စစ်အုပ်စု ရွေးကောက်ပွဲ ပြင်ဆင်၊ သို့သော် လူထုကို အမှောင်ချ

စစ်အုပ်စု ရွေးကောက်ပွဲ ပြင်ဆင်၊ သို့သော် လူထုကို အမှောင်ချ
by -
လာရီ ဂျေဂင်
ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်ကို မသတ်မှတ်သေးသော်လည်း စစ်အုပ်စုကို ထောက်ခံသူများကမူ စည်းရုံးရေးလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ကိုင်လျက်...

ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်ကို မသတ်မှတ်သေးသော်လည်း စစ်အုပ်စုကို ထောက်ခံသူများကမူ စည်းရုံးရေးလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ကိုင်လျက် ရှိသည်။

''မြန်မာ့အလင်း သတင်းစာမှာ ဒေသခံ ခေါင်းဆောင်တွေကို စစ်အစိုးရ ဝန်ကြီးတွေက လက်ဆွဲနှုတ်ဆက်နေတာတွေ၊ ငွေကြေးအကူအညီ ပေးနေတာတွေနဲ့ ဖွံ့ဖြိုးရေးစီမံချက်တွေ၊ ဒေသခံတွေကို မိန့်ခွန်းပြောနေတဲ့ ပုံတွေ၊ သတင်းတွေ အပြည့်ဖော်ပြနေတာ တွေ့ရတယ်'' ဟု မြန်မာနိုင်ငံက မကြာခင်သေးခင်က ပြန်ရောက်လာသည့် အနောက်တိုင်း သံတမန်တဦးက မဇ္ဈိမကို ပြောပြသည်။

''ဒါတွေက တကယ်တော့ မဲဆွယ်စည်းရုံးခြင်း တမျိုးပါပဲ။ စစ်တပ်ဟာ ဒေသခံတွေရဲ့ နှလုံးသားကို ဖမ်းစားဖို့ ကြိုးစားနေတာပါ'' ဟု သူက ဆက်ပြောခဲ့သည်။

''ဒီနေ့ မြန်မာနိုင်ငံက ဒီမိုကရေစီဟာ နုနယ်သေးတယ်။ ပြီးတော့ ဂရုတစိုက် စိတ်ရှည်ဖို့နဲ့ အာရုံစူးစိုက်ဖို့လည်း လိုပါတယ်'' ဟု မြန်မာစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ၏ ပြီးခဲ့သည့်နှစ် တပ်မတော်နေ့ မိန့်ခွန်းတွင် ပြောသွားခဲ့သည်။ ပြီးခဲ့သည့် ဇန်နဝါရီလမှ လွဲ၍ ဤအကြောင်းအရာနှင့် ပတ်သက်ပြီး ရှားရှားပါးပါး ပြောဆိုခဲ့သော်လည်း သူ့အနေနှင့် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများကို အာဏာမမက်ကြရန်နှင့် စည်းကမ်းလိုက်နာကြရန် အလိုရှိနေလေသည်။

''ဒီနှစ်ထဲမှာ ရွေးကောက်ပွဲတွေ စနစ်တကျ ကျင်းပဖို့ အစီအစဉ်တွေ ဆွဲနေတုန်းပဲ။ ဒါကြောင့် ပြည်သူလူထု တရပ်လုံးက မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်ရလိမ့်မယ်'' ဟု သူက သတိပေးခဲ့သည်။
သို့သော် ရွေးကောက်ပွဲ ဥပဒေနှင့် နိုင်ငံရေးပါတီ အက်ဥပဒေတို့ အတည်မပြုရသေးသော်လည်း ထိုရွေးကောက်ပွဲ အစီအစဉ်များက မြန်မာနိုင်ရှိ အရာအားလုံးကို လွှမ်းမိုးလျက်ရှိသည်။ ယခုအချိန်အထိ ရွေးကောက်ပွဲကျင်းပမည့် ရက်ကိုလည်း အတိအကျ မကြေညာရသေးချေ။

သို့သော် မြန်မာပြည်တဝှန်းတွင် နှစ်ပေါင်း ၂ဝ အတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် ရွေးကောက်ပွဲအတွက် တိတ်တဆိတ် ပြင်ဆင်မှုများကို ပြုနေကြသည်။ အစိုးရ အုပ်ချုပ်ရေး ယန္တယားမှာ ယာယီရပ်ဆိုင်းထားပြီး အစိုးရ ဝန်ကြီးများ၊ အရာရှိကြီးများမှာ နိုင်ငံရေး စည်းရုံးမှုများကိုသာ ဦးစားပေး လုပ်ဆောင်နေကြသည်။
''ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုနဲ့ မဆိုင်တဲ့ အစိုးရဆုံးဖြတ်ချက်တွေ ဘာကိုမှ မလုပ်တော့ဘူး'' ဟု အမည်မဖော်လိုသော ထိပ်တန်း ကုလသမဂ္ဂ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။ အရေးကြီးသည့် စီမံကိန်းများကို ရွေးကောက်ပွဲများ ပြီးမှသာ စတင်နိုင်မည်ဟု အစိုးရဝန်ကြီးများက အခြား ကုလသမဂ္ဂ အကူအညီပေးရေး အရာရှိတဦးသို့လည်း ပြောပြသည်။

