ဗမာပြည်အလယ်ပိုင်းမှတဆင့် သျှမ်းပြည်မြောက်ပိုင်းဖြတ်ကာ တရုတ်နယ်စပ်အထိ သွယ်တန်းမည့် ရခိုင်ကမ်းရိုးတန်း ဂက်စ်လိုင်းလမ်းကြောင်းအတွက် တရုတ် အင်္ဂျင်နီယာနှင့် နအဖအာဏာပိုင်တို့ ကွင်းဆင်း စစ်ဆေးခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။
“ကျောက်မဲကို ဂျန္နဝါရီ နောက်ဆုံးပတ်က ရောက်တယ်။ ကျောက်မဲကနေ နမ့်ဆန်၊ မန်စံ-မိုင်းမု ဘက် တက်သွားတယ်။ တရုတ်အင်္ဂျင်နီယာ အမျိုးသမီး ၂ ယောက်၊ နအဖ စွမ်းအင်ဝန်ကြီးဌာန ၀န်ထမ်းတွေ ဒေသခံ အာဏာပိုင်တွေ၊ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ် တာဝန်ရှိသူတွေပါတယ်။ အဖွဲ့ ၁၀ ယောက်ကျော်ကျော်ပေါ့”- ဟု ကျောက်မဲမြို့ ဒေသခံတဦး ကပြောပါသည်။
သွယ်တန်းဖေါက်လုပ်မည့် ဂက်စ်ပိုက်လိုင်းလမ်းကြောင်းသည် ရွှေလီမြစ် မန်တပ်ဓါတ်အားပေးစက်ရုံ မှ မြန်မာ ပြည်သို့ သွယ်တန်းသည့် လျှပ်စစ်ဓါတ်အားလိုင်း လမ်းကြောင်းအတိုင်း ဖေါက်လုပ်မည်ဖြစ်ကြောင်း၊ ပိုက်လိုင်း မြှုပ်နှံမည့် လမ်းကြောင်းတလျှောက် ပျက်စီးဆုံးရှုံးမည့် ကျေးလက်လူထု၏ လယ်ယာမြေများအတွက် တရုတ်က လျှော်ကြေးပေးမည်ဟု ပြောသံကြားကြောင်း - လားရှိုးအခြေစိုက် နအဖ အရာရှိနှင့် နီးစပ်သူတဦးကပြောပါ သည်။
“လျှော်ကြေးကို တရုတ်ကုမ္ပဏီတွေက လယ်ယာမြေအသိမ်းခံရတဲ့ လူထုလက်ထဲတိုက်ရိုက် ပေးခွင့်ရှိရင်တမျိုး ပေါ့၊ နအဖလက်ကနေတဆင့် ပေးရင်တော့ လယ်သမားတွေ ဘာမှရမှာမဟုတ်ဘူး” - ဟု အဆိုပါ ကျောက်မဲ သား က ပြောပါသည်။
ရေနံ၊ ဂက်စ်ပိုက်လိုင်းလမ်းကြောင်းသည် ဘင်္ဂလားပင်လယ်အော် ကမ်းလွန်မှတဆင့် ရခိုင်ပြည်၊ ဗမာပြည် အလယ်ပိုင်း၊ သျှမ်းပြည်မြောက်ပိုင်း ဒေသများကို ဖြတ်သန်းပြီး တရုတ်နယ်စပ် ရွှေလီ မှ တဆင့် တရုတ်ပြည် ယူနန်ပြည်နယ် ကူမင်းမြို ့သို့ ဖေါက်လုပ်မြှုပ်နှံမည်ဖြစ်၏။
၂၀၀၉ နှောင်းပိုင်းက နအဖ၏ လယ်ယာဆည်မြောင်း၊ လမ်းတံတား၊ စွမ်းအင် နှင့် ဘူမိဗေဒတိုင်းတာရေး ဌာနဆိုင်ရာ တတ်သိပညာရှင် အယောက် ၂၀ ကျော်က မန္တလေး၊ မတ္တရာ၊ နောင်ချို၊ ကျောက်မဲမှ တဆင့် နမ့်ခမ်းမြို့(တရုတ်နယ်စပ် အထိ) ၁၅ ရက်ကြာ သဘာဝဓါတ်ငွေ့ပိုက်လိုင်းလမ်းကြောင်း လေ့လာတိုင်းထွာ ခဲ့သေးသည်။
တရုတ်ပြည်သို့ သဘာဝ ဓါတ်ငွေ့ရောင်းချမှုတခုထဲမှ နှစ်ပေါင်း ၃၀ အတွင်း အမေရိကန်ဒေါ်လာ ၂၉ ဘီလျံ ရရှိမည်ဟု နအဖ စစ်အုပ်စု ခန့်မှန်းထားသည်ဟု ဆိုပါသည်။