ရန်ကုန်တိုင်းအတွင်း တရားမဝင် ဖွင့်လှစ်ထားသော အနှိပ်ခန်း အရေအတွက်မှာ ၃၀၀၀ မှ ၃၅၀၀ အကြား ရှိနေနိုင်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး (ရဲချုပ်ရုံး)မှ အကြီးတန်း ရဲအရာရှိတဦး အဆိုအရ သိရသည်။
ဒုရဲမှူးအဆင့်ရှိ အမည်မဖော်လိုသူ အရာရှိက လူစည်ကားရာမြို့နယ် ၁၀ မြို့နယ်ခန့်တွင်ပင် အနှိပ်ခန်း ၂၀၀၀ ကျော် ရှိနေသဖြင့် ရန်ကုန်တိုင်း တတိုင်းလုံးဆိုလျှင် ၃၀၀၀ ထက် လျှော့နည်းမည်မဟုတ်ကြောင်း ပြောဆိုခြင်း ဖြစ်သည်။
"ရဲခန့်မှန်းချက် စာရင်းမှာ ၂၀၀၈ ခုနှစ်က ရန်ကုန်တိုင်းမှာ အနှိပ်ခန်း ၂၅၀၀ ဝန်းကျင် ရှိနိုင်မယ်လို့ တွက်ထားတာ ရှိတယ်။ အခုလက်ရှိမှာတော့ အောက်ထစ် ၃၀၀၀ ထက် မနည်းနိုင်ဘူး။ ၃၅၀၀ လောက်အထိ ရှိနိုင်တယ်။ DownTown (မြို့တွင်း) ၆ မြို့နယ်နဲ့ အလုံ၊ စမ်းချောင်း၊ တာမွေ၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွေက အများဆုံးပဲ။ အဲဒီမြို့နယ်တွေမှာတင် အားလုံးပေါင်း ၂၀၀၀ လောက် ရှိနေတယ်" ဟု သူက မဇ္စျိမကို ပြောသည်။
ပုဇွန်တောင်၊ တာမွေ၊ မင်္ဂလာတောင်ညွန့်နှင့် စမ်းချောင်းမြို့နယ်များတွင် တရားမဝင် အနှိပ်ခန်းများ အများဆုံးဖြစ်ပြီး တမြို့နယ်လျှင် ပျမ်းမျှ အနှိပ်ခန်းပေါင်း ၃၀၀ ဝန်းကျင်ခန့် ရှိနေကြောင်း ရဲက ခန့်မှန်းထားသည်။
ရန်ကုန်မြို့အတွင်း နေရာအနှံ့တွင် အနှိပ်ခန်းများ ဖွင့်လှစ်လာခြင်းမှာ ဥပဒေပိုင်းအရ ထိန်းချုပ်ရာတွင် အားနည်းမှု ရှိနေခြင်းကြောင့် ဖြစ်ကြောင်း ရန်ကုန် ဗဟိုတရားရုံးချုပ် ရှေ့နေတဦးက သုံးသပ်သည်။
"ပြည့်တန်ဆာ ဥပဒေပဲ ရှိတယ်။ အနှိပ်ခန်းနဲ့ပတ်သတ်တဲ့ တိကျတဲ့ ဥပဒေမရှိဘူး။ ဒီတော့ ပုဒ်မ ၁၈၈ နဲ့ တရားရုံးတင်တယ်။ ပုဒ်မ ၁၈၈ ဆိုတာ အလွတ်သဘောပြောရရင် အာဏာပိုင်အဖွဲ့အစည်းက ထုတ်ပြန် ကြေညာထားသော အမိန့်ကို ဖောက်ဖျက်ခြင်းပေါ့။ လမ်းဘေးမှာ အပေါ့အလေးစွန့်တာလည်း ဒီဥပဒေနဲ့ စွဲလို့ရတယ်။ သူက အမြင့်ဆုံး ထောင်ဒဏ် တလပဲ။ မိန်းကလေးတွေကို ထောင်ချလို့မရဘူး။ ပတ်သက်ဆက်နွယ်မှုနဲ့ အမြင့်ဆုံး ဒဏ်ငွေ ၁ဝဝဝ (ကျပ်) ပဲ" ဟု အဆိုပါ ရှေ့နေက မဇ္စျိမကို ပြောသည်။
