ပန်/ ဆက်အောက်က ရပ်/ကျေး စာကြည့်တိုက်မှာ တိုင်းရင်းသားစာပေများ ထားခွင့်မပေး

ပန်/ ဆက်အောက်က ရပ်/ကျေး စာကြည့်တိုက်မှာ တိုင်းရင်းသားစာပေများ ထားခွင့်မပေး
by -
နိုင်တော်လဝီ၊ မိရင်မွန်
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအောက်က ရပ်ကွက်၊ ကျေးရွာရှိ စာကြည့်တိုက်များမှာ မြန်မာစာပေမှတပါး တိုင်းရင်းသား စာပေများကို ထားခွင့်မပေးသည့်အပြင် စာကြည့်တိုက်နာမည်ကိုလည်း ပြန်ကြားရေးဝန်ကြီးဌာန်၏ ခွင့်ပြုချက် နာမည်ဖြင့်သာ မည့်ခေါ်ရသည်ဟု...

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအောက်က ရပ်ကွက်၊ ကျေးရွာရှိ စာကြည့်တိုက်များမှာ မြန်မာစာပေမှတပါး တိုင်းရင်းသား စာပေများကို ထားခွင့်မပေးသည့်အပြင် စာကြည့်တိုက်နာမည်ကိုလည်း ပြန်ကြားရေးဝန်ကြီးဌာန်၏ ခွင့်ပြုချက် နာမည်ဖြင့်သာ မည့်ခေါ်ရသည်ဟု မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ မွန်ရွာတစ်ရွာမှ မွန်လူငယ်တစ်ဦးက ပြောပါသည်။

“ကျွန်တော်တို့ရွာက မွန်ရွာကြီးဖြစ်တယ်၊ အထက်တန်းကျောင်းလည်းရှိတယ်၊ လူငယ် ကျောင်းသားတွေ စာတော်တော်ဖတ်ကြတယ်။ ရွာစာကြည့်တိုက်မှာ ပြန်ကြားရေးဌာနက သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ကာတွန်းတွေလောက်ပဲ ထားပေးတာများတယ်။ ဒါပေမယ့် အဟောင်းတွေက များတယ်။ ဝတ္တုတွေသိပ်မထားဘူး ကျွန်တော်တို့ မွန်စာပေဆို အများဖတ်ဖို့ သွားလှူတာတောင် မထားခိုင်းဘူး” ဟု မွန်လူငယ်က ပြောပါသည်။

စာကြည့်တိုက်က တာဝန်ရှိသူ တစ်ဦးကလည်း ကျွန်တော် မွန်စာဖတ်ချင်ရင် မွန်ဘုန်းကြီးကျောင်းကို တကူးတက သွားရတယ်ဟု ပြောပါသည်။

“မွန်စာပေတွေအများစုမှာ ပရိယတ္တိစာပေများ၊ မွန်သံဃာများထုတ်သည့် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာပေများ၊ တက္ကသိုလ်ကျောင်းသားများ၊ ပြည်တွင်းမွန်အဖွဲ့အစည်း အချို့က ထုတ်ဝေသည့် သုတစာပေစာအုပ်များ၊ မဂ္ဂဇင်း၊ ဂျာနယ်များ လည်းရှိတယ်။ မွန်ဘာသာ ပရိယတ္တိစာပေကို မွန်ဘုန်းတော်ကြီးကျောင်းမှာ ထိမ်းသိမ်းထားပြီး မွန်သံဃာတော်များက သင်အံလေ့ကျင့်ကြပါတယ်၊ မွန်မဂ္ဂဇင်း၊ ဂျာနယ် အချို့ကတော့ ဘုန်းကြီးကျောင်းမှာ ရှိပေမယ့် လူငယ်တွေ အရောက်အပေါက်တော့ မဖတ်ဖြစ်ကြဘူး” ဟု ၄င်းရွာမှ ဆရာတော်က မိန့်တော်မူပါသည်။

“ရွာမှာရှိတဲ့ ကလေးတွေက အစိုးရနွေရာသီ ကျောင်းပိတ်ချိန်တွေမှာဆို ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို မွန်ဘာသာနှင့် သင်ကြားထားတာ နှစ်တော်တော် ကြာခဲ့ပြီး၊ မွန်စာလည်း တော်တော်တတ်နေကြပြီး၊ ဗမာစာမှာ ကျွမ်းကျင်ကြသလို မွန်စာကိုလည်း ကလေးတွေ ကျွမ်းကျင်ချင်ကြတယ်၊ နှစ်ဘာသာတတ်တာပေါ့၊ တချို့ ကလေးတွေဆို အင်္ဂလိပ်စာပါ လေ့လာနေကြတယ်၊ အင်္ဂလိပ်စာတော့ စာကြည့်တိုက်မှာရှိတယ်၊ မွန်စာတော့ မထားရဘူးတဲ့” ဟု ဆရာတော်က ဆက်ပြီး မိန့်ကြားပါသည်။

ပေါင်မြို့နယ် ဇင်းကျိုက်ရွာမှ ကျောင်းဆရာတစ်ဦးကလည်း “ ဗညားဒလ စာကြည့်တိုက်ဆို နှစ်ပေါင်းအတော် ကြာကတည်းက တည်ထောင်ခဲ့တဲ့ စာကြည့်တိုက်ပါ၊ ဒီစာကြည့်တိုက်ကို တည်ထောင်ခဲ့တဲ့ လူငယ်တွေဆို ကနေ့ ပညာတတ်တေ၊ွ စာရေးဆရာတေ၊ွ ကဗျာဆရာတွေ ဖြစ်နေကြတယ်၊ အခုမှ ပြန်ကြားရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ ပြည်သူ့စာကြည့်တိုက် မူများအတိုင်း လိုက်နာရမည်ဆိုပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး လက်အောက်ထားရှိခါမှ ပြည်သူ့စာကြည့်တိုက်လို့ နာမည်ပြောင်းလိုက်တာ ဘာသဘောလဲတော့ မပြောတတ်တော့ဘူး” ဟု ပြောပါသည်။

အများအားဖြင့် ကျေးရွာရပ်ကွက်များမှာ ဖွင့်လှစ်ထားသည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အောက်မှ စာကြည့်တိုက်များသည် ကိုယ်ထူကိုယ်ထစနစ်များဖြင့် တည်ထောင်ဖွင့်လှစ်ထားသလို စာကြည့်တိုက် အတွင်းရှိ စာအုပ်စာပေများမှာ ပြည်သူများအတွက် ရသစာပေ၊ သုတစာပေ၊ ဖျော်ဖြေမှုစာပေ အမျိုးအစားများ များများစားစားထားရှိရပေမယ့် အခုအခါ စစ်အစိုးရ၏ အာဘော်၊ သတင်းစာ၊ မဂ္ဂဇင် နှင့် ဂျာနယ် များသာ စာကြည့်တိုက်မှာ များများစားစားထားရှိထားပါသည်။

Most read this week