အပတ်စဉ် အစိုးရအဖွဲ့ အစည်းအဝေးကိုလည်း ဗုဒ္ဓဟူးနေ့သို့ ရွေ့ပြောင်းလိုက်ခြင်းအားဖြင့် ဝန်ကြီးများကို ကြာသပတေးမှ တနင်္ဂနွေအထိ တပတ်လျှင် ၄ ရက်၊ ၎င်းတို့ စည်းရုံးရေးအတွက် တာဝန်ကျရာ အရပ်ဒေသများတွင် လာမည့်ရွေးကောက်ပွဲအတွက် နိုင်ငံရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် ခွင့်ပြုခဲ့သည်ဟု ထိပ်တန်း စစ်တပ်အသိုင်းအဝိုင်း အဆိုအရ သိရသည်။ ထိုဆောင်ရွက်ချက်များတွင် သတ်မှတ်ထားသည့် ဒေသခံ လူထုကို လက်ဆောင်ပစ္စည်းနှင့် ငွေကြေးများ ပေးအပ်သည်သာမကဘဲ ရွေးကောက်ပွဲရက် ကြေညာသည့်အခါ စည်းရုံးရေးလုပ်ငန်းများ အမှန်တကယ် လုပ်ဆောင်ရန်အတွက် ငွေကြေးကောက်ခံသည့် လုပ်ငန်းများလည်း ပါဝင်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ၏ သြဇာကြီးပြီး အဂတိလိုက်စားသော ဝန်ကြီးဦးအောင်သောင်းကို ရွေးကောက်ပွဲ စည်းရုံးရေးများ ကြီးကြပ်ရန်နှင့် စစ်အုပ်စုထောက်ခံသော ကိုယ်စားလှယ်များကို ငွေကြေးထောက်ပံ့ရန် တာဝန်ပေးထားသည်ဟု ဗိုလ်ချုပ်မှူးကြီးနှင့် နီးစပ်သော အသိုင်းအဝိုင်းက ပြောသည်။

သူက ''အဘိုးကြီးရဲ့ လူယုံဖြစ်နေတယ်'' ဟု စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် ကုမ္ပဏီတခုမှ အကြီးတန်း မန်နေဂျာတဦးက မဇ္ဈိမကို ပြောသည်။ ''သူ့ရဲ့ လျှို့ဝှက်ရည်မှန်းချက်က စစ်အုပ်စုသဘောကျတဲ့ ကိုယ်စားလှယ်တွေကို ရိုဟင်ဂျာတွေက ထောက်ခံလာအောင်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ကို လူထုရဲ့ ထောက်ခံမဲတွေရလာအောင် သေသေချာချာ လုပ်ဆောင်ဖို့ပဲ'' ဟု စစ်အစိုးရ အရာရှိတဦးက ပြောသည်။  

၁၉၉ဝ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သော ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နှင့် အနိုင်ရခဲ့သည်။ သို့သော် မြန်မာစစ်တပ်က ၎င်းတို့ကို အရပ်သားအစိုးရ ဖွဲ့စည်းရန် မည်သို့မှ ခွင့်မပြုခဲ့ချေ။ ဒီတခါ စစ်ဗိုလ်ချုပ်ကြီးများက ထိုစဉ်က အမှားမျိုး ဆက်လက်မကျူးလွန်ရန် စီစဉ်နေပြီး ဤတကြိမ်တွင် သူတို့ မရှုံးရန် အရာအားလုံးကို တင်းကျပ်စွာ ထိန်းချုပ်ထားသည်။ တချိန်တည်းမှာပင် ၎င်းတို့က လူတိုင်းကို အမှောင်ထဲမှာ ရှိနေစေခဲ့သည်။

''ရွေးကောက်ပွဲနဲ့ နိုင်ငံရေးပါတီ ဥပဒေတွေက အခုဆိုရင် ၉၇ ရာခိုင်နှုန်း ပြီးစီးနေပြီ'' ဟု နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက အင်ဒိုနီးရှားဝန်ကြီး မာတီ နာတလီဂါဝါကို ဟနွိုင်းရှိ အာဆီယံဒေသဆိုင်ရာ အစည်းအဝေး တခုတွင် ပြောကြားခဲ့သည်။ ''၁ဝဝ ရာခိုင်နှုန်းပြီးဖို့ နောက်ထပ် ၂ လ ဒါမှမဟုတ် ၃ လ ထပ်စောင့်ရလိမ့်မယ်။ ဒါကြောင့် ရွေးကောက်ပွဲဟာ ဒီနှစ် ဒုတိယ ခြောက်လပတ်ထဲမှာမှ ဖြစ်လိမ့်မယ်'' ဟု သူက ပြောဆိုကြောင်း သိရသည်။

