UWSP ဥက္ကဋ္ဌက စရဖ အကြီးအကဲနှင့် တွေ့ရန် ထပ်မံ ငြင်းဆို

UWSP ဥက္ကဋ္ဌက စရဖ အကြီးအကဲနှင့် တွေ့ရန် ထပ်မံ ငြင်းဆို
by -
ဖနိဒါ
စစ်ဖက်ရေးရာလုံခြံုရေး အကြီးအကဲ  ဒုဗိုလ်ချုပ်ကြီးရဲမြင့်က နယ်ခြားစောင့်တပ် ကိစ္စအတွက် တွေ့ဆုံလိုသည်ကို ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ဥက္ကဋ္ဌ ပေါင်ယူချန်းက ဒုတိယအကြိမ် ငြင်းဆိုလိုက်ကြောင်း...

စစ်ဖက်ရေးရာလုံခြံုရေး အကြီးအကဲ  ဒုဗိုလ်ချုပ်ကြီးရဲမြင့်က နယ်ခြားစောင့်တပ် ကိစ္စအတွက် တွေ့ဆုံလိုသည်ကို ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ဥက္ကဋ္ဌ ပေါင်ယူချန်းက ဒုတိယအကြိမ် ငြင်းဆိုလိုက်ကြောင်း နီးစပ်သူများထံမှ သိရသည်။

ယခုလ ၃ ရက်နေ့တွင် နအဖ စစ်ဖက်ရေးရာ လုံခြံုရေးအကြီးအကဲက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စ ဆွေးနွေးရန် ဖုန်းဖြင့် ဆက်သွယ်ပြောဆိုလာသည်ကို ကျန်းမာရေး အကြောင်းပြချက်ဖြင့် ငြင်းပယ်လိုက်ကြောင်း တရုတ်-မြန်မာနယ်စပ်မှ မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

“၂ ရက်နေ့က နေပြည်တော်ကနေ ပန်ဆန်းဌာနချုပ်ကို ဝ' ဥက္ကဋ္ဌ ပေါင်ယူချန်းကို လားရှိုးမှာ ၆ ရက်နေ့ တွေ့ချင်တယ်လို့ ဗိုလ်ချုပ်ရဲမြင့်က ချိန်းတယ်။ ဥက္ကဋ္ဌက သူ့ကျန်းမာရေးအရ မသွားနိုင်ပါဘူး။ လာတွေ့မယ် ဆိုရင်တော့ လာပါ၊ ကျနော်တို့ ကြိုဆိုပါတယ်လို့ အကြောင်း ပြန်လိုက်တယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ဇန်နဝါရီ လဆန်းပိုင်းကလည်း ဥက္ကဋ္ဌ ပေါင်ယူချန်းနှင့် တွေ့ဆုံလိုကြောင်း ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်က ဆက်သွယ်လာသည်ကို ကိုယ်တိုင်သွားရောက် မတွေ့နိုင်ကြောင်း တုံ့ပြန်ခဲ့သေးသည်။

ဒုဗိုလ်ချုပ်ကြီးရဲမြင့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် UWSP ဒု-ဥက္ကဋ္ဌ ရှောက်မင်လျံ အဖွဲ့တို့အကြား ပြီးခဲ့သည့်နှစ် နိုဝင်ဘာအတွင်းက နယ်ခြားစောင့်တပ်အရေး ဆွေးနွေးခဲ့သေးသော်လည်း သဘောတူညီမှု မရသေးဘဲ ဖြစ်နေသည်။

ဝ’ တပ်ဖွဲ့အနေဖြင့် တပ်ရင်းကို အခြေခံသည့် ဝမ်ဟုန်နှင့် ပန်ခမ်း စစ်ဒေသခွဲ ၂ ခုဖွဲ့ရန် အပါအဝင် ယခင်က တင်ပြခဲ့သော အချက် ၉ ချက်ကို ဆက်လက်ကိုင်စွဲသွားမည်ဟု သိရသည်။

နအဖမှ ထိပါးကျူးကျော်လာလျှင် အဆင်သင့်ပြင်ဆင်ထားကြောင်း တရုတ်၊ မြန်မာ နှစ်ဘာသာ မိန့်ခွန်းကို ဝ’ ဥက္ကဋ္ဌ ပေါင်ယူချန်းက ပန်ဆန်း ဌာနချုပ် WSTV ရုပ်မြင်သံကြားမှတဆင့် ယနေ့ထိ လွှင့်ထုတ်နေသည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။

အပစ်ရပ် တိုင်းရင်းသားအဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ပြီးခဲ့သည့်နှစ် ဧပြီလ ၂၈ ရက်နေ့မှ စတင်၍ စစ်အစိုးရက ကမ်းလှမ်းခဲ့ပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် နောက်ဆုံးထား ဆုံးဖြတ်ရန် ဝတပ်ဖွဲ့ကို သတ်မှတ်ပေးထားသည်။

ကချင် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KIO)၊ မိုင်းလားအဖွဲ့ခေါ် ရှမ်းပြည် (အရှေ့ပိုင်း) အထူးဒေသ ၄၊ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) နှင့် မွန်ပြည်သစ်ပါတီတို့သည်လည်း အဖြေပေးရန် သတ်မှတ်ကာလ ကျော်လွန်နေကြပြီ ဖြစ်သည်။

UWSA ဝ' တပ်မတော်သည် ဗမာပြည်ကွန်မြူနစ်ပါတီ - ဗကပ မှ ၁၉၈၉ ခုနှစ်တွင် ခွဲထွက်၍ ထိုနှစ် အတွင်း၌ပင် စစ်အစိုးရနှင့် အပစ်ရပ်စဲခဲ့သည်။

Most read this week