စည်ပင်ပိုင်မြေတွင် ညကလပ်ဖွင့်မည်

စည်ပင်ပိုင်မြေတွင် ညကလပ်ဖွင့်မည်
by -
မျိုးသိဏ်း
ရန်ကုန်မြို့လယ်ရှိ မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် မြေနေရာပေါ်တွင် ညကလပ်တခု မကြာမီကာလအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း...

ရန်ကုန်မြို့လယ်ရှိ မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် မြေနေရာပေါ်တွင် ညကလပ်တခု မကြာမီကာလအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ မြေနေရာ (ယခင် လေဟာပြင်စျေးမြေနေရာ) ပေါ်တွင် ဆောက်လုပ်ထားသော CITY CENTER SHOPPING MALL အမည်ရှိ သုံးထပ်အဆောက်အဦး၏  ဒုတိယထပ်တွင် အဆိုပါ ညကလပ်ကို ဖွင့်လှစ်မှာဖြစ်သည်။

Generation X ဟု ယာယီအမည်ပေးထားသည့် အဆိုပါ ညကလပ်၏ အတွင်းပိုင်း ပြင်ဆင်မှုများအားလုံး ပြီးစီးနေပြီဖြစ်ကြောင်း မီးအလှပြင်ဆင်ခြင်းလုပ်ငန်းတွင် ပါဝင်ခဲ့သူတဦးက မဇ္စျိမသို့ပြောသည်။

"အတွင်းပိုင်း အပြင်အဆင်ကတော့ တော်တော်လေးကို ခမ်းခမ်းနားနားလုပ်ထားတာ။ ဒစ်စကိုလိုက်တွေနဲ့ မီးတွေချည်းပဲ သိန်းထောင်ကျော်တယ်။ ပိုင်ရှင်က ကလပ်ဖွင့်ဖို့ ဒီပစ္စည်းတွေသွင်းထားတာ တော်တော်ကြာပြီလို့ ပြောပါတယ်။"ဟု သူကပြောသည်။

မြို့တော်စည်ပင်(လေလံဌာန)မှ အမည်မဖော်လိုသူ အရာရှိတဦးက ယင်းမြေနေရာနှင့် အဆောက်အဦးကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပိုင်ဆိုင်ကြောင်း အတည်ပြုသည်။

"လေလံပစ်လိုက်တာတော့ မဟုတ်ဘူးဗျ။ အဲ့ဒီနေရာက ပြဿနာရှိတယ်။ အရင်က ဗလီဆောက်ဖို့လုပ်လို့ ကန့်ကွက်တဲ့သူတွေနဲ့ ဘာနဲ့ ဖြစ်ကြသေးတယ်။ ၁၉၉၇ ခုနှစ်လောက်က ထင်တယ်။ အဲ့နောက်ပိုင်း ဒီနေရာကို ဒီအတိုင်းထားထားလိုက်တာ။ ပြီးခဲ့တဲ့နှစ်ကမှ ရှော့ပင်းစင်တာ ဖွင့်ခွင့်ပေးလိုက်တာ။ မြေနေရာနဲ့ အဆောက်အဦကို အငှားချထားလိုက်တာပါ။ ပိုင်တာကတော့ စည်ပင်ပိုင်မြေပဲ။" ဟု သူကဆိုသည်။

City Center Shopping Mall သုံးထပ်အဆောက်အဦး၏ နံဘေးရှိ ကလပ်ဖွင့်လှစ်မည့် နေရာ

CITY CENTER SHOPPING MALL မှာ တရားဝင်ဖွင့်လှစ်ခြင်း မရှိသေးသော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၇)ရက်နေ့မှ စတင်ပြီး Soft Opening အနေဖြင့် ဆိုင်အချို့စတင်ရောင်းချနေပြီဖြစ်သည်။

မြေအကျယ်အဝန်း၏ ဆယ့်ငါးပုံတစ်ပုံခန့် ဧရိယာပေါ်တွင် ဆောက်လုပ်ထားသော သုံးထပ် အဆောက်အဦးတွင် ဆူပါမားကတ်၊ ဖက်ရှင်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ဂိမ်းစင်တာ၊ ကလေးကစားကွင်းနှင့် ညကလပ်ခန်းမတို့ ပါဝင်မည်ဖြစ်ပြီး အဆောက်အဦ၏ ပြင်ပဧရိယာကို ရန်ကုန်မြို့လယ်တွင် အကြီးဆုံး ယာဉ်ရပ်နားစခန်းအဖြစ်ဖွင့်လှစ်ရန် ပြင်ဆင်နေသည်။

Most read this week