မြန်မာနှင့် အနီးစပ်ဆုံး မဟာမိတ် တရုတ်နိုင်ငံကလည်း ရွေးကောက်ပွဲသည် ယခုနှစ် နောက်ဆုံး ၃ လ အတွင်း ဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း တရုတ်သံတမန်များ အဆိုအရ သိရသည်။ ၎င်းရွေးကောက်ပွဲမှာ ၁ဝ ရက် ၁ဝ လ ၂ဝ၁ဝ ခုနှစ်တွင် ဖြစ်လိမ့်မည်ဟု မြို့တော်သစ် နေပြည်တော်ရှိ ထိပ်တန်း စစ်တပ် အသိုင်းအဝိုင်းက မဇ္ဈိမကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ပြောကြားခဲ့သည်။ နိုင်ငံရေးပါတီ ၁ဝ ခုသာ ပါဝင်ယှဉ်ပြိုင်ရန် ခွင့်ပြုမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်သိန်းစိန်က ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဟွာဟင်း၌ ကျင်းပသည့်  အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွင်း အခြား အာရှခေါင်းဆောင်များကို ပြောကြား
ခဲ့ကြောင်း ထိုအခမ်းအနားသို့ တက်ရောက်ခဲ့သည့် အင်ဒိုနီးရှား သံတမန်တဦးက ပြန်ပြောပြသည်။

သို့သော် အောင်ဆန်းစုကြည်နှင့် ပတ်သက်၍လည်ကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပတ်သက်၍လည်းကောင်း တစုံတရာ ရည်ညွှန်းသွားခြင်း မရှိကြောင်း သူက ဆက်ပြောသည်။

ကိန်းဂဏန်းများအပေါ် သက်ဝင်ယုံကြည်လွန်းသော စစ်အုပ်စု၏ အမူအကျင့်အရ ၁ဝ ရက်၊ ၁ဝ လ၊ ၂ဝ၁ဝ မှာ ပိုမိုဖြစ်နိုင်ကြောင်း လူအများက ခန့်မှန်းနေကြသည်။ အတိတ်တုန်းက စစ်တပ်သည် ၁၉၉ဝ ပြည့် ရွေးကောက်ပွဲ နေ့ရက်နှင့် မြို့တော်သစ်သို့ အလုံးအရင်းဖြင့် ပြောင်းရွေ့သည့်နေ့ အပါအဝင် အရေးကြီးသည့် ဆုံးဖြတ်ချက်များ ချမှတ်တိုင်း ဗေဒင်ဆရာများ၏ တွက်ချက်မှုအပေါ် အခြေခံ၍သော်လည်ကောင်း၊ ထူးခြားသည့် နေ့ရက်များကို အခြေခံ၍သော်လည်ကောင်း ပြုလုပ်လေ့ရှိသည်။ ယခုအခါ ရွေးကောက်ပွဲမှာ ယခုနှစ် မိုးရာသီ ကုန်လွန်ပြီးနောက် အောက်တိုဘာလ သို့မဟုတ် နိုဝင်ဘာလတွင် ကျင်းပရန် သေချာနေပြီး လောလောဆယ် ပြောဆိုနေသော နေ့ရက်မှာ လှည့်စားခြင်းသက်သက်သာ ဖြစ်ကြောင်းလည်း ဖြစ်နိုင်လေသည်။ ရွေးကောက်ပွဲကို လူတိုင်း ပုံမှန်အလုပ်နားရက်ဖြစ်သော တနင်္ဂနွေနေ့တွင် ပြုလုပ်မည်ဆိုသည်ကတော့ သေချာနေသည်။

ရွေးကောက်ပွဲဥပဒေ ကြေညာသည့် အချိန်အထိ ဖြစ်နိုင်ချေရှိသော နိုင်ငံရေးသမားများ ပါဝင်လှုပ်ရှားရန် အနည်းအကျဉ်းသာရှိပြီး သူတို့၏ အချိန်ကို စောင့်ဆိုင်းနေရန်သာ ရှိသည်။ ထိုအချိန်ထိ ရွေးကောက်ပွဲ များကို မည်သို့မည်ပုံ ကျင်းပမည်ကို မည်သူမျှ မသိရှိနိုင်သလို ပိုမိုအရေးကြီးသည့် မည်သူများ ပါဝင်ယှဉ်ပြိုင်မည်ကိုလည်း မသိနိုင်ဘဲဲ ရှိနေသည်။ တရားဝင်အားဖြင့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ရန် မရှိသေးဘဲ ထိုသို့ ပြုလုပ်ရန် နိုင်ငံရေး ပါတီများ မှတ်ပုံတင်သည့် ဥပဒေများ ထုတ်ပြန်ပြီး ရွေးကောက်ပွဲနှင့် မဲဆွယ်စည်းရုံးမှုများကို ကြီးကြပ်ရန် ရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းပြီးမှသာ ဖြစ်နိုင်လေသည်။