ပုဒ်မ ၁၈၈ ဖြင့် စွဲဆိုပါက တာဝန်ခံဖြစ်သူမှာ အမြင့်ဆုံး ထောင်ဒဏ် တလအထိ ချမှတ်ခံရနိုင်ပြီး၊ ပစ္စည်းများကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းနိုင်သည်။
ဥပဒေပိုင်းအရ အားနည်းခြင်းအပြင် စီးပွားရေးအရ စျေးကွက်ဝင် လုပ်ငန်းသဖွယ် ဖြစ်နေသဖြင့် အနှိပ်ခန်းများ ပိုမိုတိုးပွားလာနေသည်ဟု ယူဆရကြောင်း အဆိုပါ ရှေ့နေကပင် ပြောဆိုသည်။
"အန်ကယ် အနှိပ်ခန်းနဲ့ ပတ်သက်တဲ့အမှု လိုက်ဖူးတယ်။ အမှုရင်ဆိုင်နေတုန်းမှာပဲ အနှိပ်ခန်းက ပြန်ဖွင့်နေပြီ။ ပိုင်ရှင်က ပြောတယ်၊ အနှိပ်ခန်းလုပ်တာ ဘယ်လိုပဲ ရင်းနှီးရင်းနှီး ၆ လဆို အရင်းကြေတယ်တဲ့။ တာဝန်ခံလုပ်မယ့် မန်နေဂျာတွေကိုတော့ အဖမ်းခံရရင် နာမည်ခံလုပ်ဖို့ လစာကောင်းကောင်း ပေးထားကြတယ်။ ဥပဒေပိုင်း အားနည်းနေတော့ စီးပွားရေးသမားတွေက လုပ်မှာပဲလေ" ဟု သူက ဆိုသည်။
ကျန်းမာရေးအတွက် ကုသမှုပေးရန် တရားဝင်လိုင်စင် ချပေးထားသော အကြောဖြေလုပ်ငန်း အချို့မှအပ အနှိပ်ခန်း အားလုံးလိုလိုမှာ ဥပဒေနှင့် ငြိစွန်းနေကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူများက ပြောဆိုကြသည်။
ရန်ကုန်မြို့တွင် အလှပြုပြင်ရေးအမည်ခံ အသေးစား အနှိပ်ခန်းများကို ရန်ကုန်တွင် နေရာအနှံ့အပြားတွင် တွေ့နေရသကဲ့သို့ သိန်းရာနှင့်ချီ ရင်းနှီး၍ အထင်အရှား ဖွင့်လှစ်ထားသော အနှိပ်ခန်းကြီးများလည်း အများအပြား တွေ့နေရပြီး အမျိုးသမီး ဦးရေ ၅၀ မှ ရ၀ အပြင် အမျိုးသားဝန်ထမ်း ၂၀ မှ ၃၀ အကြားရှိသည့် အဆိုပါ အနှိပ်ခန်းကြီးများသို့ လူတန်းစား အလွှာအသီးသီးမှ လာရောက်လေ့ရှိကြောင်း စုံစမ်းသိရှိရသည်။
"တချို့က အခန်းအပြင်အဆင်ရော၊ ဝန်ဆောင်မှုရော အားလုံး ကျေနပ်လောက်အောင် ပေးကြတယ်။ ကျနော်တို့နားက မာဆတ်ဆိုရင် နာမည်ကြီး မင်းသား၊ မင်းသမီးတွေ အမြဲလာတယ်။ တခါတလေ တိုးရစ် (နိုင်ငံခြားသား ခရီးသွားဧည့်သည်) တွေတောင် အုပ်စုလိုက် လာကြတယ်" ဟု လမ်းမတော်မြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။
