မွန်စီးပွားရေး လုပ်ငန်းရှင်များ အတွက် တလမွန် ကုမ္ပဏီကြီးတခု ပေါ်လာ

မွန်စီးပွားရေး လုပ်ငန်းရှင်များ အတွက် တလမွန် ကုမ္ပဏီကြီးတခု ပေါ်လာ
by -
ရာမည
အသွင်မတူ ပုံသဏ္ဍာန်ခြားနားမှု အမျိုးမျိုးနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေကြသော Globalization ခေတ်ထဲမှာ အများပိုင် စီးပွားရေးလုပ်ငန်းသည် ကမ္ဘာတွင် တွင်ကျယ်စွာလုပ်ကိုင်လာကြသကဲ့သို့ မွန်စီးပွားရေး လုပ်ငန်းရှင်များ အတွက်လည်း တလမွန် ကုမ္ပဏီကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်ဟု...

အသွင်မတူ ပုံသဏ္ဍာန်ခြားနားမှု အမျိုးမျိုးနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေကြသော Globalization ခေတ်ထဲမှာ အများပိုင် စီးပွားရေးလုပ်ငန်းသည် ကမ္ဘာတွင် တွင်ကျယ်စွာလုပ်ကိုင်လာကြသကဲ့သို့ မွန်စီးပွားရေး လုပ်ငန်းရှင်များ အတွက်လည်း တလမွန် ကုမ္ပဏီကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်ဟု သိရသည်။

ယင်းကုမ္ပဏီကြီးသည် အလွှာစုံ၊ နယ်ဒေသအသီးသီးမှ ရင်းနှီးမြှပ်နှံလိုသည့် ကုန်သည်များ၊ လုပ်ငန်းရှင်များနှင့် လူတန်းစား အသီးသီးများမှ ဖွဲ့စည်းထားပြီး အစုရှယ်ယာ ပါဝင်ထည့်သွင်းလိုပါက တစ်စုကို ကျပ် (၅) သိန်းဖြင့် ပါဝင်ထည့်သွင်းရမည်ဟု သတ်မှတ်ထားပြီး ယနေ့အချိန်တွင် အစုရှယ်ယာ ၄၀၀ ကို ရောင်းချထားပြီးပြီဖြစ်ကြောင်း ရှယ်ယာဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"အခု ဖွင့်လှစ်ခဲ့တဲ့ ‘တလမွန်ကုမ္ပဏီကြီး’ ဟာ ဘယ်အဖွဲ့အစည်းရဲ့ ထောက်ပံ့ခြင်း၊ တိုက်တွန်းခြင်း တစ်စုံတရာမှမပါဘဲ အစုရှယ်ယာရှင်တွေရဲ့ အကျိုးတူ စီးပွားရေး အမြင်သက်သက်သာ ဖြစ်တယ်။ အစုရှယ်ယာတစ်စုကို ငွေကျပ် (၅) သိန်းဖြင့် ရောင်းချပေးပြီး အစုရှယ်ယာ ၁၀ စု ပိုင်ဆိုင်တဲ့သူကိုသာ ဒါရိုက်တာ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရပြီးတော့ ၁၀ စု အောက် ပိုင်ဆိုင်သူကို သာမန်အစုရှယ်ယာအဖြစ် သတ်မှတ်တယ်။ ဒါရိုက်တာအဖွဲ့ဝင်များကို ဦးရေ ၅၀ အထိ လက်ခံပြီး အဲဒီအထဲက ၁၅ ဦးကိုပဲ ၄င်းတို့ရဲ့ ကျွမ်းကျင်မှုအလိုက် အုပ်ချူပ်မှု ဒါရိုက်တာများအဖြစ် ခန့်အပ်တာဝန် ခွဲဝေပေးသွားမယ် ဖြစ်တယ်၊ ရှယ်ယာဝယ်လိုသူတွေအတွက် ယနေ့ထိ ကြိုဆိုဖိတ်ခေါ်နေဆဲပါ" ဟု ၄င်းက ပြောသည်။

ဤကုမ္ပဏီကြီးသည် အဆင့်မြင့်ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း၊ ဆေးပစ္စည်း ဝန်ဆောင်မှုလုပ်ငန်း၊ ယာဉ်နှင့် စက်ကိရိယာမွမ်းမံခြင်းနှင့် ပြင်ဆင်ခြင်း၊ အိမ်ဆောက် ပစ္စည်း ရောင်းဝယ်ရေးစသည့် လုပ်ငန်းများကို လိုက်လံလုပ်ဆောင်သွားမည်ဟု အမည်မဖော်လိုသူ ရှယ်ယာဝင်တစ်ဦးက ပြောသည်။

