မလေးရှားနိုင်ငံရှိ မြန်မာရွေ့ပြောင်းအလုပ်သမားများသည် တရားဝင်ဝင်ရောက်လုပ်ကိုင်သည့် အလုပ်သမားများထက် တရားမဝင် ခိုးဝင်သည့်အလုပ်သမားများ များပြားကြောင်း စုံစမ်းသိရှိရသည်။
မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေသည့် တရားဝင်နှင့် တရားမဝင် မြန်မာရွေ့ပြောင်းအလုပ်သမားအားလုံးစုစုပေါင်း ၅ သိန်းရှိသည်။ ထိုများအနက် တရားဝင်အလုပ်သမား ၂ သိန်းကျော်ရှိပြီး၊ တရားမဝင်အလုပ်သမား ၃ သိန်းကျော်ရှိသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မလေးရှားမှ သိရသည်။
တရားဝင်ဖြင့် ဝင်ရောက်အလုပ်လုပ်နေသည့် အလုပ်သမားများ အခွန်ပေးဆောင်နေရခြင်းကြောင့် ဝင်ငွေရနည်းခြင်း၊ တချို့တရားဝင်အလုပ်သမားများက အလုပ်မလုပ်နိုင်သည့်ရက်မှာ အလုပ်ရှင်မှ ငွေကြေးဖြတ်တောက်လိုက်ခြင်းကြောင့် လက်ရှိတရားဝင်ကိုင်ဆောင်ထားသည့် နိုင်ငံကူးလက်မှတ် (ပတ်စ်စပို့) ကို စွန့်ပစ်လိုက်ပြီး တရားမဝင်အလုပ်သမားအဖြစ် ခံယူပြီး အလုပ်ဆက်လုပ်နေကြသည်။
“တရားဝင်ဆိုပေမယ့် တစ်လကို မလေးရှားငွေ ၆၀၀ ရတယ်၊ ၃၀၀ က ပွဲစားခပေးရတယ်၊ သူတို့နိုင်ငံမှာ နေဖို့အတွက် ၁၀၀ ပေးရတယ်၊ ကိုယ့်အတွက် ၂၀၀ ပဲကျန်တော့တယ်၊ အဲဒီ ၂၀၀ ထဲကပဲ စားဖို့၊ သောက်ဖို့၊ မီးဖိုး စျေးနှုန်းကလည်း ကြီးနေပြန်တော့ ဘာမှမကျန်တော့ဘူး” ဟု တရားဝင်အလုပ်လုပ်နေသည့် အလုပ်သမား နိုင်မျိုးက ပြောသည်။
တရားဝင်အလုပ်သမားများ နေ့စာ ၂၀ ရရှိလျှင် တရားမဝင်အလုပ်သမားများအတွက် နေ့စာ ၅၀ ထိရရှိသည်။ တရားဝင်အလုပ်သမားများအတွက် အလုပ်ရှင်မှ ကျန်းမာရေး အပိုင်းကို တာဝန်ယူရမည်ဖြစ်ပြီး ဝင်ငွေရရှိမှုနည်းသည်ဟု သိရသည်။ တရားမဝင်အလုပ်သမားက အလုပ်ရှင်မှ တစုံတရာတာဝန်မယူရပဲ လုပ်အားခရရှိမှုများသည်။ သို့သော်လည်း တရားမဝင်အလုပ်သမားများသည် စားဝတ်နေရေးအခတ်အခဲများရှိနေကြောင်း သိရသည်။
“တရားမဝင်အလုပ်လုပ်မယ်ဆိုရင် ငွေရများတယ်၊ ဒါပေမယ့် ဒုက္ခလည်းများတယ်၊ ညဆိုရင်လည်း ခိုးအိပ်ရတယ်၊ အိမ်မှာမအိပ်ရဲဘူး၊ ချုံကြားမှာ မှောင်တဲ့နေရာတွေမှာ လိုက်အိပ်နေရပါတယ်” ဟု အလုပ်သမား နိုင်ဟလာက ပြောသည်။
တရားမဝင်အလုပ်သမားအများစုသည် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ရေလုပ်ငန်းများတွင် အများဆုံးလုပ်ကိုင်ကြသည်။ ထိုလုပ်ငန်းများသည် ရှာဖွေရလွယ်ကူပြီး ဝင်ငွေလည်း ကောင်းသည်ဟု အလုပ်သမားများထံမှ သိရသည်။
တရားဝင်ဖြင့် မလေးရှားနိုင်ငံသို့ အလုပ်လုပ်လိုသူများသည် မြန်မာနိုင်ငံတွင် ရ လခန့် စောင့်ဆိုင်းရပြီး၊ တချို့ ပွဲစား၏ လိမ်လည်ခြင်းကို ခံရကာ ငွေကြေး အမြောက်အများ ဆုံးရူံးရမှုများနှင့် ကြံုတွေ့ရကြောင်း ၂၀၀၆ ခုနှစ်တွင် မလေးရှားနိုင်ငံသို့ တရားဝင်အလုပ်ဝင်ရောက်လုပ်ကိုင်သူတစ်ဦးက ပြောသည်။
“ကျနော်သွားတဲ့ ၂၀၀၆ ခုနှစ်ကဆို ရ သိန်းကုန်ကျတယ်၊ ဒါတောင်စားစရိတ်မပါဘူး၊ တချို့ပတ်စ်စပို့နဲ့သွားတဲ့လူတွေတောင် လေဆိပ်ရောက်တော့ မလေးရဲတွေ အသင့်ပဲ စောင့်နေတယ်၊ ဘယ်မှ သူတို့မပေးသွားခိုင်းဘူး၊ ဟိုဘက်က ပွဲစားလာကြိုမှ သွားရတယ်၊ ပွဲစာမလာရင်တော့ အဲဒီမှာပဲ စောင့်နေရတယ်၊ တချို့ဆို ၁၅ ရက်၊ ရက် ၂၀ ထိစောင့်နေရတယ်” ဟု သူက ဆက်ပြောသည်။
တရားမဝင် ခိုးဝင်သည့်အလုပ်သမားများက ပွဲစားခ ၆ သိန်းပေးရပြီး၊ မသွားခင် တဝက်ပေးထားရကာ မလေးရှားရောက်ပြီးမှ နောက်ထပ် တဝက်ကို ပေးရမည်ဖြစ်သည်။ မလေးရှားရောက်ရန် ၄ ရက်သာကြာသည်ဟု သိရသည်။