''နိုင်ငံရေးပါတီနဲ့ ရွေးကောက်ပွဲ ဥပဒေများကို နောက်ဆုံးအချိန်အထိ လျှို့ဝှက်ထားလိမ့်မယ်'' ဟု ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးဝင်းမင်းက မဇ္ဈိမကို ပြောသည်။ ''ဖြစ်နိုင်ချေရှိတဲ့ အတိုက်အခံတွေ အားလုံးကို ခြေလှမ်းမှားအောင်နဲ့ စုစည်းချိန်မရအောင် သူတို့ လုပ်ထားလိမ့်မယ်'' ဟု ဆက်လက်ပြောသည်။

ပြီးခဲ့သည့် နောက်ဆုံး ရွေးကောက်ပွဲများ ကျင်းပခဲ့သည့် ၁၉၉ဝ ခုနှစ် မေလ ၂၇ ရက်နေ့ မတိုင်မီ လပေါင်း ၂ဝ စောပြီး ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ခဲ့သည်။

စစ်အုပ်စုခေါင်းဆောင်များက ထိုအမှားမျိုး ထပ်မံမကျူးလွန်ရန် သတိကြီးစွာ ထားနေသည်။ သို့သော် ထိုစဉ်ကထက်စာလျှင် နှစ်ပေါင်း ၂ဝ ဖြတ်ကျော်ပြီးသော ယနေ့ မြန်မာပြည်မှာ လွန်စွာ ကွာခြားသွားခဲ့ပြီ ဖြစ်သည်။ ဖိနှိပ်ချုပ်ချယ်မှု၊ စော်ကားမော်ကားပြုမှုနှင့် စီးပွားရေး ချွတ်ခြံုကျမှုတို့က မြန်မာလူမျိုး အများအပြားမှာ စစ်တပ်အပေါ် စိတ်ရှုပ်ထွေးစေပြီး ပိုမိုဒေါသထွက်လာစေသည်။ သို့သော် ၎င်းမှာ ရွေးကောက်ပွဲတွင် စစ်အစိုးရ ဆန့်ကျင်သော ခိုင်မာသည့် ဆန္ဒမဲများအဖြစ် ပြောင်းလဲသွားမည်၊ မသွားမည်ကတော့ စောင့်ကြည့်ရဦးမည့် သဘောရှိသည်။ ဒီမိုကရေစီလိုလားသူများအတွင်း ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲလျက်ရှိသည်။

''စစ်တပ်က တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားမယ့် ဒီရွေးကောက်ပွဲမှာ ကျနော်တို့ ဘာကြောင့် ဝင်ပြိုင်ရမှာလဲ'' ဟု ပြည်ပရောက် မြန်မာများ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇင်လင်းက မဇ္ဈိမကို ပြောသည်။

''ကျနော်တို့ရဲ့ ခေါင်းဆောင် တော်တော်များများဟာ သူတို့ရဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တွေကြောင့် အကျဉ်းထောင်တွေထဲ ရောက်နေတဲ့ ဒီလိုအချိန်မျိုးမှာ ဘယ်လိုလုပ် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်နိုင်မှာလဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို  သူတို့ဘာသာ ရေးဆွဲပြီး လူတိုင်းကို ပြည်သူ့ဆန္ဒခံယူပွဲမှာ အတင်းအကျပ် ထောက်ခံမဲပေးအောင် လုပ်ပြီး (၂ဝဝ၈ ခု မေလမှာ) ပြဋ္ဌာန်းခဲ့တယ်'' ဟု သူက ဆက်ပြောသည်။

ရွေးကောက်ပွဲများသည် စစ်အစိုးရအတွက် ဒီမိုကရေစီကျသည့် အရပ်သား အုပ်ချုပ်ရေးကို ပြောင်းလဲသည်ဟု ထင်ယောင်ထင်မှားဖြစ်ရန် အသုံးချခြင်းသက်သက်သာ ဖြစ်ကြောင်း အကဲခတ်အများက ယုံကြည်နေကြသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်နေရာ၏ လေးပုံတပုံကို စစ်တပ် အရာရှိများအတွက် သီးခြားဖယ်ထားသည်။ ပြီးခဲ့သည့်နှစ်က အငယ်တန်း အရာရှိများကို စစ်တပ်၏ လွှတ်တော်အမတ်များအဖြစ် ထမ်းဆောင်ရန် နိုင်ငံရေး၊ စီးပွားရေးပညာရပ်များနှင့် ပတ်သက်၍ ၎င်းတို့အတွက် အဆင့်မြင့် အရာရှိသင်တန်းများ၏ တစိတ်တပိုင်းအဖြစ် အထူး သင်တန်းများ ပို့ချခဲ့သည်ဟု စစ်အစိုးရ အသိုင်းအဝိုင်း၏ အဆိုအရ သိရသည်။  အမျိုးသား ကာကွယ်ရေးကောလိပ်ဟု အမည်ရသည့် ထိပ်တန်း စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့ရသည့် အရာရှိတော်တော်များများမှာ လွှတ်တော်သစ်ရှိ နေရာများအတွက် လျာထားလျက်ရှိသည်။