အဆိုပါ ကုမ္ပဏီကြီးကို ရန်ကုန်မြို့ Traders Hotel ၌ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် မွန်လူမျိုးများသာ ပါဝင်ရင်နှီးမြှပ်နှံသည့် စီးပွားရေးအစုစပ်ကုမ္ပဏီကြီး ဖွဲ့စည်းသည့် အခမ်းအနားတွင် ပရိတ်သတ် ၅၀ ကျော် တက်ရောက်ပြီး၊ ယင်းအခမ်းအနားကို သဘာပတိအဖြစ် နိုင်အောင်တိုး၊ အခမ်းအနားမှူးအဖြစ် နိုင်ချစ်ဖေတို့က ဆောင်ရွက်ခဲ့ကြသည်။ အခမ်းအနားကို နေ့လည် မွန်းလွဲ (၁) နာရီတွင် စတင်ခဲ့ကြောင်း အခမ်းအနားသို့ တက်ရောက်ခဲ့သူတစ်ဦးထံမှ သိရသည်။

"ဖွဲ့စည်းခဲ့တဲ့ တလမွန်ကုမ္ပဏီကြီးဟာ ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌအဖြစ် နိုင်ထွန်းအုံးကို ခန့်အပ်လိုက်တယ်" ဟု ၄င်းက ပြောသည်။

အဆိုပါ တလမွန်ကုမ္ပဏီလီမိတက်သည် ပထမဦးဆုံး မွန်စီပွားရေးလုပ်ငန်းရှင်များသာ အကျိုးတူစုပေါင်း ရင်းနှီးမြှပ်နှံလုပ်ကိုင်သည့် အစုစပ်ကုမ္ပဏီအဖြစ် မြန်မာပြည်တွင် စတင်ပေါ်ပေါက်မည် ဖြစ်သည်။ ကုမ္ပဏီဖွဲ့စည်းပြီးသည့်နေ့မှစ၍ စတင်ဝယ်ယူလျှက်ရှိရာ ယခုအချိန်တွင် အစုရှယ်ယာ တန်းဖိုးငွေ ကျပ်သိန်း နှစ်ထောင်ကျော် ရောင်ချပြီးဖြစ်သည်။

ကုမ္ပဏီ၏ ရည်ရွယ်ချက်မှာ အကျိုးတူ စီးပွားလုပ်ကိုင်လိုကြသော မွန်စီးပွားရေးလုပ်ငန်းရှင်များ မိမိတို့၏ ကျွမ်းကျင်သောလုပ်အားနှင့် များပြားသော အစုငွေတို့ကို ပေါင်းစု၍ ကုမ္ပဏီ၏ ရှေ့ဆက်မည့် လမ်းစဉ်အဖြစ် ဦးစွာ မွန်ဒေသတို့တွင် နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများအတွက် အကျိုးပြုသကဲ့သို့ လိုအပ်နေသော သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို စတင်လုပ်ကိုင်မည်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှပ်နှံမှုအားကောင်းလာခဲ့ပါက လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်၍ အနာဂတ် မွန်လူမျိုးများ၏ လူမှုရေး၊ ပညာရေးနှင့် စီးပွားရေး အခက်အခဲတို့ကို တစ်ထောင့်တစ်နေရာမှ အကျိုးပြု ကူညီထောက်ပံ့ပေးသွားမည်ဟု ရည်ရွယ်ထားကြောင်း သိရသည်။

နေရာအတည်တကျ ဖွင့်လှစ်ထားရှိခြင်း မရှိသေးသည့်အတွက် ယခုအခါ ရန်ကုန်မြို့တွင် ဥက္ကဋ္ဌ နိုင်ထွန်းအုံး၏ နေအိမ်ခြံကြီးထဲ၌ ကုမ္ပဏီရုံးခန်းဖွင့်လှစ်ထားရှိပြီး လုပ်ငန်းပိုင်းဆိုင်ရာများကိုလည်း ကုမ္ပဏီ၏ စည်းမျဉ်းစည်းကမ်းနှင့်အညီ စတင်လုပ်ကိုင်နေပြီ ဖြစ်ကြောင်း သိရသည်။

Most read this week