မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာများက ကျေးရွာပြည်သူ့စစ်တပ်ဖွဲ့များအတွက်နှင့် မြန်မာစစ်တပ် တပ်ရင်းများအတွက် ဒေသခံများ ငွေကြေးပေးနေရသည်ဟု သိရသည်။
ကျေးရွာပြည်သူ့စစ်ဖွဲ့စည်းထားသည့်ကျေးရွာများမှာ ထိုပြည်သူ့စစ်အတွက်ဆိုပြီး၊ ရွာခံများက ငွေကြေးပေးရသည်။ ထိုမျှမက စစ်အစိုးရ တပ်ရင်းအတွက်လည်း သက်ဆိုင်ရာမှ ငွေကြေးကောက်ခံနေသည်။
“ကျနော်တို့ရွာမှာ ပြည်သူ့စစ်ရှိတယ်၊ သူတို့အတွက် လစာပေးရတဲ့သဘောပေါ့နော် ကျေးရွာဥက္ကဌကနေ ငွေကြေးကောက်ခံနေတယ်၊ လယ်ရှိတဲ့အိမ်ဆိုရင် စပါးတစ်တင်း၊ လယ်မရှိဘူးဆိုရင်လည်း စပါးတစ်တင်းနဲ့ညီတဲ့ ငွေ (၆၀၀၀) ပေးရတယ်” ဟု မုဒုံမြို့နယ်အတွင်းရှိ နှီးပဒေါ်ရွာခံတစ်ဦးက ပြောသည်။
နှီးပဒေါ်ကျေးရွာတွင် အိမ်ခြေစုစုပေါင်း (၁၀၀၀) ဝန်းကျင်ရှိပြီး၊ မဖွဲ့မနေရ ဖွဲ့စည်းထားသည့် ကျေးရွာပြည်သူ့စစ်အင်အား ၈ ယောက်ခန့်ရှိသည်ဟု သူက ပြောသည်။
ကျေးရွာအတွင်းရှိ ကျေးရွာပြည်သူ့စစ်များအတွက်သာမက ဒေသအတွင်းရှိ မြန်မာစစ်အစိုးရတပ်ရင်းများအတွက်ဆိုပြီး ဒေသခံများထံမှ ငွေကြေးထပ်မံ ကောက်ခံ နေသည်။ ကျေးရွာပြည်သူ့စစ်ရှိသည့် ကျေးရွာများသည် ပြည်သူ့စစ်ကြေးနှင့် တပ်ရင်းအတွက်ဆိုပြီး နှစ်ဖက်စလုံးပေးဆောင်ရကာ ကျေးရွာပြည်သူ့စစ်ဖွဲ့စည်းထားခြင်း မရှိသည့်ကျေးရွာများမှာ တပ်ရင်းအတွက်သာ ပေးရသည်။
ပြည်သူ့စစ်များအတွက် ငွေကြေးကို ကျေးရွာဥက္ကဌနှင့် ကျေးရွာပြည်သူ့စစ်တို့ပူးပေါင်းပြီး ကောက်ခံနေသည်။ တပ်ရင်းအတွက် ငွေကြေးကို ကျေးရွာဥက္ကဌမှ လိုက်လံကောက်ခံနေသည်။ ထိုသို့ကောက်ခံရာတွင် မုဆိုးမအိမ်၊ ရယကအဖွဲ့အစည်းများနှင့် စစ်အစိုးရအဖွဲ့နှင့် နီးစပ်သည့်အိမ်မှလွဲပြီး အကုန်ပေးဆောင်ရသည်။
အခုလိုမျိုး ကျေးရွာပြည်သူ့စစ်အတွက် ငွေကြေးကောက်ခံခြင်း၊ စပါးတောင်းခံခြင်များကို ခါတိုင်းနှစ်တွင် ပေးဆောင်နိုင်သော်လည်း ယခုနှစ်အတွင်း စပါးပိုးထိထားပြီး စပါးအထွက်နည်းသည့်အတွက် ယခုတောင်းခံသည့်ငွေကြေးများ ပေးဆောင်ရန်အခတ်အခဲရှိကြသည်။
“ရွာပြည်သူ့စစ်အတွက်ဆိုပြီး စပါးရိတ်သိမ်းအချိန်ကတည်းက စပါးတောင်းနေတာ ငွေလိုက်နေတာ၊ ကျနော်တို့ရွာမှာတော့ ပြည်သူ့စစ်တွေကိုယ်တိုင် လိုက်ကောက် နေတာ သူတို့လူ ၅ ယောက်လောက်နဲ့ ရွာလှည့်ပြီးကောက်နေတာ” ဟု ကလော့သော့ရွာခံတစ်ဦးက ပြောသည်။
ကလော့သော့ကျေးရွာအတွင်းတွင် တစ်အိမ်ကို စပါး (၃) တင်းအထိတောင်းခံနေပြီး၊ ငွေပမာဏဖြင့် (၁၂၀၀၀) ကျပ်ပေးရသည်။ ဝင်ငွေအပေါ်မူတည်ပြီး တစ်အိမ်ကို စပါး (၁) တင်းမှ (၃) တင်းအထိ ကောက်ခံနေသည်။ အစိုးရအဖွဲ့အစည်းနှင့် မုဆိုးမအိမ်အတွက် ငွေ (၂၀၀၀) ကျပ် ကောက်ခံထားပြီးဖြစ်သည်ဟု သူက ဆက်ပြောသည်။
“ကိုယ့်ရွာအတွက် လုံခြံုဖို့ဆိုပြီး ရွာခံတွေပဲ လစာသဘောနဲ့ ငွေပေးရတယ်၊ ဒါကို အစိုးရက မပေးဘူး၊ တချို့ရွာမှာဆိုရင် သူတို့ကိုယ်တိုင်ကောက်ပြီးတော့ တချို့ဆို ဥက္ကဌကနေ ကောက်ပေးနေတယ်” ဟု မုဒုံဒေသခံ တစ်ဦးက ပြောသည်။
အမှန်တော့ ပြည်သူ့စစ်အတွက်လစာကို စစ်အစိုးရတို့ကပင်ပေးသင့်ပြီး၊ ရွာသားနှင့် ဘာမှမဆိုင်ကြောင်း ကျေးရွာလုံခြံုရေးဟုဆိုသော်လည်း ဘာမှအကျိုးမရှိကြောင်းကို နှီးပဒေါ ၄င်းဒေသခံက ဆက်ပြောသည်။
ထိုကဲ့သို့ မြန်မာစစ်အစိုးရမှ ဖိအားပေးဖွဲ့စည်းထားခိုင်းသည့် ကျေးရွာပြည်သူ့များအတွက် ငွေကြေးပေးနေရသည်မှာ မုဒုံမြို့နယ်သာမက သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်အတွင်းရှိ ကျေးရွာများကလည်း ပေးဆောင်နေရသည်။