မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကလော့သော့ကျေးရွာမှ ကျေးရွာမယကဥက္ကဌနှင့် မီးသတ်တပ်ဖွဲ့ဝင်တို့ ပူးပေါင်းပြီး ကျေးရွာမီးသတ်ကားဝယ်ရန်အတွက် ငွေကြေးလိုက်လံကောက်ခံ နေကြောင်း သိရသည်။
ကိုယ်ထူကိုယ်ထစနစ်ဖြင့် မီးသတ်ကားဝယ်ရန် ဥက္ကဌနှင့် ကျေးရွာမီးသတ်တပ်ဖွဲ့ဝင်တို့ ပူးပေါင်းပြီး တစ်အိမ်လျှင် ၂ သောင်း၊ ၁ သောင်း၊ ၅ ထောင် သတ်မှတ်ထားပြီးကောက်ခံနေသည်။ ကလော့သော့ကျေးရွာတွင် အိမ်ခြေစုစုပေါင်း (၁၀၀၀) ကျော်ရှိသည်။
“ဒီရွာမှာတော့ မီးတစ်ခါမှမလောင်ဖူးဘူး လွန်ခဲ့တဲ့ (၃/၄) လလောက်က ရွာသား (ရ/၈) ယောက်လောက် မီးသတ်သင်တန်း တက်ထားရတယ်။ သင်တန်းတက်တဲ့လူတွေအတွက် (၁၀) သိန်းလောက် ကုန်ကျထားတယ်။ အဲဒီတုန်းက တစ်အိမ်ကို (၄၀၀၀)၊ (၂၀၀၀) ကောက်ထားတယ်၊ ဒီတစ်ခါ မီးသတ်ကားဝယ်တာလည်း အိမ်ပေါ်မူတည်ပြီးတော့ ငွေကောက်တယ်၊ မီးသတ်ကားဝယ်တာကတော့ ရွာမီး လုံခြံုရေးအတွက်ပဲ” ဟု ကလော့သော့ကျေးရွာခံ အမျိုးသားတစ်ဦးက ပြောပါသည်။
မီးသတ်ကားမှာ ဂျပန်ပြည်မှထုတ်လုပ်ထားသော အသေးစားမီးသတ်ကားဖြစ်ပြီး တန်ဖိုး သိန်း (၇၀/၈၀) ကျော်လောက်ကုန်ကျကာ ရွာသားများ ကိုယ်ထူကိုယ်ထဖြင့် ဝယ်ယူခြင်းဖြစ်သည်။
“မီးသတ်ကားဝယ်တာကတော့ မီးသတ်သင်တန်းတက်ထားတဲ့လူတွေနဲ့ ကျေးရွာဥက္ကဋ္ဌ တို့ပေါင်းပြီးတော့ ဝယ်တယ်။ မီးသတ်ကား အမျိုးအစားကိုတော့ ကျွန်မမသိဘူး၊ ရွာမှာပိုက်ဆံကောက်
နေတာတော့သိတယ်၊ ဒါပေမယ့် ကျွန်မတို့အိမ်ဘက်တော့ မရောက်သေးဘူး” ဟု ၄င်းကျေးရွာရှိ အမျိုးသမီးတစ်ဦး ပြောပါသည်။
၂၀၀၉ ခုနှစ် နိုဝင်ဘာလဆန်းမှစ၍ မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ ကမာဝက်နှင့်နီးသည့် ရွာများကို ကမာဝက်ကျေးရွာတွင် မီးသတ်သင်တန်းတက်ရပြီး၊ မုဒုံမြို့နှင့် နီးစပ်သည့်ကျေးရွာများက မုဒုံမြို့ပေါ်တွင် မီးသတ်သင်တန်း မတက်မနေရ တက်နေရသည်။
ထိုမီးသတ်သင်တန်းအတွက် တစ်ရွာလျှင် ရွာခံ ၁၀ ဦးတက်ရသည်။ သင်တန်းသားများအတွက် အသုံးစရိတ်အားလုံးကို ရွာခံများကသာ အကုန်ကျခံရမည်ဖြစ်သည်။ ထိုငွေကြေးအတွက် ကျေးရွာဥက္ကဌမှ ရွာသားများထံ ငွေကြေးကောက်ခံသည်။
ထိုမျှမက သင်တန်းသားများအတွက် လိုအပ်သည့် မီးသတ်ဝတ်စုံများကိုလည်းဝယ်ရမည်ဖြစ်ပြီး မီးသတ်ဝတ်စုံ တစ်စုံလျှင် ၈၀၀၀ ကျပ်ထိ ကိုယ်တိုင်ဝယ်ယူနေရသည်ဟု မုဒုံမြို့နယ်ရှိ ရွာသားတစ်ဦးက ဆိုသည်။
ယခုကဲ့သို့ မီးသတ်သင်တန်းပေးရခြင်းမှာ ၄င်းတို့၏ အဖွဲ့အစည်းအင်အားကို တိုးမြှင့်ရန်နှင့် ၂၀၁၀ ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းသည့်သဘောလည်းဖြစ်နိုင်သည်ဟု သံဖြူဇရပ်မြို့နယ်လုံးဆိုင်ရာ မွန်လူငယ်ညီညွတ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ထင်မြင်ချက်ပေးသည်။
ထိုသို့ မီးသတ်သင်တန်းတက်ရန် မီးသတ်ဌာနမှ ညွန်ကြားထားပြီး ရပ်ကွက်လူကြီးမှတဆင့် ဒေသခံများကို ခေါ်ယူရွေးချယ်ပြီး သင်တန်းတက်စေခဲ့သည်ဟု သိရသည်။