခြင်း၊ ရိတ်သိမ်းနိုင်ခြင်း မရှိသည့်အတွက် စားနပ်ရိက္ခာ ပြတ်လပ်မှု ကြံုတွေ့ နေရသည့် အပြင်၊ အခြေခံ ကျန်းမာရေး ပြုစုစောင့်ရှောက် ရေးလိုအပ်နေသူ ဒေသခံ ရ၀၀၀ခန့် ရှိသည်။  

၀ါ့မီဒေးရွာ၌ အိမ်ခြေ ၄၀ကျော်၊ လူဦးရေ စုစုပေါင်း ၂၀၀ ကျော်ရှိပြီး ခြေလျင်ခရီးသွားပါက ဖာပွန်မြို့ကို ၂း၃၀ နာရီခန့်ကြာသည်။ ထိုရွာတွင် ဆေးပေးခန်းမရှိသည့်အပြင် ဒေသခံများ မြို့ပေါ်တက်ကာ ဆေးကုသမှု ခံယူပါက ငွေကုန်ကြေးကျများသည့်အတွက် ဒေသခံများက နယ်လှည့်ကျန်းမာရေးဝန်ထမ်းများကိုသာ အားကိုးနေကြရ သည်။  

ထိုဒေသက ကျေးလက်ဆေးပေးခန်းများကို ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့က ဒေါက်တာစင်သီယာမောင် ဦးဆောင်သည့် မယ်တော်ဆေးခန်း အပါအဝင် နယ်လှည့် ကျော်ပိုးအိတ် ကျန်းမာရေး လုပ်သားများအဖွဲ့၊ ကော်သူးလေ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးအဖွဲ့အပြင် အမျိုးသားကျန်းမာရေးနှင့် ပညာရေးအဖွဲ့ စသည့် အဖွဲ့အစည်း များက ကူညီပံ့ပိုးပေးနေသည်။  

ဖာပွန်ခရိုင်အတွင်းရှိ၊ ဒေးပူနို့၊ တာအို့ဒဲ၊ ပါဟိုက်၊ ခေးပူ၊ နော်ယိုထာ့၊ ၀ါးခါ့ဒဲ၊ သာသွီးဒဲ၊ ခေါပုတ်၊ ကာနားဒဲ၊ မောခီး၊ ဘောပယ်၊ ဃဲပါ အပြင် သံလွင်မြစ်ကမ်းနံဘေးက အီတိုးထာ့ပြည်တွင်း ဒုက္ခသည်စခန်း စသည်တို့တွင် နေထိုင်သူများအတွက်လည်း ရွှေ့ပြောင်းဆေးခန်းများ ထားရှိသည်။  

တောတောင်၊ မြစ်ချောင်းများ ပေါများပြီး၊ လမ်းပန်း ဆက်သွယ်ရေးခက်ခဲသည့် ဒေသဖြစ်သည့်အားလျော်စွာ တနေရာမှ တနေရာသို့ သွားလာရန် ခက်ခဲလှသည့် ထိုဒေသ တွင် အရေးပေါ် ကျန်းမာရေးကိစ္စများအတွက် ဒေသခံများ အပါအဝင် ကျန်းမာရေးလုပ်သားများအတွက် စိန်ခေါ်မှုများလည်း ရှိနေသည်။  

ယခုလို ဖန်းဖောင်ဒေးရှင်းအဖွဲ့က ပေးအပ်ခဲ့သည့် ဆုသည် စောညွန့်ဝင်း၏ ၉နှစ်တာ၊ အနစ်နာခံ လုပ်ဆောင်ချက် များကို အသိအမှတ်ပြုခြင်းသာမက ထိုက်ထိုက် တန်တန် ဆုချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဆုရွေးချယ်ရေးအဖွဲ့ဝင်တဦး ဖြစ်သည့် စောစေးစေးဖန်း ထုတ်ဖော်ပြောဆိုခဲ့သည်။ 

“တာအို့ဒဲဆေးခန့်နှင့် စေတနာရှင် ကျန်းမာရေးဝန်ထမ်း လူငယ်၊ မောင်မယ်များ”

“ဒီနှစ်ပေးတဲ့ဆုက အတော်ရွေးရခက်တယ်။ သူ့ရဲ့လုပ်ရည်ကိုင်ရည်က တကယ်အနစ်နာခံတဲ့အပြင် လုပ်ငန်းကို ဘယ်လိုတိုးတက်အောင် လုပ်ဆောင်မယ်ဆိုတဲ့ တီထွင်ကြံဆမှု အပိုင်းမှာလည်း အားကောင်းတယ်လေ”ဟု ပြောသည်။  

သူ့အား ဆုရွေးချယ်ရေးအဖွဲ့သို့ အမည်စာရင်း တင်သွင်းခဲ့သူများထဲတွင် ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကရင်သတင်းဋ္ဌာနနှင့် ဖာပွန်ခရိုင်က ကရင်အမျိုးသား ခေါင်းဆောင် များလည်း ပါ၀င်ခဲ့သည်။  

စောညွန့်ဝင်း၏ လုပ်ဆောင်ချက်များကို ကိုယ်တွေ့မြင်ခဲ့သည့် ကရင်သတင်းဋ္ဌာန၏ ဒါရိုက်တာလည်းဖြစ်၊ အယ်ဒီတာလည်းဖြစ်သူ နန်းဖောဂေက “ဒီလိုကုသမှုလုပ်ငန်း တွေ၊ ပညာပေးလုပ်ငန်းတွေကြောင့် လူထုကို မျက်စိပွင့် နားပွင့်လုပ်ဆောင်လာခဲ့တဲ့အတွက်လည်း ကျမ ကိုယ်တိုင် သူ့ကို အဆိုတင်သွင်းခဲ့ပါတယ်။ ဆုရွေးချယ် ခံရတဲ့ အတွက် အတိုင်းမသိ ပီတိဖြစ်မိတယ်”ဟု ပြောသည်။  