''၂ဝ၁ဝ မှာ ရွေးကောက်ပွဲဟာ အာဏာရှင်တွေအတွက်ပဲ ဖြစ်လိမ့်မယ်။ သူတို့ကိုယ် သူတို့ စစ်ဝတ်စုံချွတ်ပြီး အရပ်သားပုံစံနဲ့ အာဏာဆက်ယူဖို့ ဖြစ်မယ်'' ဟု ထိုင်းနိုင်ငံအခြေစိုက် ဒီမိုကရေစီ လိုလားသည့် အတိုက်အခံ ဦးစိုးအောင်က ပြောသည်။ စစ်အစိုးရ အရာရှိတော်တော်များများက ယခုဖြစ်စဉ်မှာ ရွေးကောက်ပွဲမဟုတ်ဘဲ ရွေးချယ်ပွဲသာ ဖြစ်လိမ့်မည်ဟု သီးခြား ဝန်ခံလေသည်။

''ဒီနှစ်မှာ ရွေးကောက်ပွဲ ရှိတယ်ဆိုပေမယ့် အောင်ဆန်းစုကြည် ဒါမှမဟုတ် သူမရဲ့ ပါတီ ဝင်ပြိုင်သည်ဖြစ်စေ၊ မပြိုင်သည်ဖြစ်စေ အာဏာလွှဲပြောင်းရေးကတော့ ဖြစ်လာစရာ မရှိပါဘူး'' ဟု မြန်မာ့အရေးကို အနီးကပ် လေ့လာနေသော တရုတ်သံတမန်တဦးက ဆိုသည်။  ''အားလုံး အရင်အတိုင်းပဲ။ နိုင်ငံရေး အပြောင်းအလဲ ရှိမှာမဟုတ်ဘူး'' ဟု ထိပ်တန်း တရုတ်အစိုးရ အရာရှိတဦးကလည်း မဇ္ဈိမကို ပြောပြသည်။

၂ဝ၁ဝ အတွက် အာဏာရယူရန် ပါတီများ ဖွဲ့စည်းခြင်းမရှိဘဲ တရားဝင် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခြင်း မရှိသေးသော်လည်း ရွေးကောက်ပွဲနှင့် မဲဆွယ်စည်းရုံးရန်အတွက် စစ်အစိုးရက ပြင်ဆင် နေခဲ့သည်။ စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးသမားများကို စစ်အစိုးရ ကိုယ်စားလှယ်လောင်းကိုသာ ထောက်ခံရန်နှင့် ရန်ပုံငွေ ပံ့ပိုးပေးရန် ညွှန်ကြားထားသည်။ ထို့ကြောင့် အချို့မဲဆန္ဒနယ်များတွင် စီးပွားရေးသမား အချို့အတွက် လျာထားပြီး ငွေကြေး အထောက်အပံ့ကိုလည်း ရယူရန် စီစဉ်ထားသည်။

''ဒီရွေးကောက်ပွဲမှာ ရှုံးလို့မရဘူး'' ဟု မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ထိပ်တန်း စီးပွားရေးသမား တချို့ကို ပြီးခဲ့သည့်နှစ်က ပြောဆိုခဲ့သည်။ ''တကယ်လို့ ရှုံးခဲ့ရင် လွန်ခဲ့တဲ့ နှစ် ၂ဝ ကြိုးပမ်းခဲ့တာတွေ အလကားဖြစ်သွားမယ်'' ဟု ပြောကြောင်း မြန်မာ့စီးပွားရေး အသိုင်းအဝိုင်းနှင့် နီးစပ်သည့် အနောက်တိုင်း သံတမန်များ၏ အဆိုအရ သိရသည်။

ဖြစ်ချင်သောရလဒ် ထွက်ပေါ်လာရေးအတွက် ရွေးကောက်ပွဲများကို အတည်ပြုရန်မှာ စစ်ခေါင်းဆောင်များအတွက် အကြီးမားဆုံး ပြဿနာများဖြစ်သည်။ ရွေးကောက်ပွဲများသာ လွတ်လပ်ပြီး တရားမျှတခဲ့လျှင် ရွေးကောက်ပွဲဝင်မည့်သူများ ထောက်ခံမဲရရန်မှာ ယနေ့ မြန်မာနိုင်ငံတွင် ဖြစ်နိုင်ချေ နည်းနေသည်။ အနည်းဆုံး လက်ရှိ ဝန်ကြီး တဒါဇင်ခန့်ကို ရွေးကောက်ပွဲဝင်ပြိုင်ရန် ဗိုလ်ချုပ်မှူးကြီးက ရွေးချယ်ထားသည်။ ၎င်းတို့မှာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အစိုးရရာထူးမှ နုတ်ထွက်ရလိမ့်မည်။

