၂၀၀၉ ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် ဒေသခံများ၏ ကျန်းမာရေးကို ကူညီစောင့်ရှောက်နေသည့် ကျန်းမာရေး လုပ်သား စောညွန့်ဝင်းကို ဖန်းဖောင်ဒေးရှင်းက ချီးမြှင့်လိုက်သည်။
ကရင် အမျိုးသား အစည်းအရုံး KNU ၏ အထွေထွေ အတွင်းရေးမှူးဖြစ်ခဲ့သူ ပဒိုမန်းရှာလားဖန်း (ကွယ်လွန်) ကို ဂုဏ်ပြုသည့်အနေဖြင့် ကရင်လူထုအရေး စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် လူငယ်များကို ဒုတိယမြောက် ချီးမြှင့်သော ထိုဆုကို ၃၂ နှစ်အရွယ် စောညွန့်ဝင်း ရရှိခြင်း ဖြစ်သည်။
“ဆုပေးဖို့ရွေးတဲ့အခါ အဆိုတင်သွင်းထားတဲ့လူ ရ ယောက်လုံးက သူ့နယ်ပယ်တွေမှာ တော်နေကြတော့ တော်တော်လေး ခက်ခက်ခဲခဲ ရွေးခဲ့ရတယ်။ ကိုစောညွန့်ဝင်းက တကယ်ကြိုးစားတယ်၊ လူထုအကျိုးအတွက် လုပ်တယ်။ လူငယ်တွေရဲ့ စံပြဖြစ်တယ်။ လူငယ်တွေ အတုသူသင့်တဲ့သူဖြစ်လို့ ရွေးချယ်ရေး အဖွဲ့ဝင်တွေက ရွေးလိုက်ကြတာ” ဟု ဖန်းဖောင်ဒေးရှင်း ဒါရိုက်တာဖြစ်သော ပဒိုမန်းရှာ၏ သမီးဖြစ်သူ ဇိုယာဖန်းက မဇ္စျိမကို ပြောသည်။
ယခုဆုကို စောညွန့်ဝင်းကို ချီးမြှင့်ကြောင်း KNU ကျင်းပသည့် ၆၁ နှစ်မြောက် ကရင့်အမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားတွင် ထုတ်ဖော် ကြေညာခဲ့ခြင်း ဖြစ်သည်။
ပဒိုမန်းရှာသည် လူငယ်များကို အားပေးကူညီလေ့ရှိပြီး အမျိုးသားရေး ဖွံ့ဖြိုးတိုးတက်စေချင်သူ ဖြစ်သောကြောင့် ဖခင်၏ ဆန္ဒများ ဆက်လက် အကောင်အထည် ဖော်လိုသဖြင့် ယခုကဲ့သို့ ဖောင်ဒေးရှင်း တည်ထောင်၍ အမျိုးသားရေးအလုပ် လုပ်ကိုင်သည့် ကရင်လူငယ်များကို ယခုဆုနှင့်အတူ အမေရိကန် ဒေါ်လာ ၂၀၀၀ ချီးမြှင့်ကြောင်း သမီးဖြစ်သူ ဇိုယာဖန်းက ပြောသည်။
စောညွန့်ဝင်းအတွက် ဖန်းဖောင်ဒေးရှင်းသို့ ကရင်သတင်းစဉ်မှ အယ်ဒီတာ မနန်းဖောဂေးက အဆိုပြုလွှာ တင်သွင်းပေးခဲ့ခြင်း ဖြစ်သည်။
နန်းဖောဂေးက “စောညွန့်ဝင်းက အသက် ၁၂ နှစ်အရွယ်လောက်ကတည်းက လူမှုရေး လုပ်ငန်းတွေမှာ လုပ်ကိုင်လာတာ။ ဖာပွန်နဲ့ အရမ်းဝေးတဲ့ နေရာမှာ ဆေးခန်းလေးဆောက်ပြီး ဒေသခံတွေကို စေတနာ့ ဝန်ထမ်းအဖြစ် ကူညီပေးနေတာ။ ပညာရေး နယ်ပယ်တွေမှာ လစာနည်းနည်း ဒါမှမဟုတ် မရဘဲနဲ့ လုပ်နေတဲ့ လူငယ်တွေလည်း ရှိပါတယ်။ သူက ဝေးလံခေါင်သီတဲ့ နေရာတွေမှာ လူထုအကျိုးကို တကယ် လုပ်နေတာကြောင့် အဆိုတင်သွင်းပေးဖြစ်သွားတာ” ဟု ပြောသည်။
စောညွန့်ဝင်းသည် KNU ထိန်းချုပ်နယ်မြေတခုဖြစ်သည့် ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် KNU ၏ ကျန်းမာရေး လုပ်သားအဖြစ် လွန်ခဲ့သည့် ၉ နှစ်ခန့်ကတည်းက လုပ်ကိုင်လာခဲ့သူဖြစ်ကြောင်း ဖာပွန်ခရိုင်မှ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေး လုပ်သားအဖွဲ့မှ ဒေသတာဝန်ခံ စောကျော်ဝင်းက ပြောဆိုသည်။
