ရှေ့နေ ကိုဖိုးဖြူ လွတ်မြောက်ဖွယ်ရှိ

ရှေ့နေ ကိုဖိုးဖြူ လွတ်မြောက်ဖွယ်ရှိ
by -
ကျော်ခ
တောင်သူများအတွက် အကျိုးဆောင်ရှေ့နေလိုက်ပေးမှုကြောင့် ထောင်ကျခံနေရသူ လူငယ်ရှေ့နေ ကိုဖိုးဖြူကို အာဏာပိုင်များက လွှတ်ပေးဖွယ်ရှိကြောင်း သူ၏အမှုကို ကိုင်တွယ်နေသည့် ရှေ့နေ ဦးမြင့်သွင်က...

တောင်သူများအတွက် အကျိုးဆောင်ရှေ့နေလိုက်ပေးမှုကြောင့် ထောင်ကျခံနေရသူ လူငယ်ရှေ့နေ ကိုဖိုးဖြူကို အာဏာပိုင်များက လွှတ်ပေးဖွယ်ရှိကြောင်း သူ၏အမှုကို ကိုင်တွယ်နေသည့် ရှေ့နေ ဦးမြင့်သွင်က ပြောသည်။

“တရားသူကြီးချုပ် ကိုယ်တိုင်ကနေပြီးတော့ ၂ဝဝဝ ပြည့်နှစ် တရားစီရင်ရေး ပုဒ်မ ၈ အရ ခေါ်ပြီးတော့ ဖွင့်လိုက်တာခင်ဗျ။ အလိုလျောက် တရားသူကြီးချုပ်ကိုယ်တိုင် ဥပဒေဖွင့်ပေးတာ ဖြစ်တဲ့အတွက် ကျနော်တို့က လျှောက်လဲချက်ပေးရုံပါပဲ အဲဒီအတွက် လွတ်မယ်လို့ မျှော်လင့်တာပါခင်ဗျ” ဟု ဦးမြင့်သွင်က ပြောသည်။

“ဥပဒေအရ တရားသူကြီးချုပ်ကနေ ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေပုဒ်မ ၈ အရ တနှစ်ကို တမှုလောက် ပွင့်ခဲတယ်ခင်ဗျ။ တရားသူကြီးချုပ်ကနေ ခေါ်ပြီးတော့ ဥပဒေ တရားစီရင်ရေးမူအရ ဖွင့်ပေးတာ ဖြစ်တဲ့အတွက် လွှတ်ပေးမယ်လို့ ကျနော်တို့ ယူဆတာပါ” ဟု သူက ဆက်ပြောသည်။

အမှုကို ဖေဖော်ဝါရီ ၁၅ ရက်နေ့၌ နေပြည်တော် တရားရုံးတွင် ထပ်မံကြားနာမည်ဖြစ်သည်။ ထို့အပြင် မြေယာပဋိပက္ခအမှုမှ ဖမ်းဆီးခံနေရသော တောင်သူ ၁၁ ဦးကိုလည်း ၁၇ ရက်နေ့တွင် မကွေးတိုင်း တရားရုံးက အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။  

ယခင်လ ၂၂ ရက်နေ့က အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO မှ အမှုဆောင် ညွန်ကြားရေးမှူးချုပ်  မစ္စတာ ကယ်ရီ တာပီယိုလာ ခေါင်းဆောင်သော အဖွဲ့သည် နေပြည်တော် အလုပ်သမားဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးဟောင်း ဦးချစ်ရှိန် ဦးဆောင်သည့် အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ ILO မှ တာဝန်ရှိသူများ လာရောက်သွားပြီး မကြာခင်အတွင်းမှာ ကိုဖိုးဖြူ၏ အမှုကို နေပြည်တော်က ကြားနာမည်ဟု ထွက်ပေါ်လာခဲ့သလို ယခုလအစပိုင်းတွင် အောင်လံမြို့နယ်ရှိ လယ်ယာမြေကိစ္စများနှင့် အဖမ်းဆီးခံထားရသည့် မိသားစုဝင်များနှင့် အလုပ်သမားဝန်ကြီးဌာန ဦးဆောင်ညွန်ကြားရေးမှူး ဒုဗိုလ်မှူးကြီး ယုလွင်အောင်က သွားရောက်တွေ့ဆုံကာ အစားထိုးတောင်ယာများ ပေးမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။   

“အဲဒီဗိုလ်မှူးကြီး ယုလွင်အောင်ကတော့ မြေနေရာတွေ အစားထိုးပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ သူတို့က အထဲကိုလည်း ပြောတယ်။ (ထောင်) အထဲကလည်း လက်မခံဘူး။ အပြင်က မိသားစုကလည်း လက်မခံဘူးလို့ ပြောတယ်။ သူတို့ကတော့ မူလလယ်မြေပဲ ပြန်တောင်းတာပေါ့” ဟု တရားရေး သတင်းရပ်ကွက်တခုက ပြောသည်။

မကွေးတိုင်း တရားရုံးက  ကိုဖိုးဖြူကို ပုဒ်မ ၃ (ဂ) အရ အသင်းအဖွဲ့ကို မှတ်ပုံမတင်ဘဲ ဖွဲ့စည်းမှု၊ ၅ (ဂ) အရ အစိုးရ၏ ယန္တရားကို ရပ်တန့်စေရန် ပြုလုပ်မှုဖြင့် စွဲချက်တင်ကာ ၂၀၀၉ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့သည်။

အောင်လံမြို့နယ် ဒေသခံတောင်သူများ၏ ယာခင်းများကို သကြားစက်ရုံ စီမံကိန်းအတွက် အဓမ္မ သိမ်းယူမှုကြောင့် ILO သို့ တိုင်ကြားခဲ့သူ၏ အမှုကို လိုက်လံဆောင်ရွက်ပေးရင်းမှ ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် မကွေးတိုင်း အောင်လံမြို့အထွက်ဂိတ်တွင် အာဏာပိုင်များက ဖမ်းဆီးခံခဲ့ရသည်။

ထိုအလုပ်သမားများ၏ တောင်ယာဧက ၂၀၀၀ ခန့်အမှုနှင့် ပတ်သက်ပြီး တောင်သူများ၏ တိုင်တန်းမှုများ ရှိလာခဲ့သဖြင့် ရန်ကုန်အခြေစိုက် ILO ရုံးမှ အလုပ်သမားဝန်ကြီးဌာနနှင့် ဆွေးနွေးအပြီး တောင်ယာများ ပြန်လည်လုပ်ကိုင်ခွင့်ကို ဒေသခံ စစ်တပ်အကြီးအကဲက နှုတ်မိန့်ဖြင့် ခွင့်ပြုခဲ့သည်။ သို့သော်လည်း ထွန်ယက်စိုက်ပျိုးမှု ပြုလုပ်သောအခါ တောင်သူများကို ပုဒ်မ ၄၄၇ - ပိုင်နက်ကျူးလွန်မှု၊ ပုဒ်မ ၄၂၇ - အကျိုးဖျက်ဆီးမှုတို့ဖြင့် တရားစွဲဆိုထားသည်။

Most read this week