အဆိုပါ ဝန်ကြီးများမှာ ၎င်းတို့၏ ဝန်ကြီးဌာနများ အဆင်ပြေချောမွေ့နေစေရန် ယခု ဘဏ္ဍာရေးနှစ်၏ အဆုံးဖြစ်သော ဧပြီလအထိ လက်ရှိရာထူးတွင် ရှိနေရမည်ဖြစ်သည်။ ၎င်းတို့ကို စစ်အစိုးရ၏ လက်ရှိ နိုင်ငံပိုင် လုပ်ငန်းများ ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းပေးခြင်းကို သွက်လက်မြန်ဆန်ရန်နှင့် ဝန်ကြီးဌာနများ၏ ငွေစာရင်းများ မှန်ကန်မှုရှိစေရန် ညွှန်ကြားထားသည်။ ရန်ကုန်ရှိ စစ်အစိုးရ ဝန်ကြီးဌာနများမှ ပိုင်ဆိုင်သော ဧက ၁၁ ဝဝဝ ကျော်ရှိသည့် မြေကွက်များနှင့် အဆောက်အဦးများကို ရောင်းချရန်ရှိကြောင်း မြန်မာခေါင်းဆောင်များနှင့် နီးစပ်သည့် အနောက်တိုင်း စီးပွားရေးသမား တဦး၏ အဆိုအရ သိရသည်။

ထိုကာလအတွက် အုပ်ချုပ်ရေးအာဏာသာရှိပြီး ဥပဒေပြုအာဏာမရှိသော ကြားဖြတ်အစိုးရ တရပ်ကို ဖွဲ့စည်းကာ ရွေးကောက်ပွဲ ကျင်းပချိန်အထိ ၆ လတာ အချိန်အတောအတွင်း အုပ်ချုပ်လိမ့်မည်ဖြစ်ပြီး ၎င်းနောက် ရွေးကောက်ခံ လွှတ်တော်သစ် အစည်းအဝေး မစတင်မီ နောက်ထပ် ၆ လခန့်အတွက်လည်း ဖြစ်လိမ့်မည်။ ''အစိုးရအတွက် တနိုင်ငံလုံးက မဲတွေ ရေတွက်ဖို့နဲ့ နောက်ဆုံး ရလဒ်ကို အတည်ပြုဖို့ သီတင်းပတ်ပေါင်းများစွာ ဒါမှမဟုတ် လပေါင်းများစွာ ကြာလိမ့်မယ်'' ဟု မြန်မာပြည်တွင်းရှိ မြန်မာပညာရှင်တဦးက ဆိုသည်။ ထိုကာလမှ မလုံလောက်သေးလျှင် လွှတ်တော်သစ်မှာ အနည်းဆုံး တနှစ်အထိ ကြာမြင့်နိုင်သည်ဟု (လွှတ်တော် ဆောက်လုပ်ရေး) စီမံကိန်းအတွက် အလုပ်လုပ်နေသော မြန်မာဆောက်လုပ်ရေး မန်နေဂျာ ဦးဖေထွန်းက မဇ္ဈိမကို ပြောသည်။

လာမည့် လအနည်းငယ်အတွင်း အစိုးရနှင့် စစ်တပ်အတွင်း အဓိက အပြောင်းအလဲမှာ ဖြစ်ထွန်းလိမ့်မည်။ အစိုးရ အုပ်ချုပ်ရေးယန္တယားကို အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်မည်ဖြစ်ပြီး အစိုးရဝန်ထမ်း အများအပြားမှာလည်း ပင်စင်ယူလိမ့်မည်။ ဝန်ကြီးဌာနများကိုလည်း ခွဲခြမ်းပစ်ပြီး ဝန်ကြီး ၁၇ ဦးသာ ကျန်ရှိလိမ့်မည်ဖြစ်သည်။ နိုင်ငံရေးသမား လုပ်ရန်အတွက် ဝန်ကြီး ၂ ဦးမှာ ရာထူးမှ နုတ်ထွက်ခဲ့ပြီး ၎င်းတို့၏ ဝန်ကြီးဌာနများကို အခြားဌာနများနှင့် ပူးပေါင်းပစ်ခဲ့သည်။ ကျန်ဝန်ကြီးများမှာ မြန်မာနှစ်သစ်ကူးကာလ (သင်္ကြန်) အပြီး ဧပြီလ အလယ်ပိုင်းလောက်တွင် ရာထူးမှ နုတ်ထွက်ပြီး နိုင်ငံရေးသမား ဖြစ်သွားလိမ့်မည်။ ၎င်းတို့အားလုံးမှာ လွှတ်တော် ကိုယ်စားလှယ်အဖြစ် မှတ်ပုံမတင်မီ ပိုင်ဆိုင်သမျှကို ကြေညာရလိမ့်မည်ဟု မြန်မာနိုင်ငံရှိ အစိုးရ အသိုင်းအဝိုင်း၏ အဆိုအရ သိရသည်။