“စောညွန့်ဝင်းရဲ့ ဆေးခန်း (တာအိုဒဲ့) က ဒေသခံ ၂၀၀၀ ကို အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတယ်။ သူက လူနာတွေအပါ်မှာ တကယ် စေတနာထားပြီး လုပ်ပေးတယ်။ သူက ပြောတယ်၊ အိမ်ထောင်ရေး၊ အချစ်ရေးတွေထက် လူထုတွေအတွက် လုပ်စရာ အများကြီးရှိသေးတယ်တဲ့” ဟု သူက ဆိုသည်။
တာအိုဒဲ့ ဆေးခန်းသည် ဖာပွန်မြို့မှ ကုန်းကြောင်း ရေကြောင်းခရီးဖြင့် သွားရောက်လျှင် ၂ ရက်ခရီး ကြာမြင့်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော နေရာဖြစ်သည််။
ထိုနေရာဒေသတွင် နေထိုင်သူများသည် တောင်ယာ လုပ်ငန်းဖြင့် အသက် မွေးဝမ်းကြောင်း ပြုကြပြီး ၎င်းတို့၏ ဝင်ငွေမှာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူရန် မပြည့််စုံကြောင်း သိရသည်။
“ဒီဒေသမှာ ကျန်းမာရေးမကောင်းဘူးဆိုရင် ဖာပွန်မြို့ပေါ်ကိုပဲ သွားပြရတယ်။ သွားပြရင်လည်း မြို့ပေါ်မှာ နေစရိတ်၊ စားစရိတ်တွေ၊ ဆေးရုံစရိတ်တွေကို မတတ်နိုင်ကြဘူး။ နေမကောင်းလို့ သွားပြရင် တနေ့ကို အနည်းဆုံး ၆၀၀၀ လောက် ကုန်တယ်လို့ ပြောတယ်။ ဒီတော့ ဒေသခံတွေက ကျနော်တို့လို ဒေသခံ ကျန်းမာရေး လုပ်သားတွေကိုပဲ အားကိုးရတယ်” ဟု စောကျော်ဝင်းက ပြောသည်။
သူက ဆက်ပြီး ''တရွာနဲ့တရွာ သွားမယ်ဆိုရင် တတောင်တက်၊ တတောင်ဆင်း သွားရတာ ရှိသလို၊ ဗမာစစ်တပ်တွေနားကလည်း သွားရတာမျိုး ရှိတယ်။ အဲဒီအခါ အန္တရာယ် အရမ်းများတဲ့အတွက် မလိုအပ်ဘဲ အချိန်တွေ ကုန်သွားတယ်။ ကျနော်တို့က အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုပဲ ပေးနိုင်တယ်။ အဆင့်မီတဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်မပေးနိုင်ဘူးလေ။ ကလေးမမွေးနိုင်တဲ့ မိခင်တွေဆိုရင် ကျန်းမာရေး စောင့်ရှောက်မှု မရလို့ သေသွားတာတွေ အများကြီး ရှိတယ်” ပြောသည်။
၂၀၀၈ ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ၂၀၀၉ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ကရင်ပြည်နယ် ညောင်လေးပင်ခရိုင်မှ လူမှုရေးလုပ်ငန်းများ ကူညီဆောင်ရွက်သူ နော်ဖောကဘလာထူးကို ချီးမြှင့်ခဲ့သည်။
လွန်ခဲ့သည့် ၃ နှစ်ခန့်က ထိုင်းနိုင်ငံ မဲဆောက်မြို့ နေအိမ်တွင် လုပ်ကြံ သတ်ဖြတ်ခံရသည့် ပဒိုမန်းရှာလားဖန်းကို ဂုဏ်ပြုသောအားဖြင့် ကျန်ရစ်သူ သားသမီး ၄ ဦးက ဖန်းဖောင်းဒေးရှင်းကို တည်ထောင်၍ ထူးချွန်ထက်မြက်ပြီး အမျိုးသားရေးအတွက် အစဉ်တစိုက် လုပ်ကိုင်သော ကရင် လူငယ်များကို ဆုအဖြစ် ပေးအပ်ချီးမြှင့်လာခြင်း ဖြစ်သည်။
“အဖေက သဘောကောင်းတယ်။ ခေါင်းဆောင်ဖြစ်တဲ့အတွက်လည်း အလုပ်လုပ်တဲ့နေရာမှာ ပြတ်သားတယ်။ ဆုံးဖြတ်ချက်လည်း ခိုင်မာတယ်။ လူငယ်တွေကို အားပေးတယ်။ မိသားစုအပေါ်မှာလည်း ကောင်းတယ်။ တိုင်းပြည်နဲ့ လူမျိုးကိုလည်း အရမ်းချစ်တဲ့သူ ဖြစ်တယ်။ အဖေပြောတဲ့အထဲမှာ ကျမ မမေ့နိုင်တာက လွတ်လပ်ရေးကို ကိုယ်ကိုယ်တိုင် ကြိုးစားတိုက်ယူမှ ရမှာ၊ ထိုင်နေလို့ လွတ်လပ်ရေးက ရှေ့ကို ရောက်လာမှာ မဟုတ်ဘူးဆိုတာ လုံးဝ အမှတ်ရနေတယ်” ဟု နမ့်ဇိုယာဖန်းက ပြောသည်။