တကြိမ်တခါက ချစ်ကံခေခဲ့သူ စောညွန့်ဝင်းသည် ယနေ့ထိတိုင် တကိုယ်ရည် တကာယ သမားတဦးအဖြစ် ရပ်တည်ကာ ကျေးရွာလူထုကျန်းမာရေးအတွက် လုပ်ဆောင် ရင်း မအားမလပ်သည့်ကြားမှပင် ရေဒီယိုတလုံးဖြင့် မြန်မာ့ရေးရာ၊ ကမ္ဘာ့ရေးရာတို့ကို မပြတ်နားဆင်လေ့ရှိသည်။  

ဆုရရှိကြောင်း ကြေညာသည့်နေ့တွင်ပင် သူသည် ဆေးပညာသင်တန်းတခုကို သွားရောက်သင်ယူနေချိန်လည်း ဖြစ်သည်။ ဆုရရှိသည့်အကြောင်း သိလိုက်ရချိန်တွင် အထူးဝမ်းသာမိကြောင်းနှင့် ရရှိလာမည့် ငွေသားဆု အမေရိကန်ဒေါ်လာ ၂၀၀၀ကို လက်ရှိဆေးပေးခန်းနှင့် အခြားလိုအပ်နေသည့် နေရာများတွင် အသုံးပြုသွားမည် ဖြစ်သည်ဟု စောညွှန့်ဝင်းက ဆိုသည်။  

ထို့အပြင် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က တည်ဆောက်ခဲ့ပြီးဖြစ်သော်လည်း နအဖ စစ်တပ်များ ဖျက်ဆီးခဲ့သည့် ထီးမူဒဲ ကျေးရွာအုပ်စုက တခေါ်တူ့ဘော ရွာက ကျောင်းကို လာမည့်နှစ်အတွင်း အသစ်ပြန်လည် တည်ဆောက်ရန် ပြင်ဆင်နေကြောင်းလည်း သူ၏ဆန္ဒကို ယခုလို ဖွင့်ပြောသည်။  

“ကျောင်းရှိတဲ့ ရွာတွေမှာ သွားတက်ဖို့ကလည်း၊ မိုးတွင်းဆို လမ်းက အရမ်းဆိုးတော့ ကလေးတွေအတွက် အခက် အခဲက ရှိပြန်ရော။ ဒါကြောင့် ပေးတဲ့ဆုကြေးငွေကို အဲဒီမှာတချို့သုံးပြီး အချို့ကို ကျနော်တာဝန်ယူနေရတဲ့ တာအို့ဒဲဆေးခန်းအတွက်လည်း လိုအပ်တာတွေ ဖြည့်ဆည်းပေးရမယ်”ဟု ပြောသည်။  

၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် လက်နက်ကိုင် လူတစု၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သည့် ကရင်တော်လှန်ရေး ခေါင်းဆောင် ပဒိုမန်းရှာသည် သက်ရှိထင်ရှားစဉ်က လူငယ်များ၏တိုးတက်မှုကို အစဉ်တစိုက် အားပေးခဲ့သည်။ သူသည် ကရင်တမျိုးသားလုံးအတွက်သာမက တော်လှန်ရေး လုပ်ဆောင်သူများ အတွက် အားကျ၊ အတုယူဖွယ်ကောင်းသည့် စံပြခေါင်းဆောင်တဦးအဖြစ် ယနေ့ထိတိုင် ထင်ရှား၊ ကျန်ရစ်ခဲ့သည်။   

ဧရာဝတီတိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသက ပန်းတနော်မြို့နယ် ဇာတိဖြစ်သူ အနောက်ပိုးကရင် အနွယ်ဖွား ပဒိုမန်းရှာ တို့ ဇနီးမောင်နှံသည် ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးအစွန်းမရောက်ကြသူများပီပီ ကရင့်တော်လှန်ရေးတာဝန်ကို မောင်တထမ်း၊ မယ်တရွက် ဆောင်ရွက်ခဲ့ကြသလို ၎င်းတို့ သက်ရှိထင်ရှားစဉ်က ကာလတလျှောက် လူငယ်ဘဝမှာ ပင် မိဘ၊ မြို့ရွာကို စွန့်ခွာခဲ့ကြပြီး လူထုအကျိုး၊ တော်လှန်ရေးအတွက် လုပ်ဆောင်ခဲ့ကြသည်။

Mahn Shar - ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်း

ပဒိုမန်းရှာရဲ့ သမီးလည်းဖြစ်၊ (Little Daughter) စာအုပ်ကို ရေးသားသူ၊ Burma Campaign UK အဖွဲ့၏ နိုင်ငံတ ကာ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံလည်းဖြစ်၊ ဖန်းဖောင်ဒေးရှင်းမှ ဒါရိုက်တာလည်းဖြစ်သူ နမ့်ဇိုယာဖန်းက “အဖေ မရှိတော့ပေမယ့် ကျမတို့မောင်နှမတွေက သူ့ဆန္ဒကို ဆက်လက် ဖြည့်ဆည်းပေးသွားတဲ့အနေနဲ့ လူငယ်တွေကို အားပေးတာ ဖြစ်ပါတယ်”ဟု ပြောဆိုခဲ့တယ်။

ဖန်းဖောင်ဒေးရှင်းကို လွန်ခဲ့သည့် ၂ နှစ်က စတင်တည်ထောင်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် နော်ဖောကဘလာထူးက ဆုရရှိခဲ့ပြီး ယခုနှစ်အတွက် စောညွှန့်ဝင်းက ဆွတ်ခူး ရရှိသည်။ 

Most read this week