နိုင်ငံရေးပါတီ ဥပဒေကြေညာပြီးနောက် လအနည်းငယ်အတွင်း အခြေခံ လူတန်းစားများအတွင်း စစ်အစိုးရကို ထောက်ခံရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် လွန်ခဲ့တဲ့ ၁၅ နှစ်က ဖွဲ့စည်းခဲ့သော လူထုအဖွဲ့အစည်းဖြစ်သည့် ကြံ့ဖွံ့မှာ ယခုနှစ် ရွေးကောက်ပွဲများတွင် ဝင်ပြိုင်ရန် ပါတီတရပ်အဖြစ် ဖွဲ့စည်းကြောင်း ကြေညာလိမ့်မည်ဟု မျှော်လင့်ရသည်။

လွန်ခဲ့သည့် နှစ်အနည်းက ပါတီ ၃ ရပ် ဖွဲ့စည်းမည်ဟု စီစဉ်ခဲ့သေးသော်လည်း ယခုအခါ ကြံ့ဖွံ့ လက်အောက်တွင် ပါတီတရပ်သာ ဖွဲ့စည်းမည်ဟု စိတ်ချရသည့် မြန်မာသတင်းရပ်ကွက် အဆိုအရ သိရသည်။ စစ်တပ် အသိုင်းအဝိုင်းအဆိုအရ နိုင်ငံရေးလောကသို့ မဖြစ်မနေ ဝင်ရောက်ရမည့် လက်ရှိဝန်ကြီးများမှာ အဆိုပါ ပါတီသို့ ဝင်ရောက်ရလိမ့်မည်။ တစည (တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ) မှာလည်း ခေတ်သစ်၏ အစိတ်အပိုင်း တရပ်အဖြစ် တည်ရှိလိမ့်မည်။ ထိပ်သီးစစ်ဗိုလ်ချုပ်ကြီးက စစ်သားနှင့် အစိုးရ ဝန်ထမ်းများကို တစညသည် စစ်တပ်၏ ညီနောင်ပါတီအဖြစ် သဘောထားရန် ညွှန်ကြားထားကြောင်း စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ဆိုသည်။

လာမည့် လများအတွင်း စစ်တပ်နှင့် အစိုးရအတွင်း အပြောင်းအလဲများ ပေါ်ပေါက်လိမ့်မည်။ အသက် ၆ဝ ပြည့် ပင်စင်ယူရန် ဦးသန်းရွှေက အတင်းအကျပ် စည်းမျဉ်းထုတ်ပြန်သည့်အတိုင်း ထောင်ပေါင်းများစွာ မဟုတ်ခဲ့လျှင် ရာပေါင်းများစွာသော အကြီးတန်း စစ်အရာရှိများကို အနားယူစေပြီး အငယ်တန်း အရာရှိများအတွက် အဆင့်မြင့်ရာထူးများ ရယူရန် စစ်တပ်အတွင်း အပြောင်းအလဲကြီးများ ဖြစ်ပေါ်လိမ့်မည်။ ထိုအချင်းအရာသည် ရွေးကောက်ပွဲများပြီးနောက် ပေါ်ပေါက်လာမည့် ဆက်ဆံရေးသစ်အတွက် အကြီးမားဆုံး ပြင်ဆင်မှု ဖြစ်သည်။

ထုံးစံအားဖြင့် စစ်တိုင်းမှူးများမှာ ဒေသဆိုင်ရာ အရပ်သားအာဏာပိုင်များကို တာဝန်ခံရသည်ဆိုသော်လည်း လွန်ခဲ့သည့် နှစ် ၂ဝ အတွင်း စစ်တပ်၏ အမူအကျင့်မှာ ၎င်းနှင့် ပြောင်းပြန်ဖြစ်သည်။ တချို့ဧရိယာများတွင် ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာ အာဏာပိုင်တို့အကြား လုပ်အားပေးခိုင်းစေမှုနှင့် နိုင်ငံတကာ အလုပ်သမား အဖွဲ့ကြီး၏ လုပ်ပိုင်ခွင့်တို့နှင့် ပတ်သက်၍ အငြင်းပွားမှုများ ရှိနှင့်နေပြီဖြစ်သည်။

