ပြည်သူ့စစ် ဖွဲ့စည်းရေးကိစ္စ ယခုလကုန်တွင် အကြောင်းမပြန်ပါက စစ်ရေးအရ တိုက်ခိုက်မည်ဟု စစ်အစိုးရက ယခုလ ၆ ရက်နေ့တွင် ရာဇသံ ပေးလိုက်သည်ဟု စစ်ရေးလေ့လာသူ တဦးက ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ စစ်အစိုးရ ကိုယ်စားလှယ် စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က SSA ကိုယ်စားလှယ်များကို တွေ့ဆုံကာ ထိုသို့ပြောခဲ့ကြောင်း တရုတ်-မြန်မာနယ်စပ်နေ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက မဇ္စျိမကို ပြောပြသည်။
“၆ ရက်နေ့က ရှမ်းတပ်ဖွဲ့နဲ့ ဗိုလ်ရဲမြင့်တို့ လားရှိုးမှာ တွေ့ကြတယ်။ ရှမ်းဘက်က စဝ်လွယ်မောင်း(ဝ်) (ဥက္ကဋ္ဌ)၊ စဝ်ကိုင်ဖ (ဒုဥက္ကဋ္ဌ) တို့ တက်တယ်။ ပြည်သူ့စစ် အသွင်ပြောင်းရေးကိစ္စ ဆွေးနွေးတာ အဆင်မပြေကြဘူး။ ဗိုလ်ရဲမြင့်က ဒီကိစ္စလက်ခံဖို့၊ ဖေဖော်ဝါရီလကုန် နောက်ဆုံးထား အကြောင်းပြန် လက်မခံဘူးဆိုရင် စစ်တိုက်တော့မယ်ဆိုပြီး တင်းတင်းမာမာ ပြောလိုက်တယ်” ဟု သူက ပြောသည်။
စစ်အစိုးရက ပြည်သူ့စစ် အသွင်ပြောင်းရန် ပြောဆိုထားသဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလထဲတွင် SSA အစည်းအဝေးကို တပ်မှူးများဖြင့် ကျင်းပခဲ့သော်လည်း ထိုကိစ္စ အဖြေမထွက်သလို၊ ဗိုလ်မှူးကြီးပန်ဖ ဦးဆောင်သော ဝမ်ဟိုင်းအခြေစိုက် တပ်မဟာ ၁ နှင့် တပ်ရင်းတပ်ဖွဲ့ များကလည်း လက်မခံခဲ့ကြောင်း SSA နှင့် နီးစပ်သူ ဒေသခံက မဇ္စျိမကို ပြောသည်။
ပြည်သူ့စစ်ပြောင်းလဲရေး အဆိုပြုချက်ကို လက်ခံသည့် တပ်ဖွဲ့ဝင် အင်အား ၃၀၀ ခန့်ဖြင့် ဖွဲ့စည်းရန် SSA ဘက်က စစ်အစိုးရထံ တင်ပြခဲ့သော်လည်း လက်ခံခြင်း မရှိပါ။
၁၉၈၉ ခုနှစ် စက်တင်ဘာအတွင်း စစ်အစိုးရ ကိုယ်စားလှယ်များနှင့် SSA ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်ဆေထင် ဦးဆောင်သည့် အဖွဲ့အကြား အပစ်ရပ်ရေး ဆွေးနွေးစဉ်က နောင်တက်မည့် အစိုးရဖြင့် နိုင်ငံရေး ဆွေးနွေးမည်ဟုသာ နှစ်ဖက်သဘောတူခဲ့ကြခြင်း ဖြစ်သည်။
SSA သည် ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် စိန်ဂျော့ရွာကို ဋ္ဌာနချုပ်အဖြစ် အခြေစိုက်ထားသည်။
စစ်အစိုးရက SSA ဗိုလ်ချုပ်ဆေထင်ကို နိုင်ငံတော်ပုန်ကန်မှု အပါအဝင် အခြား အမှုများဖြင့် ၂၀၀၅ ခုနှစ် နိုဝင်ဘာလထဲတွင် ထောင်ဒဏ် ၁၀၆ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခဲ့ကာ အကျဉ်းချထားသည်။