(၄၉) ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ်ဆန္ဒပြပွဲကို ကချင်အမျိုးသားအစည်းအရုံးကောင်စီမှ ဦးစီပြီး နယူးဒေလီမြို့တွင် ယနေ့ နေ့လည် ၁၁ နာရီမှာ ဆန္ဒပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော အစိုးရမင်းများသည် မိမိအာဏာတည်မြဲရေးကိုသာ ရှေးရူပြီး ကချင်တမျိုးသားလုံးအပေါ် မတရားဖိနှိပ်ချုပ်ခြယ် သွေးခွဲဆက်ဆံကာ အနိုင်ကျင့်စိုးမိုးခြယ်လှယ်မှုများကို မခံမရပ်နိုင်သောကြောင့် ကချင်တမျိုးသားလုံးမှ အစိုးရဆန့်ကျင်တော်လှန်ရေးကို စတင်ဆင်နွဲခဲ့သည့် အထိမ်းအမှတ်နေ့အဖြစ် ဆန္ဒပြပွဲ ပြုလုပ်ခြင်းဖြစ်သည်။
“ဒီဆန္ဒပြပွဲက (၄၉) ကြိမ်းမြောက် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အနေနဲ့လုပ်တာပါ၊ လူအင်အား ၆၀ နီးပါးလောက်တော့ပါတယ်၊ ရဟန်းသံဃာတွေ၊ ကချင် လူထုတွေပါတယ်၊ အဓိကကတော့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း၊ မြစ်ဆုံရေကာတာ တည်ဆောက်ရေးစီမံကိန်းကို ဆန့်ကျင်ကြောင်း၊ ရေကာတာကြောင့် သဘာဝရေသတ္တဝါတွေ သေကြေပျက်စီးပြီး၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ပျက်စီးစေတဲ့အတွက် အဲဒါကို အဓိကဆန့်ကျင်တယ်” ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့ အထွေထွေ အတွင်းရေးမှူး အရှင်ထာဝရက မိန့်သည်။
ထိုဆန္ဒပြပွဲကို နယူးဒေလီမြို့၊ အိန္ဒိယပါလီမာန် အဆောက်အဦးရှေ့ရှိ ဂျန်မန်တမပန်းခြံတွင် အဓိကနေရာအဖြစ် ပြုလုပ်ကြောင်း၊ မြန်မာသံရုံးရှေ့နှင့် တစ်ခြားနေရာတွင် ဆန္ဒပြခွှင့်မရှိကြောင်း အရှင်ထာဝရက ဆက်မိန့်တော်မူသည်။
“တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေနဲ့အတူ ဆန္ဒထုတ်ဖော်ခွင့်ရတဲ့အတွက် ဝမ်းသာတယ်၊ တော်လှန်ရေးဆိုတာ ရှိနေသ၍ ဘယ်တော့မှ နောက်မဆုတ်ဘူးလို့ စစ်အာဏာရှင်တွေကို ပြောချင်ပါတယ်” ဟု ဆက်မိန့်တော်မူသည်။
တော်လှန်ရေးတွင် အသက်စွန့်လွှတ်ခဲ့သော ကချင်မျိုးချစ်သူရဲကောင်းများ၊ ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) အားဂုဏ်ပြုခြင်း၊ မေခ-မလိခ မြစ်ဆုံရေကာတာ တည်ဆောက်ရေးအား တစ်မျိုးသားလုံး ဆန့်ကျင်ရန်နှင့် သမိုင်းအမွေအနှစ်ဖြစ်သည့် စာပေယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို ဆက်လက် ထိန်းသိမ်းသွားရန် တိုက်တွန်းကြောင်း (၄၉) ကြိမ်းမြောက် တော်လှန်ရေးနေ့ထုတ် ကချင်အမျိုးသားအစည်းအရုံး ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားသည်။
ထိုကြေငြာချက်တွင် အချက် (၆) ချက်ပါဝင်ပြီး “ကချင်တစ်မျိုးသားလုံးလွတ်မြောက်ပါစေ၊ ကချင်တမျိုးသားလုံး အောင်မြင်ပါစေ၊ ကချင်တမျိုးသားလုံး တည်တံ့ ခိုင်မြဲပါစေ” ဟူသော ကြွေးကြော်သံများလည်း ပါဝင်သည်။
လွန်ခဲ့သော ၆၁ နှစ်က စစ်အာဏာရှင် ဦးနေဝင်းလက်ထက်မှစ၍ ကချင်ခေါင်းဆောင်များဖြစ်သော ဇော်ဆိုင်း၊ ဇော်ထူးတို့မှ စတင်ခဲ့သောတော်လှန်ရေးသည် ယခု ၅ ရက်နေ့တွင် ၄၉ နှစ်မြောက်ခဲ့ပြီးဖြစ်ကြောင်း ကချင်တိုင်းရင်းသား ညီအကိုမောင်နှမအားလုံး ဝိုင်းဝန်းလက်တွဲသွားမည်ဖြစ်ကြောင်း သိရသည်။