အဓမ္မ သိမ်းပိုက်ထားသည့် မြေယာများကို ပြန်ပေးရန် အာဏာတည်သည့် အမိန့်ကို ဆန့်ကျင်၍ ဒေသဆိုင်ရာ တရားရုံးတို့က ဆုံးဖြတ်ပြီး မြေယာ ပြန်လည်အပ်နှင်းခံရသည့် လယ်သမားများကို ပိုင်နက်ကျူးလွန်မှုနှင့် တရားစွဲဆိုခြင်းများ ရှိနေသည်။ ဒေသတခုတွင် ဗဟိုအာဏာပိုင်တို့က တရားမဝင် သိမ်းယူမှုအဖြစ် လက်ခံထားပြီး မြေယာ ပိုင်ဆိုင်ခွင့် ရရှိသည့် လယ်သမား ၆ဝ ကျော်မှာ ထောင်ဒဏ်များ ချမှတ်ခံထားရသည်။ ထိုအချင်းအရာများမှာ နောက်လာမည့် ပြဿနာများ၏ အစအဦးသာဖြစ်သည်။
ယခုနှစ် ရွေးကောက်ပွဲဖြစ်စဉ်မှာ ပဋိပက္ခ္ခနှင့် စိုးရိမ်ပူပန်မှုများ တိုးမြင့်လာမည့်သဘော ရှိလေသည်။ မြန်မာဆရာဝန်များ၏ အဆိုအရ အထူးသဖြင့် ရန်ကုန်တွင် ပြည်သူလူထုအကြား လာမည့် ရွေးကောက်ပွဲများနှင့် ပတ်သက်၍ မသေချာမရေရာမှုကြောင့် စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့စိတ်များ တိုးပွားလျက်ရှိနေသည်ဟု သိရသည်။

အာရှသံတမန်တချို့၏ အဆိုအရ ရွေးကောက်ပွဲရလဒ်ကို ခန့်မှန်းရန် အလှမ်းဝေးလျက်ရှိသည်။ ''ရွေးကောက်ပွဲ အစီအစဉ်က ရှိနေတုန်းဖြစ်ပေမယ့် သတင်းပတ် ကြာလာတာနဲ့အမျှ စစ်အစိုးရအတွက် ရလဒ်ကို မထိန်းချုပ်နိုင်မှာကို ပိုပိုပြီး စိုးရိမ်နေတယ်'' ဟု ရန်ကုန်အခြေစိုက် အာရှ သံတမန်တဦးက ဆိုသည်။

ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ထိန်းချုပ်မှုနှင့် ကန့်သတ်မှုများ တိုးပွားလာမည့်သဘော ရှိနေသည်။ ကုလသမဂ္ဂ ကိုယ်စားလှယ်များနှင့် နိုင်ငံတကာ အကူအညီပေးရေး လုပ်သားများမှာ တနေ့ထက်တနေ့ ပြည်ဝင်ခွင့်ဗီဇာ ရရန်နှင့် ရန်ကုန်မြို့ပြင်သို့ ခရီးထွက်ခွင့် ရရန်မှာ ခက်ခဲလျက်ရှိသည်။ အကြိမ်ကြိမ် ဝင်ထွက်ခွင့် ဗီဇာမှာ အတိတ်တုန်းက အရာသာဖြစ်ကြောင်း အစိုးရမဟုတ်သည့် အဖွဲ့အစည်းတခုမှ ဝန်ထမ်းတဦးက ဆိုသည်။

ဆင်ဆာဖြတ်တောက်မှုနှင့် သတင်းမီဒီယာကို ထိန်းချုပ်မှုမှာလည်း တင်းကျပ်လျက်ရှိသည်။ ပြည်တွင်း စာစောင်များတွင် ရွေးကောက်ပွဲအကြောင်းကို ဖော်ပြခွင့် ရရှိနေသော်လည်း ပါတီများ ဖွဲ့စည်းသည့် အကြောင်းအရာနှင့် ပတ်သက်၍ ပိတ်ပင်ထားသည်ဟု လွတ်လပ်သည့် သတင်းစာစောင်များမှာ အယ်ဒီတာ အများအပြားက ဆိုသည်။

ရွေးကောက်ပွဲမှာ စစ်အစိုးရအတွက် တကယ့် စမ်းသပ်မှုဖြစ်သည်။ သို့သော် အဓိကကျသည့် ကိစ္စရပ်မှာ မြန်မာလူမျိုးများက ရွေးကောက်ပွဲဖြစ်စဉ်ကို မည်သို့ ယူဆသနည်း ဆိုသည့်အပေါ် မူတည်လေသည်။ ''ဒီစစ်အစိုးရ (လူတွေကို)  ကြောက်ရွံ့အောင် အုပ်ချုပ်ထားပေမယ့် (ရွေးကောက်ပွဲ) ရလဒ်ကို စစ်တပ်က အလွန်အကျွံ လှည့်စားတယ်လို့ ယူဆကြရင် အီရန်လို တုံ့ပြန်မှုမျိုး မဖြစ်ဘူးလို့ မပြောနိုင်ဘူး'' ဟု ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသော လူငယ်နိုင်ငံရေးသမား တဦးက ဆိုသည်။ သို့သော် ဖမ်းဆီးခံရမည့် အရေးကြောင့် သူ၏ အမည်ကို ထုတ်ဖော်ပြောဆိုရင် ငြင်းဆန်ခဲ့သည်။


Most read this week