အနှိပ်ခန်းအကြီးအသေးနှင့် အပြင်အဆင် အနေအထားအပေါ် မူတည်သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်၊ ရဲ၊ စရဖ များသို့ လစဉ် ငွေကျပ် ၅ သိန်းခန့်မှ သိန်း ၃၀-၄၀ အထိ ပေးဆောင်ရခြင်းမျိုး ရှိသည်။ အနှိပ်ခန်းများ ပေါ်ပေါ်တင်တင် ဖွင့်လှစ်လာကြခြင်းနှင့်အတူ အနှိပ်ခန်းအမည်ခံ ပြည့်တန်ဆာခန်းများလည်း ပိုများလာကြောင်း တွေ့ရှိရသည်။
"အမှန်အကန်နှိပ်တဲ့ မာဆတ်ဟုတ်မဟုတ်ဆိုတာ သိသာတယ်။ ဒါက မာဆတ်၊ ဒါက မာစွတ်ဆိုပြီး လူငယ်တွေ ခွဲပြောတဲ့ စကားတောင် ရှိတယ်။ အဲဒီလို အနှိပ်ခန်းနာမည် တပ်ရုံတပ်ထားတဲ့ ဆိုင်တွေကတော့ တနေရာထဲမှာ ကြာကြာမနေဘဲ နေရာပြောင်းပြီး ဖွင့်တယ်။ မြို့ထဲပိုင်းမှာ လမ်းလျှောက်ရင်း ကြည့်သွား။ ဗြူတီဆလွန်းလို့ နာမည် တပ်ထားတဲ့ ဆိုင်းဘုတ်သေးသေးလေးတွေ အများကြီးပဲ။ ၁ဝ ခုမှာ ၈ ခု၊ ၉ ခုက အနှိပ်ခန်းပဲ" ဟု လသာမြို့နယ်မှ ရပ်ကွက်ကောင်စီ အဖွဲ့ဝင်တဦးက ပြောသည်။
ရန်ကုန်တွင် အနှိပ်ခန်းလုပ်ငန်းများ စတင်ခေတ်စားလာခြင်းမှာ ၂၀၀၀ ပြည့်နှစ်ကျော်ကတည်းကဖြစ်ပြီး ဗိုလ်ချုပ်ကြီးခင်ညွန့် ခေါင်းဆောင်သော စစ်ထောက်လှမ်းရေး အဖွဲ့ ပြိုကွဲသွားပြီးနောက် ပိုများလာကြောင်း ရဲချုပ်ရုံးမှ ဒုရဲမှူးက ဆိုသည်။
"မာဆတ်က ထောက်လှမ်းရေးက စတာပါပဲ။ နယ်မြေအပိုင်အလိုက် ထောက်လှမ်းရေးက လူတွေ ဖွင့်ကြတယ်။ ထောက်လှမ်းရေးမရှိတော့ ခဏပြန်ငြိမ်သွားသေးတယ်။ ၂၀၀၅၊ ၂၀၀၆ နောက်ပိုင်းကျမှ တဖြည်းဖြည်း ပိုပိုများလာတယ်" ဟု သူက ပြောသည်။
အနှိပ်ခန်းလုပ်ငန်း တွင်ကျယ်လာခြင်းနှင့် အနှိပ်ခန်း စီးပွားရေးအပေါ် ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်မှ အယ်ဒီတာတဦးက "တကယ်ကောင်းကောင်းမွန်မွန် ဆားဗစ်ပေးတဲ့ နေရာတွေလည်း ရှိနေတယ်။ နောက် မျက်မမြင်တွေကို ဂျပန်အကြောပညာ သင်ပေးပြီး တရားဝင်ဖွင့်ထားတဲ့ အကြောပြင်ခန်းတွေ ရှိနေတယ်။ အစိုးရက စည်းမျဉ်းဥပဒေ အကန့်အသတ်တွေနဲ့ လိုင်စင်ထုတ်ပေးပြီး အခွန်တိတိကျကျ ကောက်လိုက်ရင် တရားမဝင်၊ တရားဝင်တဲ့ ပြဿနာရှင်းသွားမယ်။ ရဲလာဘ်ထိုးရတဲ့ ငွေက အစိုးရဆီ ရောက်သွားမယ်။ နောက် အလုပ်လုပ်တဲ့ မိန်းကလေးတွေရဲ့ ရပိုင်ခွင့်တွေနဲ့ နစ်နာမှုတွေကိုလည်း ဥပဒေနဲ့ ကာကွယ်ပေးလို့ ရသွားနိုင်တယ်" ဟု သူက သုံးသပ်ပြောဆိုသည်။