ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ယမန်နေ့က မီးလောင်မှု ဖြစ်ပွားရာ နေအိမ် ၃၅ လုံး လောင်ကျွမ်းခဲ့သည်။
ပြည်တော်သာရပ်ကွက်နေ ဦးဝင်းအောင် နေအိမ်ရှိ မီးဖိုချောင် မီးကြွင်းမီးကျန်မှ နေ့လည် ၁ နာရီခန့်တွင် စတင်မီးလောင်ရာ အခြားနေအိမ်များပါ ကူးစက်သွားပြီး မီးလောင်ချိန်မှာ ၁ နာရီကျော် ကြာမြင့်ခဲ့သည်။
“မီးစလောင်တဲ့ အိမ်က ဓနိမိုး၊ ထရံကာ။ နောက်ပြီး အနားက အိမ်တွေကလည်း အဲ့ဒီလိုအိမ်မျိုးတွေ များတယ်လေ။ အိမ်ကြီးအိမ်ကောင်းက မရှိသလောက်ပါ။ နောက်ပြီးတော့ မီးလောင်တဲ့ အချိန်မှာ လေကလည်း တိုက်နေတယ်ဆိုတော့ အချိန်တိုအတွင်းမှာ အိမ်များများပါသွားတဲ့ သဘောပါ” ဟု မင်းပြားဒေသခံ ဦးသိန်းအောင်က မဇ္ဈိမကို ပြောသည်။
ဒေသခံများကသာ ဝိုင်းဝန်းငြိှမ်းသတ်ခဲ့ကြပြီး မင်းပြား မီးသတ်တပ်ဖွဲ့မှ မီးသတ်ကားများ လာရောက်နိုင်ခြင်း မရှိခဲ့ကြောင်း ဒေသခံများ အပြောအရ သိရသည်။
မီးဘေးဒုက္ခသည် ဦးရေ ၁၀၀ ခန့်ကို မြို့ပေါ်ဘုန်းကြီးကျောင်းများက လက်ခံထားရှိကာ အစားအသောက် အတွက် မြို့ခံများကပင် ကူညီ နေကြောင်းနှင့် ဒေသအာဏာပိုင်များဘက်က တစုံတရာ ကူညီခြင်း မရှိသေးကြောင်း စျေးနားရပ်ကွက်မှ မြို့ခံတဦးက ပြောသည်။
မင်းပြားသည် ရခိုင်ပြည်တွင် အများဆုံး မီးလောင်သော မြို့ဖြစ်ပြီး ယခုလောင်ကျွမ်းမှုသည် ယခုလအတွင်း ဒုတိယအကြိမ် ဖြစ်သည်။ ယခု လဆန်းပိုင်းကလည်း အောက်ရွာပိုင်း ရပ်ကွက်တွင် မီးလောင်ခဲ့သဖြင့် နေအိမ် ၁၅ လုံးခန့် ဆုံးရှုံးခဲ့ရသေးသည်။
မြို့ခံက ''မင်းပြားမှာကတော့ မီးက နှစ်စဉ်ဆိုသလို လောင်တတ်တဲ့အတွက်၊ မိုးစာစပါးတွေ သိုလှောင်တယ်ဆိုရင် ကိုယ်ပိုင်တဲ့ လယ်တောတို့၊ ယာတောတို့မှာ လှောင်ထားကြတာ များတယ်။ မြို့ပေါ်ကို ယူမလာကြဘူး'' ဟု ဆိုသည်။
အလားတူပင် ယခုလ ၅ ရက်နေ့က ရန်ကုန်တိုင်း အလုံမြို့နယ်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပိုင် လယ်ယာထွက်ကုန် ဆီဂိုဒေါင် မီးလောင်ခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့်လ ၂၅ နေ့ကလည်း ရန်ကုန်တိုင်း ဗဟန်းမြို့နယ်တွင် မီးလောင်ခဲ့ရာ နေအိမ် ၁၃ လုံး ဆုံးရှုံးခဲ့သေးသည်။